Skip to content

ရိုးရာကော ခေတ်ပေါ်ကော လက်ခံတဲ့ မြင်းခွာရွက်

အမျိုးတို့ရေ … မြန်မာတွေ သုတ်လို့ တဖုံ၊ ကြော်၍ တစ်မျိုး၊ ဟင်းချိုပုံစံ၊ အတို့ပုံစံနဲ့ အမြဲတမ်းလိုလို စားလေ့ စားထ ရှိတဲ့ မြင်းခွာရွက်က တကယ်တော့ ကမ္ဘာကျော် ဆေးဘက်ဝင်အပင်ပါလို့။ ၁၉၃၁ ခုနှစ် မတ်လတုန်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က နာမည်ကြီး London Daily Express သတင်းစာကြီးက အသက် ၁၈၅ နှစ်အရွယ် ရသေ့ကြီး Arunachalam အကြောင်းကို အစထုတ်ရေးခဲ့ပြီးနောက်မှာ ဒီကနေ့ အမျိုးတို့လည်း သိကြတဲ့ မြင်းခွာရွက်အကြောင်းကို အနောက်တိုင်းကမ္ဘာက သူတွေက စိတ်ဝင်စားလာကြသတဲ့တော်။ ရုက္ခဗေဒအခေါ်အဝေါ်အရ Centella asiatica လို့ ခေါ်တဲ့ မြင်းခွာရွက်က အဲဒီကာလတုန်းက အနောက်ကမ္ဘာမှာ ပေါက်လေ့ပေါက်ထ မရှိဘူးလေ။ မြင်းခွာရွက်က မြန်မာ အပါအဝင် အာရှတိုက်နဲ့ ဩစတေးလျတိုက်မျိုးရင်းတွေဖြစ်ပြီး ခုခေတ်မှာတော့ အပူပိုင်းဒေသအတော်များများမှာ တွေ့ရတဲ့ ဆေးဖက်ဝင်အပင်မျိုး။ နောက်ပြီး သူ့ကို Gotu Kola လို့လည်း လူသိများပြန်သေးတယ်။ တကယ်တော့ မြင်းခွာရွက်ကို အနောက်ကမ္ဘာက သူတွေက သိတာက တကယ်တော့ နောက်ကျတယ်ပြောရမယ်။ မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာမှာက မြင်းခွာရွက်ကို ဆေးဘက်ဝင် အပင်အဖြစ် အသိအမှတ်ပြုပြီး သုံးစွဲလာတာ ကြာပေါ့။

မြင်းခွာရွက်ဟာ ဘာကြောင့် ဆေးဘက်ဝင်ဂုဏ်သတ္တိတွေ ရှိတာလဲဆိုရင် သူ့မှာ ပါဝင်တဲ့ အဓိက ဓာတုဒြပ်ပေါင်းတွေကြောင့်ပါ။ Triterpenoids ဒြပ်ပေါင်းအမျိုးအစားတွေကတော့ မြင်းခွာရွက်မှာ အတော်ပါပါတယ်။ ဒီထဲက Asiaticoside ဆိုရင် ခန္ဓာကိုယ်အရေပြားကျန်းမာရေအတွက် အဓိကကျတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး ဒဏ်ရာကို ကျက်စေတာ၊ ကော်လဂျင်ထုတ်ပေးတာကို လုပ်ဆောင်ပေးတာမို့ ရောင်ရမ်းမှုကိုလည်း လျှော့ ပေးသလို အရေပြားဆဲလ် ပြန်လည်ဖြစ်ပေါ်မှုကို အားပေးပြန်ပါတယ်။ နောက်ပြီး ဒါနဲ့ ဆင်တူဂုဏ်သတ္တိရှိတဲ့ Madecassoside ကလည်း မြင်းခွာရွက်မှာ ပါပါသေးတယ်။ နောက်ပြီး Asiatic Acid ကတော့ ကော်လာဂျင် ထုတ်လုပ်မှုကို မြှင့်ပေးပြီး ဒဏ်ရာအကျက်မြန်စေဖို့ အထောက်အကူပြုပါတယ်။ နောက်ထပ် အက်ဆစ် ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ Madecassic Acid က ရောင်ရမ်းတာကို ဟန့်တားပေးပြီး ဒဏ်ရာကို မြန်မြန်ကျက် စေနိုင်ပါတယ်တဲ့။ ဒါဟာ ခေတ်သစ်ဆေးပညာသမိုင်းမှာ မြင်းခွာရွက်မှာ ပါတဲ့ ဓာတုဒြပ်ပေါင်းတွေကို အထူးပြု လေ့လာ ဖော်ပြပေးနေတဲ့ အမေရိကန်အစိုးရရဲ့ National Library of Medicine က ဖော်ပြထားတဲ့ အချက်အလက်တွေပါ အမျိုးတို့ရေ။

