အေးမြသည့် ဆောင်းရာသီတွင် အအေးမိတုတ်ကွေးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များနိုင်

Published On: December 8th, 2025|Views: 302|

မြန်မာနိုင်ငံရဲ့ အအေးများတဲ့ လတွေဖြစ်တဲ့ နိုဝင်ဘာ ၊ဒီဇင်ဘာ၊ဇန်နဝါရီ၊ဖေဖော်ဝါရီလတွေ မှာ အအေးမိ တုပ်ကွေး နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များနိုင်ပါတယ်။

အအေးပိုတဲ့ အတွက် လူအများ အိမ်တွင်းစုဝေးနေထိုင်တာကြောင့် ဗိုင်းရပ်စ်တွေဟာ လူတစ်ဦးမှ အခြားတစ်ဦးကို ပိုမိုလွယ်ကူစွာ ကူးစက် နိုင်စေနိုင်သလို ရာသီဥတု အေးခြင်းနဲ့ ခြောက်သွေ့တဲ့ လေထုကြောင့် လည်း ရောဂါခုခံနိုင်စွမ်း ကျဆင်းစေပြီး အအေးမိတုတ်ကွေးနဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

 ဒီလို အအေးပိုတဲ့ကာလတွေဟာ ရုံးတွေကျောင်းတွေ ပိတ်ရက်တွေများသလို ပွဲလမ်းသဘင်တွေလည်း ဆက်တိုက်ဆိုသလို ရှိနေတာကြောင့် တခြားကာလတွေထက် လူစုလူဝေး ပိုများတာကြောင့် ရောဂါရှိ သူထံကနေ ကူးစက်ခံရနိုင်ခြေ ပိုများနိုင်ပါတယ်။ ဘယ်လိုကူးစက်နိုင် သလဲဆိုတော့ အနီးတစ်ဝိုက်မှာ အခြားသူ တစ်ဦး ချောင်းဆိုးတာ (သို့မဟုတ်) နှာချေတာ  (သို့မဟုတ်) တံခါးလက်ကိုင်လို ညစ်ညမ်းတဲ့ မျက်နှာပြင်ကို သင် ထိမိတာ ကိုင်မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။

ကူးစက်လာပြီဆိုရင်တော့ နှာရည်ယိုတာ လည်ချောင်းယားယံတာ သာမန်ဖျားတာ ပင်ပန်းနွမ်းနယ်တာ၊ ချမ်းတုန်တာနဲ့ ကိုက်ခဲတာတို့ အပြင် နှာချေ ချောင်းဆိုးတာတွေလည်း ဖြစ်နိုင်ပါတယ်။အဲဒီလို အအေး မိတုတ်ကွေးဖြစ်လာပြီဆိုရင်တော့ အနားယူပြီး အားရှိတဲ့ အရည်ပါတဲ့အစားစာကို စားသောက်သင့် သလို ရေများများသောက်ပေးရမယ့် အပြင် သက်သာစေတဲ့ ဆေးဝါးတွေကိုလည်း‌ သောက်သင့်ပါတယ်။

အအေးမိတုပ်ကွေးရောဂါဖြစ်ပြီဆိုရင်တော့  ရက်အနည်းငယ်ကနေ ရက်သတ္တပတ်ပေါင်းများစွာ အထိဖြစ်ပွား နိုင်ပါတယ်။ ရောဂါလက္ခဏာတွေ စတင် မခံစားရခင် တစ်ရက်မှ စ၍ ရက်သတ္တပတ် တစ်ပတ်ခန့်အတွင်း အခြားသူတွေဆီကို ရောဂါကူးစက်နိုင်ပါတယ်။ အလုပ်ဆက်လုပ်ဖို့ နေပြန်ကောင်းလာပြီဟု ခံစားရပါက၊ နေပြန်ကောင်းလာပြီး တစ်ရက် (သို့မဟုတ်) နှစ်ရက်အတွင်း အလုပ်ကို ပြန်သွားနိုင်ပြီး ပြန်သွားရင်လည်း လက်ကို မကြာခဏ ဆေးကြောပါရမှာဖြစ်ပါတယ်။ ဒါပေမယ့် နှာချေ ချောင်းဆိုး ပျောက်ကင်းတဲ့ထိ အခြားသူတွေနဲ့ အနီးကပ် ထိတွေ့တာကနေ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

ရာသီဥတု အကူးအပြောင်းချိန်မှာဖြစ်တတ် အအေးမိ တုပ်ကွေး သာမန်အအေးမိဖျားနာခြင်းဟာ အလွန် အဖြစ်များပြီး ကျောင်းပျက် ၊ အလုပ်ပျက် အဖြစ်ဆုံး နဲ့ ဆေးကုသခံယူရမှု အများဆုံး ဖြစ်လေ့ရှိပါတယ်။ 

