အရေပြားမှိုရောဂါ
- By Wor Mithi
အရေပြားမှိုရောဂါဆိုတာ ကလေးတွေမှာကော လူကြီးတွေမှာပါ မကြာခဏတွေ့ကြုံရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ မှိုရောဂါဟာ ခေါင်းအစ၊ ခြေအဆုံး၊ ခြေသည်းလက်သည်းပါမကျန် ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ဖြစ်တတ်ပြီးတော့ ကလေးတွေမှာတော့ ကလေးသေးလောင်တယ်လို့ ပြောကြလေ့ရှိတဲ့ သေးခံလောင်ခြင်း (diaper rash) ၊ကလေးခေါင်းပေါ်ဂျွတ်တက်တာ၊ ဒက်ထတာတွေကို အတွေ့ရများလေ့ရှိပြီး ခန္ဓာကိုယ်မှာ ပွေးကွက်ထတာ၊ ဗောက်ထတာ၊ လက်ချောင်းခြေချောင်းကြား သဲဝဲစားတာ၊ ခြေသည်းလက်သည်းထဲ မှိုဝင်တာတွေကိုတော့ လူကြီးတွေမှာ ပိုအတွေ့ရများပါတယ်။
မှိုရောဂါပိုးတွေဟာ အကြမ်းအားဖြင့် ပူနွေးစိုစွတ်တဲ့ အခြေအနေကို ကြိုက်တယ်လို့ ယူဆလို့ရပါတယ်။ အဲ့တာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့အခါ၊ ချွေးထွက်များတဲ့အခါ၊ ကလေးတွေမှာဆို သေးခံကို အချိန်အကြာကြီး မလဲပဲထားပေးတဲ့အခါတွေမှာ မှိုရောဂါ ဖြစ်ပွားလာနိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ခြင်းအားဖြင့်လည်း ကူးစက်တတ်တဲ့အတွက် အရေပြားမှိုရောဂါရှိတဲ့သူရဲ့ အဝတ်အစားတွေကို လဲလှယ်ဝတ်ဆင်မိရင်လည်း ကူးစက်နိုင်ပါတယ်။
အရေပြားမှိုရောဂါရဲ့လက္ခဏာအများစုဟာ နီရဲခြင်း၊ အကွက်ထခြင်း၊ ယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း စတာတွေ အတွေ့ရများပြီး ရောဂါတစ်ခုခြင်းစီမှာ အနည်းငယ် ထူးခြားချက်တွေတော့ ရှိပါတယ်။
ကလေးသေးခံလောင်ခြင်း – သေးခံဝတ်ပေးတဲ့အရွယ် ကလေးများမှာ အဖြစ်များဆုံး အခြေအနေတစ်ခုပါ။ ကလေးရဲ့တင်ပါးနဲ့ ပေါင်ခြံတစ်ဝိုက်မှာ အနီပြင် (သို့) အနီစက်/ အနီကွက်နဲ့ အရည်ကြည်ဖုသေးသေးလေးတွေ ပေါ်နေနိုင်ပါတယ်။
ခေါင်းတွင်ဂျွတ်/ဒက်ပေါက်ခြင်း – ခေါင်းမှာ ယားယံပြီး ဗောက်ထသလို အဖတ်အဖတ်တွေ တွေ့ရတတ်ပါတယ်။ ယားလို့ကုတ်မိတဲ့အခါ လက်သည်းက ပိုးမွှားတွေဝင်ပြီး အနာဖြစ်တာတွေ၊ အနာဖေးတတ်တာတွေ၊ ပြည်တည်တာတွေနဲ့ ရောပြီးလဲ တွေ့ရတတ်ပါတယ်။ ဘီး၊ ခေါင်းအုံး၊ ဦးထုပ် စတာတွေကနေ ကူးစက်တတ်တဲ့အတွက် ကျောင်းနေအရွယ်ကလေးတွေမှာ တွေ့ရများလေ့ရှိပါတယ်။
