Skip to content
Ads Advertisement

ကျန်းမာမှ အလုပ်လုပ်နိုင်မည်

ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက်ဝယ် လူသားတို့၏ ယဉ်ကျေးမှုနှင့် အဆောက်အအုံတို့ကို တည် ဆောက်ခဲ့ကြသည်မှာ အလုပ်သမားထု၏ ချွေးနှင့် သွေးပင် ဖြစ်ပေသည်။ မေလ ၁ ရက်နေ့၊ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” သို့မဟုတ် “မေဒေးနေ့” ဟူသည်မှာ သာမန်အားလပ်ရက် တစ်ရက်မျှသာမဟုတ်။ အလုပ်သမားထု၏ မလျှော့သော ဇွဲ၊ လုံ့လဖြင့် မိမိတို့၏ အခွင့်အရေးကို တိုက်ပွဲဝင် ရယူခဲ့ကြသည့် ဂုဏ်ရောင်ပြောင်သော သမိုင်းမှတ်တိုင်ကြီးပင် ဖြစ်သည်။

၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့၌ အလုပ်သမား ၄၀၀,၀၀၀ ကျော် စုပေါင်းဆန္ဒပြခဲ့ကြပြီး ၈ နာရီ အလုပ်၊ ၈ နာရီ အနား၊ ၈ နာရီ အိပ်စက်ဟူသော အခြေခံအခွင့်အရေးကို တောင်းဆိုခဲ့ကြသည်။ ထိုဆန္ဒပြပွဲကြီးအတွင်း ဟေးမားစျေးကွက်အရေးအခင်း ဖြစ်ပွားခဲ့ပြီး အလုပ် သမားခေါင်းဆောင်များအား ကွပ်မျက်ခြင်းခံခဲ့ရသည်။ ထိုဖြစ်ရပ်အား အထိမ်းအမှတ်ပြုလျက် ၁၈၈၉ ခုနှစ်တွင် ပါရီမြို့၌ ကျင်းပသော ဒုတိယအပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ကွန်ဂရက်က မေလ ၁ ရက်နေ့ အား အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

မြန်မာ့မြေပေါ်တွင်လည်း ၁၉၃၈ ခုနှစ် (၁၃၀၀ ပြည့်နှစ်) ရေနံမြေအလုပ်သမားတို့၏ အရေးတော်ပုံ သည် ဗြိတိသျှနယ်ချဲ့တို့၏ ဖိနှိပ်မှုကို အန်တုကာ၊ လူသားအလုပ်သမားတစ်ဦးချင်းစီ၏ တန်ဖိုးကို ဖော် ထုတ်ခဲ့သည့် ခိုင်မာသော သက်သေသာဓကအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့ပေသည်။ ထိုအရေးတော် ပုံကြီးသည် မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် အလုပ်သမားသမိုင်းတွင် အထွတ်အထိပ်ရောက်သည့် တောင်း ဆိုမှုများနှင့် စတေးလှူခဲ့ရသော အသက်များ၏ သင်္ကေတဖြစ်သည်။ လွတ်လပ်ရေးရပြီးနှစ်များမှစ၍ မြန်မာနိုင်ငုံ၌ မေဒေးနေ့အား နိုင်ငံတော်အဆင့် ပွဲတော်အဖြစ် ကျင်းပလာခဲ့ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေများ ပေါ်ပေါက်လာစေရန် အခြေခံအုတ်မြစ်ချပေးခဲ့သည်။