နောက်ပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ Antioxidant စာရင်းဝင်တဲ့ Quercetin နဲ့ Kaempferol လို Flavonoids တွေလည်း ပါဝင်တာမို့ ခန္ဓာကိုယ်ထဲ Free Radicals ကြောင့် ဖြစ်တဲ့ ပျက်စီးမှုကနေ ကာကွယ်ပေးပြန်ပါတယ်။ နောက်ပြီး Phenolic အက်ဆစ် အုပ်စုထဲပါတဲ့ Chlorogenic နဲ့ Caffeic အက်ဆစ်ကလည်း မြင်းခွာရွက်မှာ ပါပြန်သေးတယ် အမျိုးတို့ရေ။ ဒီအက်ဆစ်တွေကလည် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ရောင်ရမ်းတာကို ဆန့်ကျင်ပေးပြန်သတဲ့။ အခု အမျိုးတို့ကို ပြောပြတဲ့ ဓာတုဒြပ်ပေါင်းတွေဟာ တစ်ခုချင်းစီမှာ သူ့ဂုဏ်သတ္တိနဲ့ သူ ရှိသလို ပေါင်းစပ်အလုပ်လုပ်ကြတဲ့အခါ အရေပြား၊ ဦးနှောက်နဲ့ သွေးလည်ပတ်မှုစနစ်ကို အကျိုးပြုစေပြန်သတဲ့။ ဒါတင်လား မဟုတ်သေးပြန်ပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုဆက်ဆစ်၊ သကြားဓာတ်၊ ဗီတာဗင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီးနဲ့ စီ၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ဆိုဒီယမ်တို့လည်း ပါဝင်ပြန်ပါသေးတယ်။

အမျိုးတို့ရေ…များသောအားဖြင့် မယ်ကြော့တို့ လူ့အသိုင်းအဝိုင်းမှာက မြင်းခွာရွက်ဆိုရင် သုပ်မယ်၊ ဟင်းချိုချက်သောက်မယ်၊ အတို့အမြုပ် လုပ်မယ်၊ တချို့ဆိုရင်တော့ မြင်းခွာရွက် ဖျော်ရည် လုပ်သောက်မယ် စတဲ့ပုံစံတွေနဲ့ပဲ စားသုံးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာတော့ မြင်းခွာရွက်ကို အခြောက်ခံ၊ ပြီးရင် ရေနွေးထဲ ခတ်သောက်တာ၊ ဆေးတောင့် / ဆေးပြား / လိမ်းဆေးရည်ပုံစံနဲ့လည်း သုံးစွဲနေကြတာ ရှိပါတယ်။ အမျိုးတို့ကို ရှင်းပြခဲ့တဲ့အတိုင်း မြင်းခွာရွက်မှာ ပါတဲ့ ဓာတုဒြပ်ပေါင်းမျိုးစုံဟာ ကျန်းမာရေးအတွက် အထောက် အကူပြု ဓာတ်ပေါင်းတွေချည်းပါပဲ။

ရိုးရာဆေးကျမ်းတွေ၊ ခေတ်သစ်ဆေးပညာ ဆန်းစစ်ချက်တွေအရ မြင်းခွာရွက်ဟာ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ခေတ်သစ်ဆေးပညာအခြေခံ သုတေသနတချို့အရ မြင်းခွာရွက်မှာ ပါတဲ့ Triterpenes ဒြပ်ပေါင်းဟာ ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးနိုင်ပြီး အယ်လ်ဇိုင်းမားလို ဦးနှောက်ရောဂါတွေအတွက် အကျိုးပြုပါတယ်တဲ့။ နောက်ပြီး စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်တည်ငြိမ်မှုကို ရစေပါသတဲ့။ နောက်ပြီး အရေပြားကျန်းမာရေး။ ပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေဟာ အရေပြားပေါ် ဖြစ်တဲ့ ထိခိုက်ဒဏ်ရာ၊ မီးလောင်နာ၊ အမာရွတ်နဲ့ အရေးအကြောင်းတွေကို လျှော့ချပေးပြီး ဒီဒြပ်ပေါင်းတွေက ကော်လာ ဂျင်ထုတ်လုပ်မှုကို အားပေးတာမို့ အရေပြားဆဲလ်တွေ ပြန်လည်ဖြစ်ပေါ်မှုကို မြှင့်တင်ပေးပြန်ပါတယ်။ ရိုးရာ တိုင်းရင်းဆေးကျမ်းတွေါအရ အနာ မြန်မြန်ကျက်ဖို့နဲ့ အမာရွက် ထင်မကျန်စေဖို့ လိမ်းဆေးပုံစံနဲ့တောင် သုံးစွဲတာတွေ ရှိပါတယ်။ မီးလောင်နာ၊ အပူလောင်နာမျိုးဖြစ်ရင် မြင်းခွာရွက်ကို ကြိတ်ချေပြီး ရလာတဲ့ ကြိတ်ရည်နဲ့ ကြိတ်ဖက်ကို အနာပေါ် ခပ်ထူထူလိမ်းပေးလိုက်ရင် သက်သာပျောက်ကင်းနိုင်တယ်လို့ မြန်မာ့တိုင်းရင်းဆေးဦးစီး ဌာန ခွင့်ပြုချက်နဲ့ ထုတ်ထားတဲ့ ဆရာဦးခန့်ကျော်ရဲ့ “ဂမ္ဘီရနတ်ပန်းသစ်ရွက်များ” စာအုပ်မှာ အတိအလင်းကို ပုံနှိပ်ဖော်ပြထားပါတယ် အမျိုးတို့ရေ။

