ရေးသူ – တင်ဇာအောင်
လက်ဖက်ရည်အဖန် သောက်လျှင်ဖြင့် ကျက်သရေ အမှန် ရောက်ပေလိမ့် ကြံသလောက် ပြီးတဲ့ ရည်”ဆိုသည့် ကုန်းဘောင်ခေတ်စာဆိုအကျော်အမော် စလေဦးပုည ညွှန်းဆိုဖွဲ့သီမှုမှာ လွန်မည်မထင်။ မြန်မာ့အိမ်နီးချင်းနိုင်ငံများမှနေ၍ ကမ္ဘာ့ထိပ်သီးနိုင်ငံအများအပြားအထိ လက်ဖက်ရည်ဝိုင်း ယဉ်ကျေးမှုမှာ ခေတ်အဆက်ဆက် အားကောင်းမောင်းသန် စီးဆင်းလျက်ရှိဆဲပင်။

လက်ဖက်၏ မူလအစမှာ လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ ခန့်က တရုတ်ပြည်မှ စတင်ခဲ့သည်ဟု အဆိုရှိကြပြီး ဒဏ္ဍာရီအရ တရုတ်ဧကရာဇ် ရှန်နွန် (Shen Nung) သည် တောအုပ်တစ်ခုတွင် နားနေစဉ် ရေနွေးအိုးထဲကို တောလက်ဖက်ရွက်တချို့ မတော်တဆ လွင့်စင်ကျလာရာက ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ ရနံ့နဲ့ အရသာကို နှစ်သက်မိရာမှ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်း အလေ့အထ စတင်ခဲ့သည်ဟု ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ ပုဂံခေတ် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်စဉ် ဇယားသီး (လက်ဖက်သီး) ကို ရရှိခဲ့ပြီး ပလောင်တောင်တန်းဒေသတွေမှာ စတင်စိုက်ပျိုးစေခဲ့ရာကနေ မြန်မာ့လက်ဖက်ယဉ်ကျေးမှု ထွန်းကားလာခဲ့ခြင်း ဖြစ်ပါတယ်။ အချို့သော သမိုင်းအထောက်အထားများအရ မြန်မာနိုင်ငံသို့ လက်ဖက်စတင်ရောက်ရှိချိန်ဟာ အလောင်းစည်သူမင်းကြီးထက် စောနိုင်သည်ဟုလည်း ယူဆကြတာ လည်းရှိပါတယ်။ မြန်မာတို့ရဲ့ လူနေမှုစနစ်မှာ “စားတော့ လက်ဖက်၊ သောက်တော့ ရေနွေး” ဟူသော စကားပုံနှင့်အညီ လက်ဖက်ဟာ ယဉ် ကျေးမှုအရသော်လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း အလွန် အရေးပါတဲ့ သဘာဝလက်ဆောင်တစ်ခု ဖြစ်ပါတယ်။ မြန်မာတို့၏ နေ့စဉ်ဘဝနှင့် မကင်းနိုင်သော လက်ဖက်ဟာ လက်ဖက်စိမ်း (Green Tea)၊ လက်ဖက်ခြောက် (Black Tea) နှင့် မြန်မာ့ရိုးရာ အနှပ်လက်ဖက် စသည် ဖြင့် ပုံစံအမျိုးမျိုးပြီးအရသာထူးကဲရုံသာမက ကျန်းမာရေးအတွက်လည်း ခန္ဓာကိုယ်ကို ကောင်းကျိုးပြုသည့် ဓာတ်ပေါင်းများစွာ ပါဝင်တယ်ဆိုတာရော သိကြပါရဲ့လား။
လက်ဖက်ခြောက်ဆိုတာ Camellia sinensis အပင်ရဲ့ အရွက်နုတွေကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ပြုပြင်ပုံနည်းစနစ်အပေါ် မူတည်ပြီး လက်ဖက်စိမ်း (Green Tea) အရွက်ကို လတ်လတ်ဆတ်ဆတ် အပူပေးပြီး အခြောက်ခံတာဖြစ်လို့ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) အကြွယ်ဝဆုံးဖြစ်ပါတယ်။
လက်ဖက်ခြောက်မည်း (Black Tea) ကတော့ လက်ဖက်အရွက်ကို အောက်ဆီဂျင်နဲ့ ထိတွေ့စေပြီး (Fermentation) အချဉ်ဖောက်၊ အခြောက်ခံထားခြင်းဖြစ်ပြီး အရသာ ပိုမိုပြင်းရှသလို ကဖင်းဓာတ်လည်း ပိုများတတ်ပါတယ်။ အူလုံလက်ဖက် (Oolong Tea) ကတော့ လက်ဖက်စိမ်းနဲ့ လက်ဖက်ခြောက်မည်း ကြားက အဆင့်ဖြစ်ပြီး တစ်ပိုင်းတစ်စ အချဉ်ဖောက်ထားတာမျိုးပါ။ White Tea ကတော့ ခေါင်လက်ဖက်ညှောင့်လေးတွေကိုသာ အနည်းငယ် ပြုပြင်ထားတာဖြစ်ပြီး အရသာ အလွန်နူးညံ့ပါတယ်။
