ညာဘက် အူသိမ်စွန်းနေရာ (RIF) မှ နာကျင်မှုနှင့် အူအတက်ရောင်ရောဂါ
(Dr. Yen Bi Ter ရေးသားသည်)
ဝမ်းဗိုက်ရဲ့ အောက်ပိုင်း ညာဘက်ခြမ်းမှာ နာကျင်တာကို ဆေးပညာအရ Right Iliac Fossa (RIF) pain လို့ခေါ်ပြီး လူတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီနေရာနာကျင်မှုက သာမန်အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သလို အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အူအတက်ရောင်ခြင်း (Acute Appendicitis) ဖြစ်နိုင်ပြီး ဒီအခြေအနေဟာ အချိန်နဲ့တပြေးညီ ကုသမှုခံယူဖို့ လိုအပ်တဲ့အတွက် ဘယ်တော့မှ ပေါ့ပေါ့ဆတန် မနေသင့်ပါဘူး။ အူအတက်ရောင်ရောဂါဟာ လူကြီး၊ လူငယ်၊ ကိုယ်ဝန်ဆောင်မရွေး ဖြစ်ပွားနိုင်ပြီး စောစီးစွာသိရှိရင် ကုသရလွယ်ကူပါတယ်။

အူအတက်ရောင်တဲ့အခါ လူနာအများစုဟာ အစပိုင်းမှာ ချက်ပတ်လည်ကနေ စရစ်ပြီးနာတတ်ပြီး နောက်ပိုင်းမှာတော့ ဝမ်းဗိုက်အောက်ပိုင်း ညာဘက်ခြမ်းကို ရွေ့ပြီး ပိုတိုးပြီး နာလာတတ်ပါတယ်။ အူအတက်ရောင်ခြင်းဟာ အူအတက်ပြွန်ချောင်းလေး ပိတ်ဆို့ရာကနေ စတင်တာဖြစ်ပြီး မာကျောနေတဲ့ဝမ်း (မစင်) ကြောင့် ပိတ်တာဖြစ်နိုင်သလို ပိုးဝင်ပြီး ပြန်ရည်ကြောအကျိတ်တွေ ရောင်ရမ်းရာကနေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုပိတ်ဆို့သွားတဲ့အခါ ပိုးတွေပေါက်ပွားပြီး ပိုမိုရောင်ရမ်းလာပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ အစားမစားချင်တာ၊ ပျို့အန်တာ၊ ဖျားတာတွေ ဖြစ်နိုင်သလို လမ်းလျှောက်ရင်၊ ချောင်းဆိုးရင်၊ ဗိုက်ကိုဖိကြည့်ရင် ပိုနာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက အသက်ကြီးတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာတော့ ဒီလိုလက္ခဏာတွေက ပုံမှန်အတိုင်း မပြဘဲ ဝေဝါးနေတတ်ပါတယ်။
ညာဘက်ခြမ်းနာတာက အူအတက်ရောင်တာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဝမ်းချုပ်တာ၊ အစာအိမ်အူလမ်းကြောင်းရောင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ကျောက်ကပ်ကျောက်တည်တာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ညာဘက်သားဥပြွန်မှာ သားတည်တည်တာ၊ ညာဘက် သားဥအိမ်ရေအိတ်တည်တာ၊ ညာဘက် သားဥအိမ်လိမ်တာ စတဲ့မီးယပ်ရောဂါတွေနဲ့လည်း မှားတတ်ပါသေးတယ်။ ဒါကြောင့် ဘာရောဂါလဲဆိုတာ သေချာသိရအောင် ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ရောဂါရှာဖွေတဲ့အခါ ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်စစ်ဆေးတာတွေအပြင် သွေးစစ်တာ၊ အာထရာဆောင်း (Ultrasound) ရိုက်တာ၊ လိုအပ်ရင် CT Scan ရိုက်တာတွေ ပြုလုပ်ပါလိမ့်မယ်။ အကယ်၍ အူအတက်ရောင်တာ သေချာပြီဆိုရင်တော့ အဓိကကုသမှုကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အခုနောက်ပိုင်းမှာတော့ ဗိုက်ကိုခွဲစိတ်ရာကြီးပေးပြီး ခွဲတာမျိုးမဟုတ်တော့ဘဲ အပေါက်သေးသေးလေးတွေဖောက်ပြီး ခွဲစိတ်တဲ့ နည်းပညာ (Laparoscopic surgery) နဲ့ ကုသလာကြတဲ့အတွက် လူနာတွေအနေနဲ့ အနာကျက်မြန်ပြီး အမြန် ပြန်လည် သက်သာလာနိုင်ပါတယ်။
ဒါပေမယ့် အချိန်မီကုသမှုမခံယူရင်တော့ အူအတက်ပေါက်သွားခြင်းကြောင့် ရောဂါပြင်းထန်ပြီး သွေးဆိပ်သင့်တာ၊ အသက်သေဆုံးတာ၊ ဆေးရုံတက်ရက်ကြာမြင့်တာ မျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်ညာဘက်ခြမ်း နာကျင်မှုခံစားရပြီဆိုရင် ရိုးရိုးဗိုက်နာတာပဲဆိုပြီး ပေါ့ဆမနေသင့်ပါဘူး။ အထူးသဖြင့် နာကျင်မှုက ပိုဆိုးလာတာ၊ အဖျားပါလာတာ၊ ပျို့အန်တာတွေ ရှိလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ စောစီးစွာ ကုသမှုခံယူခြင်းက နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပြီး အသက်အန္တရာယ်ကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။
References:
- StatPearls (2024). Appendicitis. NCBI Bookshelf.
https://www.ncbi.nlm.nih.gov/books/NBK493193/
- NICE CKS (2023). Appendicitis – Clinical Knowledge Summary.
https://cks.nice.org.uk/topics/appendicitis/
- WSES Guidelines (2020). Diagnosis and Treatment of Acute Appendicitis.
https://wjes.biomedcentral.com/articles/10.1186/s13017-020-00306-3
