ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်လောက်မှာ အရေပြားရောဂါဖြစ်ပွား၊ ရောဂါကူးစက်မှုအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိ

Published On: September 2nd, 2024|Views: 427|

စက်တင်ဘာ ၁။ ရခိုင်

အထက်ပါဖြစ်စဥ် အတွက် ကုသရန် ဆေးဝါးလုံလောက်မှု မရှိ သောကြောင့် ရောဂါကူးစက်မှုအပေါ် ​  ထိန်းချုပ်နိုင်ခြင်းမရှိ ပဲဖြစ်နေရတယ်လို့သိရ ပါတယ်။

အရေပြားရောဂါအတွက် အဓိကလိမ်းဆေးတွေလိုအပ်နေတာဖြစ်ပြီး လက်ရှိစစ်ရှောင်စခန်းတွေမှာ လာရောက် စစ်ဘေး ရှောင်တဲ့ပြည်သူတွေ များပြားတာကတကြောင်း ၊ ဆေးဝါးမလုံလောက်ခြင်း၊ သောက်သုံးရေမသန့်ရှင်းခြင်း၊အိမ်သာမလုံလောက်ခြင်း၊နေရာထိုင်ခင်းခက်ခဲခြင်း၊အမိုးအကာမလုံလောက်ခြင်း စတဲ့ အခက်အခဲတွေကြောင့် အရေပြားရောဂါကူးစက်မှုပိုများလာရတာဖြစ်တယ်လို့သိရပါတယ်။

Photo: CJ

“ဆေးဝါး က အဆင်မပြေဘူး။ဆေးဝါး အလွန်နည်းပါတယ်။ရှိတဲ့ဆေးကလည်း စျေး တအားကြီးတယ်။တစ်ယောက်ကို တစ်ယောက် ကူးစက်တာကတော့ ကုသစရာ ဆေးမရှိတာရော ၊လူတွေ တအားပြွတ်သိပ်ပြီး နေရတာ နဲ့လဲ ဆိုင်တယ်။အခုဆိုရင် စာသင်ကျောင်းဘုန်းကြီးကျောင်းတွေ မှာ စစ်ရှောင်သူ တွေ ပြွတ်သိပ်နေတယ်။ရေမသန့်တာ၊လေထုမသန့်တာလည်းပါတယ်။” လို့ စစ်ရှောင်တွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။

လက်ရှိ အရေပြားရောဂါ ခံစားနေရတဲ့ စစ်ရှောင်ပြည်သူ ၃၀၀ ကျော်ဆိုတာဟာ ပန်းနီလာ စစ်ရှောင်စခန်းနဲ့ယိုးငူး စစ်ရှောင်စခန်းနှစ်ခုမှ ဖြစ်ပြီး ကျန်တဲ့ အခြားစစ်ရှောင်စခန်းတွေမှာလည်း အရေပြားရောဂါခံစားနေရသူတွေရှိပေမယ့် စာရင်းအတိကျမသိရသေးဘူးလို့သိရပါတယ်။

အရေပြားရောဂါ ဖြစ်ပွားနေသူတွေထဲမှာ ကလေးငယ် တွေပိုများပြီး လူကြီးတွေလည်း ရောဂါဖြစ်ပွားမှုရှိနေကြောင်း ၊အရေပြားရောဂါက ခန္ဓာကိုယ်ရဲ့နေရာအစုံမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။

