မြန်မာ့အိမ်နီးချင်းနိုင်ငံအချို့မှာ ဆင်တုပ်ကွေး ပြန့်နေလို့ အမေရိကန် သတိပေး

Published On: December 11th, 2025|Views: 340|

ကိုတင်

ခြင်ကတဆင် ကူးစက်တဲ့ ချစ်ကွန်ဂန်းညာဗိုင်းရပ်စ် (Chikungunya) ကူးစက်မှုတွေ ရှိလာတဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေကို သွားမယ်ဆိုရင် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ရမယ်လို့ အမေရိကန်အစိုးရက သူ့ရဲ့ နိုင်ငံသားတွေကို တရားဝင် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ 

ဒီဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တာကြောင့် အကြောင်းကြောင်းကြောင့် အဲဒီနေရာတွေ ကို သွားရမယ်ဆိုရင် နိုင်ငံထဲကနေ မထွက်ခွာမီ ကာကွယ်ဆေးထိုးရမယ်လို့လည်း ညွှန်ကြားထားပါတယ်။ 

ချစ်ကွန်ဂန်းညာဗိုင်းရပ်ဟာ Aedes Aegypti နဲ့ Aedes Albopictus ခြင်တွေကနေတဆင့် လူတွေကို ကူးစက်တာပါ။ ဒီပိုးကြောင့်ဖြစ်တဲ့ရောဂါကို မြန်မာနိုင်ငံမှာ ဆင်တုပ်ကွေးရောဂါ အနေနဲ့သိကြပါတယ်။ ကူးစက်ခံရပြီဆိုရင် ရုတ်တရက် အပြင်းဖျားတာ၊ အင်အားချိနဲ့တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေ ဖြစ်စေပြီး အနီစက်ထွက်တာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာတွေကိုလည်း ကူးစက်ခံရမှု လက္ခဏာအဖြစ် ပြတတ်ပါတယ်။ 

ဒီလက္ခဏာတွေဟာ ရောဂါပိုးသယ်လာတဲ့ ခြင် အကိုက်ခံပြီး သုံးရက်ကနေ ခုနစ်ရက်အတွင်းမှာ ပေါ် လာတတ်ပါတယ်။ ပိုးကူးစက်ခံရပြီဆိုရင် တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်အကြာမှာ သက်သာပေမယ့် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာအောင် အဆစ်အမြစ် တောင့်တင်းတာ၊ ရောင်ရမ်းတာ စတဲ့ နာကျင်မှုတွေကို ဆက်ဖြစ်စေပါတယ်။ ဒီရောဂါပိုးဟာ ယေဘူယျအားဖြင့် သေဆုံးမှုနှုန်း နည်းတတ်ပြီး ရောဂါလက္ခဏာပြမှုဟာလည်း လူ ၁,၀၀၀ မှာ တစ်ဦးသာ ရှိတတ်ပြီး သီးခြားကုသရတဲ့ နည်းလမ်း မရှိပါဘူး။ 

ဒါပေမဲ့ ဆီးချို၊ ကျောက်ကပ်နဲ့ နှလုံးရောဂါရှိသူတွေ ကူးစက်ခံရရင်တော့ သေဆုံးနိုင်ခြေဟာ ၁၅ ရာခိုင်နှုန်းအထိ မြင့်မားတတ်ပြီး ဗိုင်းရပ်စ်ပိုးကြောင့် တိုက်ရိုက်သေဆုံးရတာထက် နောက်ဆက်တွဲ ကျောက်ကပ်နဲ့ ဦးနှောက်ပျက်စီးတကြောင့် သေဆုံးရတာက ပိုများပါတယ်။ 

တရုတ်နိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က ဖိုရှမ်းမြို့ကနေ စပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်ခဲ့တာ ဖြစ်ပြီး ပထမနှစ်ပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၃,၀၀၀ ကျော်ရှိပြီး သြဂုတ်လကုန်ပိုင်းမှာ ၁၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ 

လတ်တလော ဘင်္ဂလားဒေ့ရှ် ပြည်သူ့ကျန်းမာရေးကတော့ တစ်နိုင်ငံလုံးအနေနဲ့ ရောဂါပိုးကူး ၄,၀၀၀ ခန့် တွေ့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြို့တော် ဒါကာမှာ ၇၈၅ ဦးကျော်၊ စစ်တကောင်းမြို့မှာ တစ်ရက်တည်း ရောဂါပိုးတွေ့သူအသစ် ၃၀ ဦးနဲ့ မြို့တွင်း ကူးစက်မှုပေါင်း ၃,၀၀၀ ကျော်အထိ ရှိနေတာပါ။ 