အခုရက်ပိုင်းအတွင်းမှာ ရပ်ကွက်အတွင်းက ဆေးပေးခန်းတွေများ သာမန်ရာသီတုပ်ကွေးကြောင့် လာပြသူတွေများနေသလို လူအများစုမှာလည်း ဆေးရုံဆေးခန်း မပြကြပေမယ့် နှာစေးချောင်းဆိုးတွေ အဖြစ်များနေတာ တွေ့ရတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးကပြောပါတယ်။တချို့ကလည်း ချောင်းဆိုဖျားနာ တာရှည်နေလို့ ဆေးခန်းပြရသူ တွေရှိသလို တချို့ကြတော့ ရက်အနည်းငယ်မှာပဲ ပြန်လည်ပျောက်ကင်း သွားတာတွေရှိတယ်လို့ သူကဆိုပါတယ်။

ဒီရာသီမှာ အအေးမိ တုပ်ကွေး သာမန်အအေးမိဖျားနာတာအပြင် ရုတ်တရက် လေပြွန်ရောင်ရမ်းနဲ့ နမိုးနီးယား အဆုတ်ရောင်တာမျိုးတွေလည်း ဖြစ်ပွားတတ်ပါတယ်။ ရုတ်တရက်လေပြွန် ရောင်ရမ်း တယ် ဆိုတာကတော့  အဆုတ်သို့ လေရှူသွင်း၊ ရှူထုတ်လုပ်သည့် လေပြွန်ကြီး ရောင်ရမ်းလာပြီး ချွဲများ အလွန်အကျွံ ထွက်လာတာ ဖြစ်ပါတယ်။ 

အဲဒီရောဂါဟာ အအေးမိခြင်း (သို့မဟုတ်) တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရနိုင်သလို  ဘက်တီးရီးယား တွေပါတဲ့ လေကို ရှူရှိုက်မိခြင်း ကြောင့် လည်း ဖြစ်နိုင်ပါတယ်၊ အထူးသဖြင့် ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) ဓာတ်မတည့်ခြင်း၊ ထိပ်ကပ်နာ (သို့မဟုတ်) အာသီးရောင်ခြင်း၊ ပသိရောင်ခြင်းတွေ ရှိနေပါက ရုတ်တရက် လေပြွန် ရောင်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ 

အဲဒီလို လေပြွန်ရောင်ပြီဆိုရင်တော့ ဆက်တိုက် ချောင်းဆိုးတာမျိုး ကြုံတွေ့ရနိုင်ပြီး  ချောင်းခြောက်ဆိုးခြင်းနဲ့ စတင်ပြီး မကြာခင်မှာ ချွဲသလိပ်တွေ ပါလာနိုင်ပါတယ်။ ဒါ့အပြင် ကိုက်ခဲနာကျင်ခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူမဝခြင်း၊ မျက်ရည်ယိုခြင်းနှင့် အသက်ရှူ ကြပ်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။ 

နမိုးနီးယားရောင်ဆိုတာကတော့ အဆုတ်မှာ ရောဂါပိုးကူးစက်ခံရပြီး လေအိတ်တွေမှာ ပြည်တွေနဲ့ အခြားအရည် တွေ ပြည့်သွား တာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုရဲ့ သုံးပုံတစ်ပုံကတော့ ဗိုင်းရပ်စ် တွေကြောင့်ဖြစ်ပါတယ်။ ဘက်တီးရီးယား (သို့မဟုတ်) မှိုများကို ရှူရှိုက်မိသောကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ခွဲစိတ်မှု ခံယူထားသူ၊ နာမကျန်းဖြစ်နေသူ၊ အသက်အရွယ်ကြီးလွန်း /ငယ်လွန်းသူတွေနဲ့ ဆေးလိပ်သောက်သုံးသူတွေဟာ  အဆုတ်အားနည်းသူတွေ ဖြစ်တာကြောင့် နမိုးနီယား ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။