ဒေသတွင်းနဲ့ ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ Mount Sinai Health System ဝက်ဘ်ဆိုက်မှာဆိုရင် မြင်းခွာရွက်ဟာ သွေးလည်ပတ်မှုတွေကို ကောင်းမွန်စေတယ်လို့ ဆိုထားပါတယ်။ သွေးကြောနဲ့ ဆက်စပ်ပြီး ခြေထောက်ရောင်ရမ်းတာ၊ သွေးပြန်ကြောတွေ ပေါ်လာတာ (Varicose Veins) နဲ့ အခြားသွေးလည်ပတ်မှုဆိုင်ရာပြဿနာတွေအတွက် အထောက်အကူပြုနိုင်သလို သွေးကြောနံရံတွေကို အားကောင်းစေပြီး သွေးကြောငယ်တွေရဲ့ စွမ်းဆောင်ရည်ကို တိုးစေပါတယ်တဲ့ အမျိုးတို့ရေ။ နောက်ပြီး Digestive & Stomach Health လို့ ဆိုတဲ့ အစာခြေစနစ်နဲ့ အစာအိမ်ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အစာမကျေတာ၊ အစာအိမ်နာတာ၊ အစာအိမ်အချဉ်ပေါက်တာတွေကိုလည်း သက်သာစေတယ် လို့ ဆိုထားကြပါတယ်။ မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာလည်း အစာမကျေလို့ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး လေမသက်ရင် မြင်းခွာရွက် ပဥ္စငါးပါးကို ကြက်သွန်ဖြူနိုင်နိုင်နဲ့ အသုပ်သုပ်စားတာ၊ ဟင်းချိုချက်သောက်ရင် သက် သာစေတယ်လို့ ဆိုထားသလို အစာမှားလို့ အဆိပ်အတောက်ဖြစ်ရင် မြင်းခွာရွက်နဲ့ ပိတ်ချင်းသီးကို ဆတူရောကြိတ်ပြီး ရတဲ့ အရည်ကို ရေနွေးနဲ့ သောက်ပေးရင် အဆိပ်ပြယ်စေတယ်လို့ ဆရာဦးခန့်ကျော်က မြင်းခွာရွက်သုံးနည်း ၆၀ ထဲမှာ ဖော်ပြထားပါတယ်။

အမျိုးတို့ထဲက အမျိုးသမီးတို့ရေ…ရှေးရှေးက အမျိုးသမီးတွေရဲ့ အလှအပနဲ့ ပတ်သက်ပြီး မြင်းခွာရွက် ကို ဆေးလို သုံးလို့ရတဲ့ နည်းတွေ ရှိပါသေးတယ်။ ဒါတွေက မြန်မာ့တိုင်းရင်းဆေးကျမ်းတွေကို စုစည်းပြီး အနှစ်ချုပ်ထားတဲ့ မြင်းခွာရွက်အသုံး နည်း ၆၀ ထဲက ထုတ်နုတ်ထားတာပါ။ အမျိုးသမီးတို့ မီးယပ်သွေးမမှန်တာမျိုးဖြစ်ရင် မြင်းခွာရွက်ကို ပိတ်ချင်းသီးနဲ့ ဆတူရောပြီး ရေနွေးနွေးနဲ့ သောက်ပေးရုံပါပဲ။ သွေးဆင်းလွန်တယ်ဆိုရင်တော့ မြင်းခွာရွက်နဲ့ သကားငါးကျပ်သားကို ရေ ၁၅ ကျပ်သားနဲ့ ကြို၊ တစ်ဝက်လောက် ခန်းပြီဆိုရင် ရတဲ့ဆေးရည်ကို ဟင်းစားဇွန်းနဲ့ တစ်ကြိမ် နှစ်ဇွန်းနှုန်းနဲ့ တစ်နေ့ သုံးကြိမ် သောက်ပေးရင် သက်သာစေပါတယ်။ ကိုယ့်အလှအပကို အနှောင့်အယှက် ဖြစ်စေတဲ့ မျက်နှာပြင်ပေါ်က ဆားဝက်ခြံတွေကို ရှင်းထုတ်ချင်ရင် မြင်းခွာရွက်ကို ကြိတ်ပြီး အုံပေးတာ၊ ကြိတ်ရည်ကို သန့်ရှင်းတဲ့ သနပ်ခါးနဲ့ ရောသွေးပြီး လိမ်းပေးရင် ဆားဝက်ခံထွက်တာကို ပျောက်ကင်း စေပါတယ်တဲ့။ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို နောက်တစ်နည်းက မြင်းခွာရွက်သတ္တုရည်ကို ပျားရည်နည်းနည်း ရောစပ်ပြီး လိမ်းပေးရင်လည်း ဆားဝက်ခြံကော၊ ဝက်ခြံတွေကော ပျောက်ကင်းစေပါတယ်တဲ့။