သီရိလင်္ကာနိုင်ငံ ကိုလံဘို၊ ဂမ်ပဟာနဲ့ ကန်ဒီမြို့မှာလည်း အခုနှစ်ထဲ ဗိုင်းရပ်စ်ပိုး ကူးစက်ခံပြီး အတည်ပြုထားတဲ့ လူနာ အနည်းဆုံး ၁၇၀ ဦးအထိ ရှိတယ်လို့ မှတ်တမ်းတင်ထားပြီး ကူးစက်မှုနှုန်းကလည်း ဆက်မြင့်တက်နေပြီး ပြီးခဲ့တဲ့ ဇွန်လကဆိုရင် အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စု လောင်းအိုက်လန်၊ ဟမ်းစတက်မြို့က အသက် ၆၀ အရွယ် အမျိုးသမီးမှာလည်း အဲဒီဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ နယူးယာက် ကျန်းမာရေးအရာရှိတွေက သံသယဖြစ်ဖွယ် တွေ့ရှိထားပါတယ်။ လက်ရှိမှာ ဒီဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၁၆ နိုင်ငံအထိ ပျံ့ပွားနေပြီး ဒီထဲမှာ ကျူးဘား၊ စင်ကာပူ၊ ပါကစ္စတန်၊ ဘရာဇီးတို့လည်း ပါနေပါတယ်။ 

ချစ်ကွန်ဂန်းညာဗိုင်းရပ်စ်ပိုးဟာ ခြင်အများအပြား ရှိစေတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ပိုပြီး လျင်လျင် မြန်မြန်နဲ့ ပျံ့နှံပြီး ကူးစက်မှုကလည်း မြန်ဆန်များပြားစေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်မှာဆိုရင် ရေစီးရေလာ ကောင်းအောင် လုပ်တာ၊ ပိုးလောက်လန်းစား ငါးတွေကို ကန်တွေထဲ ထည့်တာ၊ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို သီးသန့်ထားတာ၊ ပြန့်နှံ့မှု ထိန်းချုပ်တာတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်တာ မျိုးတွေကို ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားစဉ်က စောင့်ကြည့်တဲ့ ပုံစံအတိုင်း ခေတ်မီနည်းပညာတွေသုံးပြီးဆောင်ရွက်နေပါတယ်။ 

အခု ၂၀၂၅ ခုနှစ်မှာ အဲဒီဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ ရောဂါဖြစ်ပွားသူ အနည်းဆုံး ၄၅၉,၀၀၀ ဦးနဲ့ ဆက်စပ်သေဆုံးသူ ၁၄၆ ဦး ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလ ကူးစက်ခံရသူ ၄၈၀,၀၀၀ ဦး ကို ကျော်လွန်နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ 

ဗိုင်းရပ်စ်ပိုး မကူးစက်ဖို့ဆိုရင် ခြင်ကိုက် မခံရအောင်နေတာ၊ ခြင်မကိုက်ဆေး သုံးတာ၊ ခန္ဓာကိုယ် လုံအောင် လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည် ဝတ်တာ၊ လေအေးပေးစက်ရှိတဲ့ နေရာ၊ ပြတင်းပေါက်နဲ့ တခါးတွေမှာ ခြင်လုံဇကာ တပ်ဆင်ပြီး နေထိုင်တာတို့ လုပ်ဆောင်သင့်ပါတယ်။ 

မြန်မာနိုင်ငံထဲမှာတော့ ချစ်ကွန်ဂန်းညာဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ရောဂါ ဖြစ်ပွားမှု ရှိ၊ မရှိကိုတော့ သက်ဆိုင်ရာက အခုအချိန်အထိ သတင်းထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးက တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။ 

#Chikungunya

#ကူးစက်မြန်

#ခြင်

#ဆင်တုပ်ကွေး

ကိုးကား – ဂျာမန် ဆေးပညာဂျာနယ်၊ ဒေးလီးမေးလ်

ပုံစာ – ဆင်တုပ်ကွေး Chikungunya ဗိုင်းရပ်စ် ကူးစက်ခံရရင် ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ကြိုတင်ကာကွယ် နေထိုင်သင့်တဲ့ ပုံစံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေး ထုတ်ပြန်ထားမှု

ဒီအကြောင်းအရာကို မျှဝေပါ