သို့ရာတွင် ခေတ်စနစ်များ ရွေ့လျားပြောင်းလဲလာသည်နှင့်အမျှ အလုပ်သမားထု၏ လိုအပ်ချက်နှင့် အခွင့်အရေးများသည်လည်း နယ်ပယ်ကျယ်ဝန်းလာခဲ့ပြီ ဖြစ်သည်။ ယခင်ခေတ်က “၈ နာရီ အလုပ်၊ ၈ နာရီ အနား၊ ၈ နာရီ အိပ်” ဟူသော ကြွေးကြော်သံဖြင့် အခြေခံရပိုင်ခွင့်ကို တောင်းဆိုခဲ့ကြသော်လည်း၊ ယနေ့ခေတ်ကာလတွင်မူ အလုပ်သမားတစ်ဦး၏ “ကျန်းမာရေးနှင့် လူမှုဘဝ လုံခြုံမှု” သည် အဓိက ကျသော မဏ္ဍိုင်ကြီးအဖြစ် ရှေ့တန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အလုပ်သမားတစ်ဦး၏ ခန္ဓာကိုယ်သည် ၎င်း၏ တခုတည်းသော အရင်းအနှီးဖြစ်သကဲ့သို့၊ တနိုင်ငံလုံး၏ ကုန်ထုတ်စွမ်းအား (GDP၊ GNP)ကို မောင်းနှင်နေသော စက်ယန္တရားကြီး၏ အဓိက အစိတ်အပိုင်းလည်း ဖြစ်သည်။ သို့ဖြစ်ပါ၍ အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဟူသည်မှာ စေတနာအရ ပေးကမ်းရသည့် “အလှူဒါန”မျိုးမဟုတ်ဘဲ၊ လုပ်ငန်းခွင်တိုင်းတွင် မရှိမဖြစ် ရှိနေရမည့် “အခွင့်အရေး” သာ ဖြစ်သင့်ပေသည်။

အထူးသဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍကို ဦးတည်နေသော MyanHealthအနေဖြင့် အောက်ပါ အချက်များကို အလေးအနက် တိုက်တွန်းလိုပါသည်။

၁။ လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေး (Occupational Health) – အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးသာမက၊ လုပ်ငန်းသဘာဝကြောင့် ဖြစ်ပွားတတ်သော ရောဂါဝေဒနာများ (ဥပမာ – ဖုန်မှုန့်ကြောင့် အဆုတ်ရောဂါ၊ ဆူညံသံကြောင့် နားအာရုံချို့ယွင်းခြင်း၊ ဓာတုပစ္စည်းများ ကြောင့် အရေပြားရောဂါ) မှ ကာကွယ်ပေးနိုင်မည့် စနစ်တကျ စီမံခန့်ခွဲမှုများ ရှိရမည်။ လုပ်ငန်းရှင်များ အနေဖြင့် နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်း (Medical Check-up) များ စီစဉ်ပေးရန် လိုအပ်သည်။

၂။ အာဟာရနှင့် ဗဟုသုတ – အလုပ်သမားတစ်ဦးသည် မိမိ၏ ခန္ဓာကိုယ်ကို မည်သို့ ပြုစု ပျိုးထောင်ရ မည်၊ မည်သည့်အာဟာရကို မှီဝဲရမည်ဟူသော အသိပညာ ဗဟုသုတများကို လုပ်ငန်းခွင်အတွင်း၌ပင် လွယ်ကူစွာ ရရှိနိုင်ရန် ဖန်တီးပေးရမည်။ အလုပ်သမားများအတွက် တတ်နိုင်သော အာဟာရပြည့်ဝ သည့် အစားအသောက်များ (ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်များ ပါဝင်သော) စားသုံးရန် အကြံပြု အပ်ပါသည်။ ရေသန့်များများ သောက်သုံးခြင်း၊ ဆား၊ သကြား၊ အဆီများသော အစားအစာများ လျှော့စားခြင်းဖြင့် နာတာရှည်ရောဂါများကို ကာကွယ်နိုင်ပါသည်။

၃။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု – ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရုံမျှဖြင့် မလုံလောက်ပေ။ ဖိစီးမှုများသော လုပ်ငန်းခွင်များတွင် အလုပ်သမားများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနိုင်သည့် ယဉ်ကျေးမှုတရပ်ကို တည်ဆောက်ရမည်။ အလုပ်ခွင်အတွင်း စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီ လိုင်းများ၊ အခမဲ့ အွန်လိုင်း စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခွင့်များ ဖွင့်လှစ်ပေးရန် လိုအပ်သည်။