ရေနွေးကြမ်းမှာ Polyphenols နှင့် Catechins လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်းက ဆဲလ်ပျက်စီးမှုကို ဟန့်တားပေးပြီး ရောင်ရမ်းမှုတွေကို လျှော့ချပေးတာမို့ ကင်ဆာ၊ ဆီးချိုနဲ့ နှလုံးရောဂါလို နာတာရှည်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။ အထူးသဖြင့် လက်ဖက်စိမ်း (Green Tea) မှာ ပါဝင်တဲ့ EGCG ဓာတ်ဟာ ရောင်ရမ်းမှုကို တိုက်ဖျက်ရာမှာ အလွန်ထိရောက်ပါတယ်။ ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်က သက်ရှည်ကျန်းမာစွာ နေထိုင်သူများဟာ လက်ဖက်စိမ်းကို နေ့စဉ် ပုံမှန်သောက်သုံးလေ့ရှိတယ်လို့ သုတေသနပြုချက်တွေက ဆိုပါတယ်။
လက်ဖက်ခြောက်မည်း (Black Tea) နဲ့ လက်ဖက်စိမ်းကို ပုံမှန်သောက်သုံးခြင်း၊ စားသုံးခြင်းဟာ ကိုလက် စထရော ပမာဏကို လျော့ကျစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ ထို့ကြောင့် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးသလို နှလုံးရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။ သွေးအတွင်းက မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျှော့ချပေးနိုင်ပြီး သွေးကြောပိတ်ဆို့မှုကိုလည်း ကာကွယ်ပေးတာမို့ နှလုံး ရောဂါဖြစ်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေကို သိသိသာသာ လျော့နည်းစေတယ်လို့လည်း ဆေးပညာရှင်တွေက ဆိုကြပါတယ်။ European Journal of Preventive Cardiology ရဲ့ လေ့လာဆန်းစစ်မှုတစ်ခုအရ တစ်ပတ်ကို လက်ဖက်ရည် သုံးခွက်ထက် ပိုသောက်သူတွေမှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်ကနေ ၂၀% လောက် လျော့ကျပါတယ်။ အထူးသဖြင့် လက်ဖက်ခြောက်မည်း (Black Tea) တွင် ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တာမို့ Type (2) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။
ရေနွေးကြမ်းဟာ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို မြှင့်တင်ပေးပြီး အဆီလောင်ကျွမ်းမှုကို အားပေးသည်။ လေ့လာမှုများအရ တစ်နေ့လျှင် လက်ဖက်စိမ်း ၂ ခွက်ကနေ ၆ ခွက်လောက် သောက်သုံးတာဟာ ကိုယ်တွင်းအဆီဓာတ်နဲ့ ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ လက် ဖက်ထဲပါတဲ့ EGCG နှင့် ကဖင်းဓာတ်ပေါင်းစပ်မှုဟာ အပူထုတ်လုပ်မှု (Thermogenesis) ကို တိုးစေပြီး အဆီဓာတ်ကို စွမ်းအင်အဖြစ် ပိုမိုသုံးစွဲစေလို့ ဖြစ်ပါတယ်။ ရေနွေးကြမ်းမှာ ပါတဲ့ ကဖင်း (Caffeine) နဲ့ L-theanine တို့ကတော့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ကော်ဖီလိုမျိုး တုန်တုန်ရင်ရင် မဖြစ်စေဘဲ စိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်တဲ့အပြင် ချမိုမိုင်း (Chamomile) လိုမျိုး လက်ဖက်ရည်လည်း စိတ်ဖိစီးမှုကို လျှော့ချပေးသလို အိပ်ပျော်ဖို့ကို ကူညီပေးပါတယ်။ BMJ ဂျာနယ်က ဖော်ပြတဲ့ လူပေါင်း တစ်သန်းကျော် ပါဝင်တဲ့ သုတေသနတစ်ခုအရ တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၄ ခွက်သောက်သူများဟာ Type 2 ဆီးချို ဖြစ်နိုင်ခြေကို ၁၀% လောက်အထိ လျော့ကျပါတယ်။
