စာရေးသူ – သိမ့်
မတ်လ လကုန်ပိုင်းကစပြီး ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ မြန်မာနိုင်ငံကမြို့တွေ ဆက်တိုက်ပါဝင်လာတာကို တွေ့ရပါတယ်။ ဧပြီလဆန်းပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ အနည်းဆုံးမြို့ကြီး ရှစ်မြို့က ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ရဲ့ စာရင်းထဲမှာ နေ့စဥ်ဆက်တိုက်ကို ရောက်ရှိလာခဲ့ပါပြီ။ အဲ့ဒီလိုနေ့အပူချိန်တွေ တက်လာတာနဲ့အမျှ Heat Stoke ကြောင့် လူသေဆုံးမှုတွေလည်းရှိလာသလို မူးလဲတဲ့သူတွေ၊ အပူချိန်တက်လို့ ရေဓာတ်ခန်းခြောက်တာကို ကြုံရတဲ့သူတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့အတော်တော်များများမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့အထက် ရှိလာတဲ့အချိန်မှာတော့ နေပူတဲ့ဒဏ်ကို တော်တော်များများခံစားနေရပြီဖြစ်ပါတယ်။ အဲ့ဒီလိုအပူချိန် မြင့်တက်နေတာတွေနဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီးက လှုပ်ရှားသွားလာနေတဲ့သူတွေရဲ့ စကားသံအချို့ကို မျှဝေလိုက်ပါတယ်။

ဒေါက်တာ သန်းနိုင်စိုး
ကျန်းမာရေးဝန်ကြီးဌာန
ဒုတိယညွန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)
ကျွန်တော်တို့အနေနဲ့ အပူရှိန် နဲ့ပတ်သက်ပြီး လက်ကမ်းစာစောင်တွေ ပိုစတာတွေနဲ့ ပြည်သူလူထုကိုအသိပညာပေးတာတွေ လုပ်ဆောင်နေတယ်။ အခုဆို သင်္ကြန်ကာလအတွက် ရှောင်ရန်ဆောင်ရန်တွေပါ ထုတ်ပြန်ထားတာပေါ့နော်။ များသောအားဖြင့် ပြင်းထန်တဲ့အပူချိန်အောက်မှာဆို အပြင်ကို လုံးဝမထွက်သင့်ဘူး။ ဒါပေမဲ့ မဖြစ်မနေ ထွက်ရတဲ့သူတွေ အလုပ်လုပ်ရတဲ့သူတွေရှိတာပေါ့နော်။ အပြင်ကို ထွက်မယ်ဆို နေကာမျက်မှန်၊ ထီး အစရှိတာကို ဆောင်းသွားသင့်တယ်။ UV ကလည်း များနေတဲ့အချိန်ဆိုတော့ UV အကာအကွယ်ဖြစ်မယ့် အရာတွေကိုလည်း ဆောင်ရမယ်။ မျက်မှန်ကိုလည်း ဆောင်ရတာက အတွင်းတိမ်ဖြစ်တာကနေ အကာအကွယ်ပေးတယ်။ နောက်ပြီး ကားမောင်းတဲ့သူတွေဆိုရင်လည်း အဲကွန်းကောင်းဖို့လည်း အရေးကြီးသလို လေဝင်လေထွက်ကောင်းဖို့လည်း အရေးကြီးတယ်။ ဆီတန်းစီမယ်ဆိုရင်လည်း ရေနဲ့ ဓာတ်ဆားကို ဆောင်သွားသင့်တယ်။ ရေနဲ့ဓာတ်ဆား ကိုမကြာခဏသောက်ပေးရမယ်။ ခန္ဓာကိုယ်မှာ ချွေးထွက်များရင် ရေဓာတ်ဆုံးရှုံးတယ်။ အဲ့ဒီအတွက် ရေကိုများများသောက်ပေးရမယ်။ နောက်တခုက ဓာတ်ဆားရည်ပေါ့။ ချွေးထွက်များလို့ ဆုံးရှူံးသွားတဲ့ ဆိုဒီယမ်လို ဓာတ်မျိုးတွေရအောင် ဓာတ်ဆားရည်လည်း သောက်ရမယ်။ အပူနဲ့ တိုက်ရိုက်မထိအောင် နေရမယ်။ အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ ကင်ဆာလို ခုခံအားနည်းတဲ့ရောဂါတွေရှိတဲ့သူတွေ အပြင်ကို မထွက်သင့်ဘူး။ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေလည်း အပြင်မထွက်သင့်ဘူး။ လမ်းလုပ်သားတွေဆိုရင် အပူကာပစ္စည်းတွေ ဝတ်ထားတော့ ချွေးထွက်များတယ်။ သူတို့ဆို ရေရော ဓာတ်ဆားရော နှစ်မျိုးလုံး သောက်ဖို့လိုအပ်တယ်။ ပြီးတော့ နေပူထဲမှာ တောက်လျှောက်အလုပ်မလုပ်သင့်ဘူး။ အလုပ်လုပ်လိုက် နားလိုက်လုပ်သင့်တယ်။ အပူချိန်ပြင်းထန်နေတဲ့အချိန်မှာတော့ အလုပ်လုပ်တာကို ရှောင်ရှားသင့်တယ်။ နေပူချိန်ပြင်းတဲ့အချိန်တွေမှာပေါ့။ ပြောချင်တာကတော့ ကျန်းမာရေးဝန်ကြီးဌာနက အပူရှိန်နဲ့ ပတ်သက်ပြီးထုတ်ပြန်တဲ့ ကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန် သတင်းအချက်အလက်တွေကို ဂရုစိုက် နားထောင်ပေးပါ။
ကိုငြိမ်းသူမင်း
(အဌားယာဥ်မောင်းနှင်သူ)
အခုကနေကတော်တော်ပူလာတော့ ကားသိပ်မမောင်းနိုင်ကြဘူး။ နေ့ခင်း ၁၂ နာရီကျော်လာပြီဆို တက်စီသမားတွေစုပြီး လဘက်ရည်ဆိုင်ထိုင်တာတို့ဘာတို့လုပ်တယ်။ တချို့ကျတော့လည်း အိမ်ပြန်နား ကြတယ်။ တချို့ကျတော့လည်း အိမ်ပြန်ရမှာဝေးရင် အရိပ်ကောင်းတဲ့နေရာမှာ နားကြတယ်။ တက်စီက အထဲမှာ အဲကွန်းဖွင့်ထားရင် ခရီးသည်က ဆင်းသွားတဲ့အချိန် မောင်းတဲ့သူက အပြင်ကို မထွက်ရဲဘူး။ အပြင်မှာက အပူချိန်တက်နေတော့ ဦးနှောက်သွေးကြောပြတ်တာတို့ ဖြစ်တတ်တယ်။ ရေအေးလည်းမသောက်ရဲဘူး။ ကားထဲက ထွက်ချင်ရင် တောင် အထဲမှာ အဲကွန်းပိတ်ပြီး ခဏနေရတယ်။ ပြီးတော့မှ အပြင်ထွက်ရတာ။ နောက်ပြီး ကားမောင်းနေရတော့ ခါးနာတာဖြစ်တယ်။ ပြီးရင်ကျောက်ကပ်ထိတယ်။ အသိတယောက်တောင် ကျောက်ကပ်ထိသွားလို့ ကားမမောင်းနိုင်ဘူး။ သူ့သားကို တခြားအဌားကားနဲ့ ကျောင်းပို့နေရတာ။ အခုက ဆီတန်းစီနေရတာဆိုတော့ ပိုဆိုးတယ်။ ဆီတန်းစီတာဆိုတော့ အဲကွန်းလည်း ဖွင့်လို့မရဘူး။ အဲကွန်းဖွင့်ရင် ရတဲ့ဆီနဲ့ မကာမိဘူး။ အဲကွန်းပိတ်ပြီး နေပူထဲတန်းစီရတော့ ဘယ်လိုမှအဆင်မပြေဘူး။ ကားကလည်း တဘီးချင်းလှိမ့်နေရတာ။ တချို့ကားသမားတွေ ဆီတန်းစီပြီးရင် မမောင်းနိုင်ကြတော့ဘူး။ နောက်ပြီး အဌားကားမောင်းတဲ့သူအများစု သက်ကြီးပိုင်းတွေများတယ်။ အခုနေပူဒဏ်နဲ့ သူတို့ဘယ်လိုမှ မခံနိုင်ဘူး။ မခံနိုင်ပေမယ့်လည်း ပိုက်ဆံက ရှာရသေးတော့ မတတ်နိုင်ဘူး မောင်းနေရတာပဲ။ နေကလည်းပူ ဆီတန်းစီရတာလည်း နေ့တဝက်ကုန်ဆိုတော့ တော်တော်များများ မမောင်းနိုင်ကြဘူး။ မောင်းရင်လည်း သတိထားပြီး မောင်းနေရတယ်။
