ဆိုးဝါးသောအဖြစ်အပျက်များ ကြုံတွေ့ရပြီးနောက် စိတ်ဖိစီးခြင်း

Published On: October 12th, 2024|Views: 183|
  • By Wor Mithi

Post Traumatic Stress Disorder (PTSD) ဆိုတာ ဆိုးဝါးတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရပြီးနောက် ထိုအဖြစ်အပျက်တွေကိုပဲ ထပ်တလဲလဲ ပြန်လည် မြင်ယောင်နေတာ၊ အိပ်မက်ဆိုးမက်တာ၊ ကြောက်ရွံ့နေတာ၊ စိတ်တိုနေတာ၊ အခြားသူတွေနဲ့ ပြောဆိုဆက်ဆံခြင်း မပြုတော့တာမျိုးတွေ ဖြစ်တတ်တဲ့ စိတ်မကျန်းမာခြင်း တစ်မျိုးပဲဖြစ်ပါတယ်။ အခုဆို မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် PTSD ကို ခံစားနေရတဲ့သူတွေ အတော်များများ ရှိနေကြမှာပါ။

PTSD ဆိုတာ လူမျိုးမရွေး၊ ဘာသာမရွေး ခံစားနိုင်ရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး ဝဋ်နာကံနာ မဟုတ်ပါဘူး။ လက္ခဏာတွေကတော့ ခံစားနေရတဲ့ ဝေဒနာ အနု/အရင့်အပေါ်မူတည်ပြီး ၄မျိုးရှိပါတယ်။ အဲ့တာတွေကတော့

၁) အတိတ်ကအဖြစ်အပျက်များက လွှမ်းမိုးနေခြင်း– တွေ့ကြုံခဲ့ရတဲ့ မနှစ်မြို့ဖွယ်အဖြစ်အပျက်ကို ထပ်တလဲလဲတွေးမိခြင်း၊ လက်တွေ့ပြန်ဖြစ်နေသကဲ့သို့ မြင်ယောင်ခြင်း ၊ ထိုအဖြစ်အပျက်များကို အိပ်မက်ဆိုးအဖြစ်ထပ်တလဲလဲမက်နေခြင်း တို့ဖြစ်ပေါ်နိုင်ပါတယ်။

၂) ရှောင်ကြဉ်ခြင်း – ကြုံခဲ့ရတဲ့အဖြစ်အပျက်ဆိုးတွေကို သတိပေးသလိုဖြစ်နေတဲ့ လူတွေနဲ့ မဆက်ဆံတာ၊ အဖြစ်ဆိုးကြုံခဲ့တဲ့နေရာကို ရှောင်ကြဉ်တာ၊ တစ်ချို့နေရာတွေကို မသွားတာမျိုးတွေဖြစ်လာပါတယ်။ ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို မေ့နိုင်ဖို့ ဘာဖြစ်ခဲ့တယ်၊ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောပြချင်တာမျိုး ဖြစ်နိုင်ပါတယ်။

၃) မှတ်ဥာဏ်နဲ့ စိတ်ခံစားချက်များပြောင်းလဲခြင်း – ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေရဲ့ တစ်ကယ့်ကို ထိခိုက်ခံစားရတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ၊ ခံစားချက်တွေကို မမှတ်မိနိုင်တာဖြစ်နိုင်ပါတယ်။ မိမိကိုယ်ကို ဒီအဖြစ်အပျက်ကြုံခဲ့ရတဲ့အတွက် ရှက်စရာကောင်းတယ်လို့ မြင်မိတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ လိုအပ်ချက်ရှိလို့ ဒီလိုအဖြစ်အပျက်ကြုံတွေ့ရခြင်းဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိနိုင်သလို အခြားသူတွေကို မယုံကြည်တာ၊ အပြစ်တင်တာ၊ အမြဲကြောက်ရွံ့နေတာ၊ အမြဲစိတ်တိုစိတ်ဆိုးနေတာ စတာတွေဖြစ်နိုင်ပါတယ်။ ကိုယ့်အကြိုက်ဆုံးအရာကိုတောင် စိတ်မဝင်စားတော့တာမျိုး၊ ဘာကိုမှ မပျော်ရွှင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ လူကြောက်တာ၊ လူကိုရှောင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၄) တုံ့ပြန်မှုပြောင်းလဲခြင်း – စိတ်တိုစိတ်ဆတ်ခြင်း၊ အလွန်အကျွံတုံ့ပြန်ခြင်း၊ ကန့်လန့်တိုက်ခြင်း၊ လူတွေကို သံသယနဲ့ဆက်ဆံခြင်း၊ ထိတ်လန့်လွယ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။