ပွေးကွက် – ကျပ်ပြားဝိုင်းလေးတွေလို အဝိုင်းပုံစံ၊ အနားသတ်ရှိနေတဲ့ အနီပြင်ကြီး စသဖြင့် တွေ့ရတတ်ပါတယ်။ အနာဖေးတွေ၊ ပြည်တည်နာတွေနဲ့ ရောပြီးလဲ တွေ့ရတတ်ပါတယ်။ ယားယံခြင်းအပြင် ပူစပ်ပူလောင် ခံစားရတတ်ပါတယ်။
လက်ချောင်း/ခြေချောင်းကြားမှိုစွဲခြင်း – သဲဝဲစားတယ်လို့ သိလေ့ရှိကြတဲ့ မှိုတစ်မျိုးပါ။ လက်ချောင်း/ခြေချောင်းကြား ယားယံတာ၊ အနာဖြစ်တာ၊ ခြေထောက်အနံ့ဆိုးတာ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာတော့ အတွေ့ရနည်းပါတယ်။ ခြေအိတ်၊ ရှူးဖိနပ် စတာတွေကို ကြာရှည်စွာ ဝတ်/စီးတဲ့အခါ ပိုအဖြစ်များပါတယ်။ ကလေးတွေမှာတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။
လက်သည်း/ခြေသည်းမှိုစွဲခြင်း – လက်သည်း/ခြေသည်းတွေ ကျွတ်ဆတ်လာတာ၊ အရောင်ပြောင်းလာတာ၊ ပုံမှန်ထက် ထူလာတာမျိုးတွေ့နိုင်ပါတယ်။
အရေပြားမှိုရောဂါစွဲကပ်တဲ့အခါ များသောအားဖြင့် အပေါ်ယံလိမ်းဆေးနဲ့ သက်သာနိုင်ပေမယ့် တစ်ခါတစ်ရံ သောက်ဆေးလိုအပ်နိုင်ပါတယ်။ လိမ်းဆေး၊ သောက်ဆေး၊ ခေါင်းလျှော်ရည် စတာတွေအားလုံးဟာ မှိုသတ်ဆေးကို အခြေခံထားတာကြောင့် ဆေးညွှန်းအတိုင်း စနစ်တကျ သုံးစွဲရပါမယ်။ မှိုရောဂါကို အရှင်းပျောက်ကင်းအောင် စနစ်တကျ ကုသတဲ့အခါ တစ်ခါတစ်ရံ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။
အရေပြားမှိုရောဂါကို ကာကွယ်နိုင်ဖို့
-တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ
-ကလေးသေးခံကို ၃-၄ ခြားတစ်ခါလဲလှယ်ပေးပါ (အချို့ပညာရှင်တွေ အကြံပြုချက်အရ နေ့လည်မှာ အကြာဆုံး ၆ နာရီထိထားနိုင်ပြီး ညမှာတော့ ညဝတ်သေးခံအသုံးပြုရင် ၁၂ နာရီကြာထားလို့ရတယ်လို့ဆိုပါတယ်)
-သန့်ရှင်းခြောက်သွေ့တဲ့အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ
-တဘက်၊ စောင်၊ အိပ်ယာ၊ ခေါင်းအုံးစတာတွေရဲ့ မှိုမပေါက်ဖွားနိုင်အောင် အမြဲလျှော်ဖွပ်သန့်စင်ပြီး ခြောက်သွေ့နေအောင် ဆောင်ရွက်ပေးပါ
References
Jain A, Jain S, Rawat S. Emerging fungal infections among children: A review on its clinical manifestations, diagnosis, and prevention. J Pharm Bioallied Sci. 2010 Oct;2(4):314-20. doi: 10.4103/0975-7406.72131. PMID: 21180463; PMCID: PMC2996076.
https://www.judesfamily.com/en/blogs/academy/windeln-wechseln-wie-oft-sollte-ich-mein-baby-wickeln