လက်ဖက်ဟာ ကောင်းကျိုးများစွာ ရှိပေမယ့်လည်း အလွန်အကျွံ စားသုံးတာ၊ သောက်သုံးတာမျိုးကို ဆင်ခြင်သင့်ပါတယ်။ ကျန်းမာရေးအတွက် အကောင်းဆုံးကတော့ လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်း (သို့မ ဟုတ်) သကြားမပါသော လက်ဖက်စိမ်းကို ပုံမှန်သောက်သုံးခြင်းပင် ဖြစ်ပါတယ်။ မြန်မာတို့ အစားအသောက်စားပြီးတိုင်း လက်ဖက်ရည်ကြမ်း သောက်လေ့ရှိခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ရေနွေးကြမ်းတွင် ပါဝင်တဲ့ Flavonoids ဓာတ်ဟာ သွေးကြောတွေကို ကျယ်စေသလို သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သွေးအတွင်းက ကိုလက်စထရော ပမာဏကို လျှော့ချပေးနိုင်သဖြင့် သွေးတိုးရောဂါနှင့် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်မှာ ဖလိုရိုက် (Fluroide) ဓာတ်ပါတာကြောင့် သွားပိုးစာတာကို ကာကွယ်ပေးသလို ခံတွင်းထဲက ဘက်တီးရီးယားကိုလည်း သေစေတာမို့ ခံတွင်းနံ့ နံတာကိုပါ သက်သာစေပါတယ်။
ရေနွေးကြမ်းမှာပါတဲ့ L-theanine ဓာတ်ဟာ စိတ်ကို တည်ငြိမ်လန်းဆန်းစေတဲ့ အာနိသင်ရှိပြီး ရေနွေးပူ ပူတစ်ခွက်ကို ဖြည်းဖြည်းချင်း သောက်ပေးမယ်ဆိုရင် အာရုံကြောတွေ ပြေလျော့စေသလို စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ အာရုံကြောဆိုင်ရာ L-theanine ဓာတ်ဟာ ဦးနှောက်ထဲက GABA၊ dopamine နဲ့ serotonin အဆင့်တွေအပေါ် သက်ရောက်မှုရှိစေပြီး စိတ်ဖိစီးမှု လျှော့ချတာ၊ အိပ်စက်မှုအရည်အသွေးကောင်းမွန်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်ရေနွေးကြမ်း သောက်သုံးသူတွေဟာ သက်တမ်းစေ့ နေထိုင်နိုင်ခြေ ပိုများပြီး သတိမေ့လျော့ရောဂါ (Dementia) ဖြစ်တာကိုလည်း လျှော့ချပေးတယ်လို့ ဟားဗတ်တက္ကသိုလ်လိုမျိုး အဖွဲ့အစည်းတွေရဲ့ လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ ရေနွေးကြမ်း ပုံမှန်သောက်တာဟာ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဆီးကတစ်ဆင့် စွန့်ထုတ်နိုင်ဖို့ ကူညီပေးတဲ့အပြင် အသားအရေကို ကြည်လင်စေသလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း သန့်စင်စေပါတယ်။
ကျန်းမာရေးအတွက် အကောင်းဆုံးကတော့ လက်ဖက်ခြောက်ကို ၅ မိနစ်ထက် ပိုမနှပ်ဖို့နဲ့ တစ်နေ့ ၃ ခွက်ကနေ ၅ ခွက်ခန့်သာ သောက်သုံးတာဖြစ်ပြီး ဗိုက်ထဲ ဘာမှမရှိဘဲ ရေနွေးကြမ်း အပြင်းစားသောက်တာနဲ့ ညအိပ်ခါနီး သောက်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ နောက်ထပ်သတိပြုစရာကတော့ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ သံဓာတ်အားနည်းသူတွေအနေနဲ့ လက်ဖက်ရည် အလွန်အကျွံသောက်တတ်တဲ့အကျင့်ရှိရင် ဆရာဝန်နှင့် သေချာတိုင်ပင်သင့်ပါတယ်။ လက်ဖက်ဟာ အစာခြေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးပြီး အဆီများတဲ့ အစားအစာကို ချေဖျက်ရာမှာ ကူညီပေးသလို အစာအိမ်နဲ့ အူလမ်းကြေင်းဆိုင်ရာ ပြဿနာတွေကိုလည်း သက် သာစေပါတယ်။