PTSD ခံစားနေရရင် –

အဖြစ်အပျက်ဆိုး တစ်မျိုးမျိုးကို ကြုံရပြီးနောက် PTSD လက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ အဲ့ဒီအဖြစ်အပျက်ဖြစ်ပျက်ခဲ့တာကို မေ့ပစ်လိုက်မယ့်အစား လက်ခံပြီးတော့ ကိုယ့်ကိုယ်ကို ပြန်လည် ကုစားဖို့ အရေးကြီးပါတယ်။ PTSD ကို သက်သာအောင်ပြုလုပ်ခြင်းဟာ အချိန်ကြာနိုင်ပေမယ့် ဖြည်းဖြည်းချင်း ပြန်ကောင်းနိုင်ပါတယ်။ PTSD ကနေသက်သာအောင် ခံစားနေရသူကိုယ်တိုင်က ပူးပေါင်းပါဝင် ဆောင်ရွက်ရမှာ ဖြစ်သလို မိသားစု၊ ပတ်ဝန်းကျင်နဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကူညီထောက်ပံ့ပေးမှုကလဲ အလွန်အရေးပါပါတယ်။

PTSD ခံစားနေရသူအနေနဲ့ –

  ပြီးခဲ့တဲ့အဖြစ်အပျက်တွေကို ထပ်တလဲလဲတွေးမိနေတဲ့အခါ မှတ်ဥာဏ်တွေသာ ဖြစ်ကြောင်း အချိန်တန်ရင် တစ်ဖြည်းဖြည်း လျော့ပါးသွားမည်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးပါ

  မကောင်းတဲ့မှတ်ဥာဏ်တွေကျန်နေခြင်းဟာ ပုံမှန်ဖြစ်စဉ်ဖြစ်ကြောင်း လက်ခံပါ

  ကိုယ်ယုံကြည်ရတဲ့သူနဲ့ မကြာခဏစကားပြောပါ

  ဘဝတူတွေနဲ့ အတွေ့အကြုံဝေမျှတာမျိုးလုပ်ပေးပါ

  အိပ်မက်ဆိုးတွေကို အိပ်မက်ဆိုးသာ ဖြစ်ကြောင်း သတိပေးပါ

  ညအိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပါ

  ကြွက်သားဖြေလျှော့စေတဲ့ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ရေကူးတာစတာတွေ ပြုလုပ်ပေးပါ

  အာရုံစိုက်နိုင်စေဖို့ တစ်နေ့တာ ဆောင်ရွက်ရန်စာရင်းလုပ်တာမျိုးပြုလုပ်နိုင်ပါတယ်

  စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ဆွေးနွေးကုသပါ*

မိသားစု၊မိတ်ဆွေ၊ အပေါင်းအသင်းတွေအနေနဲ့-

  PTSD ခံစားနေရသူ တိုင်ပင်ပြောဆိုတာတွေကို စိတ်ဝင်တစားနားထောင်ပေးပါ

  ဝေဒနာခံစားနေရတဲ့သူကို ဒီလိုခံစားနေရတဲ့အတွက် လုံးဝအပြစ်မတင်ပါနဲ့၊ လေးစားပေးပါ

  ဘယ်အရာတွေက သူတို့ခံစားချက်တွေ၊ အတွေးတွေကို ပိုဆိုးစေသလဲဆိုတာ လေ့လာပြီး သူတို့ရှေ့မှာ အဲ့ဒီအပြောအဆို၊ အမူအရာ တွေကို မလုပ်မိဖို့ ရှောင်ကြဉ်ပေးပါ

  PTSD ခံစားနေရသူတွေကို ထိတ်လန့်စေမယ့်အရာမျိုး မလုပ်ပါနဲ့

  သူတို့ရဲ့လက္ခဏာတွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့အကူအညီပေးပေးပါ- ဥပမာ စိတ်ဓါတ်ကျနေတာ၊ စိတ်တိုလွယ်တာ၊ အာရုံမစိုက်နိုင်တာ၊ ဆတ်ဆတ်ထိမခံဖြစ်နေတာ

  ဝေဒနာခံစားနေရတဲ့သူကို လိုအပ်တဲ့ ဆွေးနွေးကုသမှုခံယူနိုင်ဖို့ ကူညီပေးပါ*

*လေ့လာမိသလောက်တော့ တယ်လီကျန်းမာ၊ တိုင်ပင်ဖော် စတဲ့ Facebook page တွေမှာ Online ကနေဆွေးနွေးလို့ ရနိုင်ပါတယ်။

 

References

https://www.psychiatry.org/patients-families/ptsd/what-is-ptsd

https://www.mind.org.uk/information-support/types-of-mental-health-problems/post-traumatic-stress-disorder-ptsd-and-complex-ptsd/for-friends-and-family/

https://www.ptsd.va.gov/gethelp/coping_stress_reactions.asp

 

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