“ဖြစ်တဲ့ပုံစံကပထမ အရေပြားတွေ ယားယံတာ ဖြစ်တယ်။ယား တာကို ကုပ် ခြစ်လိုက် တော့သွေးစို့လာတယ်။ အဲဒီမှာသွေးနဲ့ ပါလာတဲ့ အရည် တွေက တခြားနေရာတွေ ကို ထိတွေ့တော့ အနာတွေက ပိုပွားလာတယ် ။ မိဘဂရုစိုက်မှု အားနည်းတဲ့ ကလေးတွေဆို ပိုဆိုးတာပေါ့။ ခန္ဓာကိုယ်မှာ ပိုအဖြစ်များတဲ့နေရာတွေက ခြေထောက် နဲ့ နေရောင်ခြည်ထိတွေ့မှုနည်းတဲ့ နေရာတွေ ပါ။” လို့သူကထပ်မံပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ တိုက်ပွဲကြောင့် နေအိမ်ကိုစွန့်ခွာပြီး အရေးပေါ် ထွက်ပြေးလာရတဲ့အတွက် အဝတ်အစားအနည်းငယ်သာပါရှိခြင်း၊ လက်ရှိစစ်ရှောင်နေစဥ်ကာလမှာလည်း အလုပ်လုပ်ကိုင်နိုင်မှုမရှိဘဲ အလှူရှင်တွေနဲ့ စစ်ရှောင်အရေးကူညီသူတွေရဲ့ ကူညီထောက်ပံ့မှုနဲ့သာရပ်တည်နေကြရတာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေမှာ ဇွန်လအစောပိုင်းကတည်းက အရေပြားရောဂါဖြစ်ပွားနေတာ ဖြစ်ပြီး ဆေးဝါးမလုံလောက်မှုတွေကြောင့် ရောဂါကူးစက်သူပိုများလာကာ ၃၀၀ ကျော်အထိရှိလာတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် အရေပြားရောဂါ ဝေဒနါခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိမ်းဆေးတွေအဓိကလိုအပ်နေတယ်လို့သိရပါတယ်။

“စစ်ရှောင်လာတာ ၃ လကျော်ပြီ။အခုကျွန်မတို့ဘာအလုပ်မှလည်းမလုပ်နိုင်ဘူးလေ။ဘုန်းကြီးကျောင်းမှာပဲနေရတယ်။အခုအရေပြားရောဂါ ဖြစ်တော့လည်း ဆေးဝါးက ကျွန်မတို့မဝယ်နိုင်ဘူး။လာပြီးကူညီသူတွေအကူအညီနဲ့ပဲလိမ်းရတာ။အနာကဆေးဆိုလည်း နေ့တိုင်းလိမ်းပြီးသန့်ရှင်းအောင်ထားနိုင်မှ အမြန်ပျောက်တာလေ။အခုကကျွန်မတို့ ခုလိုစစ်ရှောင်နေခွင့်ရတာပဲကျေးဇူးတင်ရမှာပါ။” လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

လက်ရှိမှာ ပုဏ္ဍားကျွန်းမြို့က AA ရခိုင့်တပ်တော်ထိန်းချုပ်သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ရှောင်တွေအတွက်ဆေးခန်းဖွင့်ထားပေမယ့်လည်းအရေပြားရောဂါအတွက်သီးသန့်ကုသပေးတာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေတကျော့ပြန်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ဆေးဝါးတရားဝင်သယ်ယူခွင့်များကန့်သတ်ပိတ်ပင်ထားခြင်း ကုန်စည်သယ်ယူခွင့်များ ကန့်သတ်ထားခြင်းကြောင့်ဆေးဝါးများအဆမတန်စျေးကြီးပြီးပစ္စည်းပြတ်လပ်တဲ့အထိရှိနေတာဖြစ်ပါတယ်။

ပုဏ္ဍားကျွန်းမြို့နယ်ကို AA သိမ်းပိုက်ထားပေမယ့်လည်း ဆေးဝါးတွေ တရားဝင်သယ်ယူခွင့်မရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးတွေလည်း ခက်ခဲတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြည့်အဝမရရှိဘဲ ဆုံးရှုံးနေရတာဖြစ်ပါတယ်။

သတင်းရေးသားပေးပို့သူ = ချစ်ခွန်းချို

တည်းဖြတ်- MyanHealth’s Editorial team

သတင်းရေးသားသူသည် ၂၀၁၂ မှ စတင်ပြီး သတင်းလုပ်ငန်းများကို လုပ်ကိုင်နေသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည်။တိုင်းရင်းသားရေးရာများ၊စိုက်ပျိုးစီးပွားသတင်းများ၊လူမှုဘဝ နှင့် ယဥ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများကိုအဓိကထားရေးသားလျက်ရှိသည်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