ဘက်တီးရီးယားပိုး သယ်ဆောင်ထားတဲ့ ကမျဉ်းနီကောင် ကိုက်ခံရတဲ့အခါ
(Dr. Wor Mi Thi ရေးသားသည်)
ကမျဉ်းနီကောင်ဆိုတာ ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့ လှေး/သန်း ပိုးကောင်ဖြစ်ပြီး အထူးသဖြင့်တော့ တောနဲ့နီးတဲ့ နေရာ/ချုံထူတဲ့နေရာတွေမှာ တွေ့ရလေ့ရှိပါတယ်။

ကမျဉ်းနီကောင်ဟာ ပုံမှန်တော့ ကိုက်ရင် ဘာမှမဖြစ်ပေမယ့် ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်တဲ့ Orientia tsutsugamushi ဆိုတဲ့ ပိုးကို သယ်ဆောင်ထားမယ်ဆိုရင်တော့ အကိုက်ခံရပြီးနောက် ၁၀ ရက်လောက်အကြာမှာ Scrub typhus လို့ခေါ်တဲ့ ရောဂါဖြစ်ပွားနိုင်ပြီး ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်နာတာ၊ ပြန်ရည်ကျိတ်(အကျိတ်)တွေ ကြီးလာတာ၊ အနီကွက်တွေထတာ စတဲ့ ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်းထန်လက္ခဏာတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးတာ၊ သတိလစ်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေပျက်စီးခြင်း၊ ကိုယ်ခန္ဓာမှ သွေးယိုစီးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးကို စနစ်တကျ မကုသခဲ့ရင် ဒါမှမဟုတ် ကုသမှုနောက်ကျခဲ့ရင် အသက်သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။
ကမျဉ်းနီကောင်ကိုက်ခံရပြီး ဖျားတဲ့အဖျားဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ပဋိဇီဝပိုးသတ်ဆေး သောက်ကို သောက်ရပါတယ်။ ကမျဉ်းနီကောင်ကိုက်ခံရတာကို ကာကွယ်လို့မရသလို သူ့ကြောင့်ဖြစ်တဲ့အဖျားကိုလည်း ကာကွယ်လို့ မရပါဘူး။ ဒါပေမဲ့ စောစောသိပြီး စနစ်တကျ ကုသမယ်ဆိုရင်တော့ သေချာပေါက် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ကမျဉ်းနီကောင်ဟာ ကိုက်ပြီးတဲ့အခါ ကိုက်ခံရတဲ့နေရာမှာ များသောအားဖြင့် အနက်ရောင်အနာဖေး တက်တတ်ပါတယ်။ တောထဲကပြန်လာပြီး၊ ချုံတွေနားသွားပြီးနောက် ၁ပတ် ၁၀ ရက်အကြာမှာ ဖျားနာလာတယ်ဆိုရင် ကိုယ်ခန္ဓာ ချောင်ကြားပါမကျန် (အမျိုးသားများဆို ကပ္ပာယ်အိတ်အောက်တွေပါမကျန်၊ အမျိုးသမီးများဆိုရင် ရင်သားအောက်တွေပါမကျန်) အနာဖေးလေး ရှာကြည့်နိုင်ပါတယ်။ တခါတရံမှာတော့ အနာဖေးကို ရှာမတွေ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တော/ချုံတွေနဲ့ နီးစပ်တဲ့သူတွေမှာ ဖျားနာတဲ့အခါ ပေါ့ပေါ့တန်တန် မနေဘဲ ကမျဉ်းနီကောင်ကိုက်ခံရခြင်းကြောင့် ဖြစ်တဲ့အဖျားကို ထည့်သွင်းစဉ်းစားပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။
Reference - Scrub Typhus. CDC. https://www.cdc.gov/typhus/about/scrub.html
#Scrub Typhus
#ကမျဉ်းနီကောင်
#ပဋိဇီဝပိုးသတ်ဆေး