မယ်ကြော့ တစ်ခု သတိပေးချင်တာကတော့ ဘယ်အရာမဆို ကောင်းတာလည်း ရှိသလို ဆိုးတာလည်း ရှိတတ်တာမို့ မြင်းခွာရွက်နဲ့ ပတ်သက်တဲ့ သတိပြုစရာတွေလည်း အမျိုးတို့ကို မျှဝေချင်ပါတယ်။ ဒါက ကျန်းမာ ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပလက်ဖောင်းမျိုးစုံနဲ့ ဖော်ပြပေးနေတဲ့ WebMD က သတိပေးထားတဲ့ အချက်အလက်တွေပါ။ WebMD မှာ ဝင်ရောက်ရေးသားတဲ့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူပေါင်းများစွာ ရှိသလို ဖော်ပြမှုတိုင်းအတွက်လည်း ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပြန်လည်စစ်ဆေးပြီးမှ ဖော်ပြလေ့ရှိတာမို့ ယုံကြည်အားကိုးထိုက်တဲ့ ဆေးပညာဗဟုသုတဆိုင်ရာ မျှဝေပေးတဲ့ ပလက်ဖောင်းတစ်ခုပါ။ “Health Benefit of Gotu Kola” ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ ဆေးပညာရပ်ဆောင်းပါးမှာ မြင်းခွာရွက်ဟာ များသောအားဖြင့် စားသုံးဖို့အတွက် ဘေးကင်းတဲ့ ဆေးဖက်ဝင်အပင်ဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုးအချို့လည်း ရှိပါတယ်တဲ့။ ဆိုးကျိုးလက္ခဏာတွေက အိပ်ငိုက်တာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ဝမ်းလျှောတာ၊ အရေပြားယားယံတာ၊ ဓာတ်မတည့်တာတချို့လည်း ဖြစ်စေပါတယ်တဲ့။ တိရစ္ဆာန်တွေကို အခြေခံပြီး လေ့လာဆန်းစစ်ထားချက်အရ မြင်းခွာရွက်ဟာ ကိုယ်ဝန်ရဖို့ ခက်ခဲစေနိုင်သလို ကိုယ့်မှာ အသည်းရောဂါလိုမျိုးရှိနေရင် ဘယ်အခြေအနေမှာဖြစ်ဖြစ် မြင်းခွာရွက်ကို မစားသုံးသင့်ပါဘူးတဲ့။ ကိုယ်က အကြောင်းတစ်ခုခုကြောင့် ခွဲစိတ်ရမယ့် အခြေအနေမျိုးရှိရင် မခွဲစိတ်ခင် အနည်းဆုံး နှစ်ပတ်လောက်အလိုကတည်းက မြင်းခွာရွက်သုံးစွဲတာကို ရပ်တန့်ဖို့ လိုပါတယ်။ နောက်ပြီး မြင်းခွာရွက်မှာ Heavy Metals တွေ ပါနေတာကြောင့် ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေကို မြင်းခွာရွက်၊ မြင်းခွာရွက်က ထုတ်တဲ့ ဆေးဝါးတွေ သုံးစွဲတာကို သတိပြုဖို့ တိုက်တွန်းထားပါတယ်။ တကယ်လို့ စားမယ်၊ သုံးမယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။

ကိုးကား

– National Library of Medicine – USA

– Mount Sinai Health System

– WebMD

– “ဂမ္ဘီရနတ်ပန်းသစ်ရွက်များ” – ဆရာဦးခန့်ကျော် (တဆ-၇၆၇၇)

#မြင်းခွာရွက်

#အရေပြား

#ဓာတုဒြပ်ပေါင်း

#အမျိုးသမီး

လူကြိုက်များသောဆောင်းပါးများ