ဦးထွန်းထွန်းဦး
ဥက္ကဌ
(ရန်ကုန်တိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့ )
အခုကာလကတော့ Heatstock ကြောင့် လူတွေကို ကူညီနေရတာတွေရှိတယ်။ အဓိက ဆီတန်းစီရင်းနဲ့ ဖြစ်ကြတာပေါ့။ နေ့လည်ပိုင်း နေပူပြင်းတဲ့အချိန်တွေမှာ ကူညီရတာတွေရှိလာတယ်။ အရေအတွက်အများကြီးတော့ မဟုတ်သေးဘူး။ ပြီးတော့ နေ့လည်ဆီတန်းစီပြီး အိမ်ပြန်ရောက်တော့ အသက်ရှုကြပ်လာလို့ ကူညီကယ်ဆယ်ရေးလုပ်ရတာတွေလည်း ရှိတယ်။ အခုက နေကတော်တော်ပူတော့ အပြင်ထွက်မယ်ဆိုရင် ထီးတို့ အရောင်ဖျော့တာတို့ ဝတ်သင့်တယ်။ ဒါပေမဲ့ တချို့ကျတော့လည်း နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေရှိတော့လည်း ရှောင်လို့မရတာတွေရှိတာပေါ့။ ရေကိုတော့ များများသောက်သင့်တယ်။ ပုံမှန်ထက် အနည်းဆုံးတစ်ရက်ကို လေးငါးလီတာလောက် သောက်သင့်တယ်။ အင်္ကျီဆိုရင်လည်း ချည်သားတွေ ဝတ်သင့်တယ်။ အရောင်ဆိုရင်လည်း အဖြူလိုဟာမျိုးပဲ ဝတ်သင့်တယ်။ အမည်းရောင်တို့ အပြာရောင်တို့ကို ရှောင်သင့်တယ်။ ဒီအရောင်တွေကျတော့ အပူကိုစုပ်တာဆိုတော့ အဆင်မပြေဘူး။ ကျွန်တော်တို့ လူမှုကယ်ဆယ်ရေး လုပ်တဲ့သူတွေအတွက်ကျတော့လည်း နေပူကို သတိထားရတယ်။ လူနာတင်ကားတွေကို အရိပ်ထဲမှာ ထားရတယ်။ ကားအခန်းထဲမှာ အပူရှိန်မတက်အောင်ပေါ့။ ပြီးတော့ အဲကွန်းကို မဖွင့်တော့ဘူး။ တခုလည်းကောင်းတယ်။ ဆီစျေးရော ဆီဝယ်ရတာရော နည်းနည်းခက်နေတော့ အဲကွန်းလည်းဖွင့်ဖို့အဆင်မပြေတော့ဘူး။ အခုကျတော့ ကားတော်တော်များများကို မှန်ဖွင့်ပြီး မောင်းရတယ်။ အသင်းကလူတွေကိုလည်း အရောင်ဖျော့တဲ့ အင်္ကျီဝတ်ခိုင်းရတယ်။ ရေကို များများသောက်ခိုင်းရတယ်။ ပူလိုက်အေးလိုက် ချက်ချင်းမဖြစ်အောင် နေရတယ်။ ပူလိုက်အေးလိုက်ဆိုရင် လူမှုကူညီရေးလုပ်နေတဲ့သူတွေအတွက်က ကျန်းမာရေးကို ထိခိုက်တယ်။ ကိုယ်က ကူညီမယ့်သူ ကိုယ့်ကို ပြန်ကူနေရမယ့် အခြေအနေဖြစ်သွားနိုင်တော့ အပြင်မှာ လူနာသွားကောက်ရင် သတိထားလုပ်ရတယ်။
မမြင့်မြင့်အေး
( အိမ်သုံးဂက်စ် ရောင်းဝယ်ရေးလုပ်ကိုင်သူ)