ဆီးချိုရောဂါ အကြိုအဆင့် (Prediabetes) အန္တရာယ်
(Dr. Kyaw Min Htike ရေးသားသည်)
မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ အကြိုအဆင့် (Prediabetes) ဖြစ်ပွားမှုဟာ တစ်နေ့တစ်ခြား တိုးပွား လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေကြား ဆီးချိုရောဂါ အကြိုအဆင့် ဖြစ်ပွားနှုန်းဟာ ၃၀.၀၈% ရှိတယ်လို့ တွေ့ရှိရတယ်။ ဆီးချိုရောဂါ အကြိုအဆင့် ဆိုတာ သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက် မြင့်တက်နေပေမယ့် ဆီးချိုရောဂါအဖြစ် သတ်မှတ်ချက်ထိ မရောက်သေးတဲ့ အခြေအနေကို ခေါ်ပါတယ်။ သွေးတွင်းသကြားဓာတ်အနေနဲ့ပြောရရင် အစာမစားခင်တိုင်းတဲ့အခါ သွေးတွင်းသကြားပမာဏ 100 mg/dL မှ 125 mg/dL ကြားရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ဆီးချိုရောဂါဖြစ်လာနိုင်ခြေ အလွန်မြင့်မားတဲ့ သတိပေးအဆင့်တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ မရှိရင် ဆီးချိုရောဂါအပြင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ရောဂါစတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။

ဆီးချိုရောဂါ အကြိုအဆင့်ဟာ ကာဗိုဟိုက်ဒရိတ်(ထမင်း၊အာလူး၊ဂျုံ စသည်) အများအပြားစားသုံးခြင်း၊ အချိုဓါတ်များသော အစားအစာတွေ အလွန်အကျွံစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ မိသားစုဆီးချိုရာဇဝင်ရှိခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လက္ခဏာအနေနဲ့ များသောအားဖြင့် သိသာထင်ရှားတဲ့ ဝေဒနာတွေ မပြသတဲ့အတွက် လူတွေဟာ အမှုမဲ့အမှတ်မဲ့ နေတတ်ကြပါတယ်။
ဆီးချိုရောဂါ အကြိုအဆင့်ကို စောစီးစွာ သိရှိကာကွယ်ကုသမှုပေးမယ်ဆိုရင် ဆီးချိုရောဂါဖြစ်ပွားမှုကို ၇၀% အထိ နှောင့်နှေးလျော့ပါးစေနိုင်တယ်လို့ သုတေသနတွေအရ သိရပါတယ်။ ကုသမှုအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးခြင်း (သကြား၊ အဆီ၊ အငန်လျှော့စားခြင်း၊ အသီးအရွက်များများစားခြင်း)၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း (တစ်ရက်ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း)၊ ကိုယ်အလေးချိန်ထိန်းခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ လိုအပ်ရင်၊ လက်လှမ်းမီရင် ဆရာဝန်ညွှန်ကြားချက်နဲ့ ဆေးဝါးကုသမှုကိုလည်း ခံယူနိုင်ပါတယ်။
ဆီးချိုရောဂါ အကြိုအဆင့်ဟာ သတိပေးနိမိတ်တစ်ခုဖြစ်ပြီး ဂရုမစိုက်မိရင် ကြီးမားတဲ့ရောဂါတွေကို ဖိတ်ခေါ်နေသလိုဖြစ်နေပါတယ်။ ပုံမှန်သွေးတွင်းသကြားဓာတ်စစ်ဆေးမှု ပြုလုပ်ခြင်းအားဖြင့် ဆီးချိုအကြိုအဆင့်ကို သိနိုင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပုံမှန်လိုက်နာ လုပ်ဆောင်ခြင်းအားဖြင့် ဆီးချိုရောဂါအထိ မဖြစ်ပွားအောင် ကာကွယ်နိုင်ကြောင်း အသိပေးရေးသားလိုက်ရပါတယ်။
References
- Kyaw Min Htike, Hyoeui Jeong, Krittiyanee Thammasarn (2025). Sociodemographic and health related factors associated with type 2 diabetes mellitus among middle-aged adult and elderly in Yangon, Myanmar. International Journal of Public Health Asia Pacific (IJPHAP), 4(8).
- Alvarez S, Coffey R, Mathias PM, et al. Prediabetes. [Updated 2023 Jul 17]. In: StatPearls [Internet]. Treasure Island (FL): StatPearls Publishing; 2025 Jan-. Available from: https://www.ncbi.nlm.nih.gov/sites/books/NBK459332/