**ရှေးဟောင်းရိုးရာမှသည် ခေတ်သစ် Superfood ဆီသို့ – မတ်ချာ (Matcha)**
ဒီကနေ့ခေတ် ကဖေးဆိုင်တွေမှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ အစိမ်းရောင် မတ်ချာလက်ဖက်ရည်ဟာ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော်ကတည်းက တည်ရှိခဲ့တဲ့ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ရိုးရာအစဉ် အလာတစ်ခု ဖြစ်ပါတယ်။ မတ်ချာရဲ့ မူလအစဟာ လူအများထင်သလို ဂျပန်နိုင်ငံတစ်ခုတည်း မဟုတ်ဘဲ တရုတ်နိုင်ငံ (Tang Dynasty) ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ (၇) ရာစုနဲ့ (၁၀) ရာစုကြား တရုတ်နိုင်ငံမှာ လက်ဖက်ခြောက်တွေကို အတုံးအခဲဖြစ်အောင် ဖိသိပ်ပြီး သိမ်းဆည်းခဲ့ကြပါတယ်။ သောက်သုံးတဲ့အခါမှာတော့ အဲဒီအတုံးကို အမှုန့်ကြိတ်ပြီး ရေနွေးနဲ့ ဖျော်သောက်ခဲ့ကြရာကနေ မတ်ချာရဲ့ အခြေခံပုံစံ စတင်ခဲ့တာ ပါ။ ၁၁၉၁ ခုနှစ်မှာ Eisai လို့ခေါ်တဲ့ ဇင် (Zen) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက တရုတ်ပြည်ကနေ လက်ဖက်မျိုးစေ့တွေကို ဂျပန်နိုင်ငံသို့ ယူဆောင်လာခဲ့ပါတယ်။ ဂျပန်ဘုန်းတော်ကြီးတွေဟာ တရား ထိုင်တဲ့အခါ စိတ်ငြိမ်ပြီး နိုးကြားနေစေဖို့ မတ်ချာကို အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဒါဟာ နာမည်ကျော် “ဂျပန်လက်ဖက်ရည်ပွဲတော်” (Japanese Tea Ceremony) အဖြစ် အဆင့်မြင့် ယဉ်ကျေးမှုတစ်ခုလို ထွန်းကားလာခဲ့တာ ဖြစ်ပါတယ်။
သူတို့အတွက် မတ်ချာဟာ သာမန်သောက်စရာတစ်ခု မဟုတ်ဘဲ “စိတ်ဝိညာဉ်ကို သန့်စင်စေတဲ့ ဆေး” တစ်ခုလို ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျပန်စစ်သည်တော် (Samurai) တွေဟာလည်း တိုက်ပွဲမဝင်ခင် စိတ် ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေဖို့ မတ်ချာကို သောက်သုံးလာကြရာကနေ ဂျပန်နိုင်ငံရဲ့ အဆင့်မြင့် Tea Ceremony ယဉ်ကျေးမှုအဖြစ် ကမ္ဘာကျော်လာခဲ့တာ ဖြစ်ပါတယ်။
လက်ဖက် (အထူးသဖြင့် လက်ဖက်စိမ်း) ဟာ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို မြန်ဆန်စေပြီး အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။ လေ့ကျင့်ခန်းလုပ်နေသူများအတွက် လက်ဖက်ရည် သောက်သုံးတာသည် ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အထောက်အကူပေးတဲ့ သဘာဝနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
မတ်ချာမှာ သာမန်လက်ဖက်ရည်ထက် ထူးခြားတာက လက်ဖက်ရည်၊ ဖျော်ရည်ကိုပဲ သောက်တာ မဟုတ်ဘဲ လက်ဖက်ရွက်တစ်ရွက်လုံးကို အမှုန့်ကြိတ်ပြီး သောက်သုံးတာဖြစ်လို့ အာဟာရဓာတ်ကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရရှိစေပါတယ်။