အဲဒီ ရောဂါဖြစ်လာပြီဆိုရင် အပျော့စားမှ အသက်ဆုံးရှုံးရနိုင်တဲ့ အထိ ပြင်းထန်နိုင်ပြီး စိတ်ရှုပ်ထွေး တာ၊ ဖျားတာ သလိပ်ပါတဲ့ ချောင်းဆိုးခြင်း၊ ချွေး အလွန်အကျွံထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ အစာ စားချင်စိတ်မရှိခြင်း၊ အသက်ရှူ မြန်ခြင်းနှင့် သွေးခုန်နှုန်းမြန်ခြင်း၊ လှုပ်လှုပ်ရှားရှားလုပ်ရင် အသက်ရှူ ကြပ်ခြင်း၊ ချောင်းဆိုးတဲ့ အချိန် (သို့မဟုတ်) အသက်ပြင်းပြင်းရှူတဲ့ အချိန်မှာ ရင်ဘတ်ကို ဓားဖြင့်ထိုး သလို နာကျင်ခြင်းတို့ ခံစားရနိုင်ပါတယ်။ အဲဒီရောဂါခံ စားရသူတွေဟာ လေကောင်းလေသန့် ရဖို့လိုအပ်ပါတယ်။ 

အခုလိုဆောင်းရာသီအချိန် ဆင်ခြေဖုံးမြို့နယ်တွေမှာ အမှိုက်မီးရှို့တဲ့ ဓလေ့ကြောင့် ညစ်ညမ်းတဲ့ လေထုတွေ ပျံ့နှံ့လေ့ရှိတဲ့အတွက် လေပြွန်ရောင်ရမ်းနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ ခံစားနေရသူတွေ အတွက် သတိပြုရှောင်ရှား ရမှာဖြစ်ပါတယ်။

လေပြွန်ရောင်ရမ်းနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါဟာ အသက်သေဆုံးသည်ထိ ဖြစ်ပွားနိုင်တာ ကြောင့်  ဆေးမြီတိုနဲ့ကုသမှုမပြုလုပ်သင့်၊ နီးစပ်ရာ ဆေးရုံဆေးပေးခန်းသို့ သွားရောက်ကုသ သင့်ပါတယ်။

ရောဂါဝေဒနာတခု ခံစားရပြီဆိုရင် ကာကံရှင်ကိုယ်တိုင်ရော မိသားစုပါ ကရိကထများလှပါတယ်။ ဒါကြောင့် ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုကောင်းမွန်တယ်လို့ ဆိုတဲ့အတိုင်း သတိပြုကုသကာကွယ်နိုင်ပါမှ မိမိနှင့်တကွ မိမိ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတို့ဖြင့် သက်တမ်းစေ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုရာသီအကူးအပြောင်းနဲ့ အေးမြတဲ့ ဆောင်းရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး အအေးမိရောဂါ မဖြစ်စေဖို့  အပြင်ကပြန်လာတာမျိုးနဲ့ အစာစားခါနီး လက်ကို သေချာစွာ ဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် သေချာစွာ ဆေးကြောရပါမယ်။အေးတဲ့ရာသီဥတုဖြစ်လို့ ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေး ထားရပါမယ်။ မိမိအိမ်ကို လေဝင်လေထွက် ကောင်းမွန်စွာ လုပ်ထားရမယ့်အပြင် လူထုထပ်တဲ့နေရာ သွားမယ်ဆိုပါက Mask အုပ်ပြီးသွားသင့်ပါတယ်။တတ်နိုင်မယ်ဆိုပါက တစ်နှစ်တစ်ကြိမ် Flu Vaccine ဆေးမျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးသင့်ပါတယ်။

ဆောင်းရာသီလေက ခြောက်သွေ့တဲ့အတွက် အရေပြားကို အလွယ်တကူ ခြောက်သွေ့ယားယံစေပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းဆေး (Moisturizer) ကို ပုံမှန် လိမ်းရန်လိုအပ်ပြီး လေထုအစိုဓာတ်ပေးစက် (Humidifier) ကို အသုံးပြုသင့်ပါတယ်။ အခန်းထဲမှာ Humidifier လေး ဖွင့်ထားပေးခြင်းအားဖြင့် လေထဲမှာရှိတဲ့ အစိုဓာတ်ကို မြင့်တက်စေပြီး အရေပြားကို ခြောက်သွေ့မှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ရေနှင့် အရည်များများ သောက်ခြင်းက ခန္ဓာကိုယ် အတွင်းပိုင်းမှ အရေပြားအစိုဓာတ်ဖြစ်စေမှုကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ် ယားယံလာပါက ကုတ်ဖဲ့ခြင်းကို ရှောင်ပါ။ ကုတ်ဖဲ့ခြင်းက ရောဂါပိုးဝင်နိုင်ပြီး အရေပြားကို ပိုမိုပျက်စီး စေနိုင် ပါတယ်။

ကိုးကား-  healthline.com, german-medical-journal.eu, Daily Mail Online

ဒီအကြောင်းအရာကို မျှဝေပါ