မတ်ချာမှာပါတဲ့ L-theanine အမိုင်နိုအက်ဆစ်ဟာ ကော်ဖီကြောင့်ဖြစ်တတ်တဲ့ ရင်တုန်တာ၊ စိတ်လှုပ်ရှားတာမျိုး မဖြစ်စေဘဲ “တည်ငြိမ်တဲ့ နိုးကြားမှု” (Calm Alertness) ကို ပေးစွမ်းနိုင်ကြောင်း သိပ္ပံ နည်း ကျ သက်သေပြထားပါတယ်။ မတ်ချာမှာပါတဲ့ EGCG (Epigallatechin Gallate) ဟာ သာမန် လက်ဖက်ရည်ကြမ်းထက် အဆပေါင်းများစွာ ပိုများပါတယ်။ ဒါက ကင်ဆာဆဲလ်တွေကို တားဆီးပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ EGCG လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ သာမန် လက်ဖက်ရည်ကြမ်းထက် ၁၃၇ ဆ ပိုမိုများပြားပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပြီး ရောဂါတွေကို တားဆီးပေးနိုင်တဲ့ အစွမ်းထက် “စူပါဓာတ်” ပဲ ဖြစ်ပါတယ်။ သိပ္ပံဆိုင်ရာတွေ့ရှိချက်တွေအရ မတ်ချာမှာ EGCG ပါဝင်မှုဟာ သာမန်လက်ဖက်စိမ်းထက် အနည်းဆုံး ၃ ဆမှ ၅ ဆအထိ ပိုမိုများပြားနိုင်ပြီး၊ ကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိရှိကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။
မတ်ချာမှာ ကလိုရိုဖီး (Chlorophyll) ဓာတ် မြင့်မားစွာ ပါဝင်တဲ့အတွက် သွေးထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို သဘာဝအတိုင်း သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ မတ်ချာပင်တွေကို မရိတ်သိမ်းမီ အရိပ်အောက်မှာ သီတင်းပတ်အနည်းငယ် ထားရှိတဲ့အတွက် Chlorophyll ဓာတ်တွေ အဆမတန် များပြားလာပါတယ်။ ဒီဓာတ်က ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
လေ့လာမှုအချို့အရ မတ်ချာဟာ အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး အထူးသဖြင့် အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (NAFLD) ဝေဒနာရှင်များအတွက် အသည်းထိခိုက်မှုကို လျော့နည်းစေနိုင်ပါတယ်။ NAFLD ဝေဒနာရှင်များကို ၁၂ ပတ်ကြာ မတ်ချာအမှုန့် သောက်သုံးစေတဲ့ လက်တွေ့စမ်းသပ် လေ့လာမှုတစ်ခုအရ အသည်းအင်ဇိုင်းများ (ALT, AST) သိသိသာသာ လျော့ကျကြောင်း တွေ့ရှိခဲ့ရပါတယ်။မတ်ချာမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ သာမန်လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆင်တူတာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးရာမှာ အထောက်အကူပြုပါတယ်။ မတ်ချာကို သောက်သုံးခြင်းဟာ ရှေးခေတ်က ဘုန်းတော်ကြီးတွေရဲ့ စိတ်တည်ငြိမ်မှု နည်းစနစ်ကို ရယူခြင်းဖြစ်သလို၊ ခေတ်သစ်သိပ္ပံရဲ့ အာဟာရဓာတ်တွေကိုလည်း အပြည့်အဝ ခံစားရရှိခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မတ်ချာဟာ အရသာရှိတဲ့ သောက်စရာတစ်ခုထက်ပိုတဲ့ “ကျန်းမာရေး စွမ်းအား” တစ်ခုလို့ ဆိုနိုင်ပါတယ်။
လက်ဖက်ရည် (ရေနွေးကြမ်း) နဲ့ မတ်ချာ (Matcha) ဟာ ကယ်လိုရီနည်းပါးပြီး ရေဓာတ်ကို ဖြည့်တင်း ပေးနိုင်သည့်အတွက် သဘာဝကပေးသော ကျန်းမာရေး အားဖြည့်ရည်ဖြစ်ပြီး စနစ်တကျ သောက်သုံးတတ်ရင် ရောဂါကင်းဝေး၊ အသက်ရှည်စေမယ့် အဖော်မွန်ကောင်းတစ်ခုပါ။ ဒါ့ကြောင့် လက်ဖက်ရည် (ရေနွေးကြမ်း) နဲ့ မတ်ချာ (Matcha) ကို သင်၏နေ့စဉ်လူနေမှုဘဝတွင် ထည့်သွင်းသောက်သုံးခြင်းသည် ရောဂါဘယများကို ကာကွယ်ပေးပြီး ပိုမိုကျန်းမာပျော်ရွှင်သော လူနေမှုပုံစံကို ရရှိစေမည်ဖြစ်ပါတယ်။
ကိုးကား – vnexpress, china daily, https://en.wikipedia.org, European Journal of Preventive Cardiology