၄။ ခွဲခြားမှုကင်းသော ကုသခွင့် – အလုပ်သမား၏ ရာထူး၊ အဆင့်အတန်း မခွဲခြားဘဲ လိုအပ်သော ဆေး ကုသမှုနှင့် လူမှုဖူလုံရေး အခွင့်အရေးများကို တန်းတူညီတူ ခံစားခွင့်ရှိရမည်။ အလုပ်သမားများ ဖျားနာ ခွင့် (Sick Leave)၊ မတော်တဆမှု အာမခံ (Accident Insurance) နှင့် အလုပ်နှင့်ဆက်စပ်သော ဒဏ် ရာရောဂါများအတွက် ဆေးဖိုးဝါးခ အခမဲ့ ကုသခွင့်တို့ကို ပြည့်ပြည့်စုံစုံ ရရှိ‌စေရမည်။

၅။ လေ့ကျင့်ခန်းနှင့် ကိုယ်ဟန်အနေအထား – အလုပ်မလုပ်မီ မိနစ် ၂၀ ခန့် ဆန့်ထုတ်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကြွက်သားဒဏ်ရာများကို သိသိသာသာ လျော့ကျစေသည်။ အထိုင်၊ အရပ်၊ အလေးမခြင်းများတွင် မှန်ကန်သော ကိုယ်ဟန်အနေအထား (Ergonomics) ကို ကျင့်သုံးသင့်သည်။

ထို့ပြင်ယနေ့ ၂၁ ရာစု ဒစ်ဂျစ်တယ်ခေတ်သမယသို့ ရောက်ရှိလာသောအခါ၌ အလုပ်သမားဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသဏ္ဌာန်တို့သည် များစွာ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံ များတွင် ကာယလုပ်အားကို အရင်းပြုရသူများသာမက၊ ကွန်ပျူတာဖန်သားပြင်ရှေ့တွင် ဉာဏ လုပ်အားကို စိုက်ထုတ်နေကြရသော ဒစ်ဂျစ်တယ် အလုပ်အင်အားစုသည်လည်း ခေတ်သစ် စီးပွား ရေး၏ အဓိကမောင်းနှင်အား ဖြစ်လာပေသည်။ အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းဆောင်ရွက်သူများ၊ အချိန်ပိုင်း (Gig) အလုပ်သမားများနှင့် နည်းပညာရှင်များအထိ ပါဝင်သော ဤအင်အားစုသစ်သည် ခေတ်နှင့်အညီ ပေါ်ထွန်းလာသကဲ့သို့၊ ၎င်းတို့ ရင်ဆိုင်ရသည့် ကျန်းမာရေးစိန်ခေါ်မှုများသည်လည်း ဆန်းသစ်လာသည်ကို သတိပြုအပ်ပေသည်။ထို့ကြောင့် ဒစ်ဂျစ်တယ်ခေတ် အလုပ်သမားများ အတွက်လည်း အောက်ပါ အကြံပြုချက်များ ထပ်မံဖြည့်စွက်အပ်ပါသည်။

(၁)နည်းပညာကို အသုံးပြု၍ အလုပ်လုပ်ကြသူများအတွက် မျက်စိကျန်းမာရေးကို အထူးဂရုပြုရန် – မိနစ် ၂၀ တိုင်း စက္ကန့် ၂၀ ကြာ မျက်လုံးကို အဝေး (ပေ ၂၀) သို့ လှည့်ကြည့်အနားပေးခြင်း (20-20-20 စည်းမျဉ်း)၊ ဖန်သားပြင်မှ အလင်းပြန်ခြင်းကို လျှော့ချသော မျက်မှန် (Blue-light blocking glasses) တပ်ဆင်ခြင်းတို့ ပြုလုပ်သင့်သည်။

(၂)ကြွက်သားနှင့် အရိုးအဆစ်ဆိုင်ရာ ဝေဒနာများ (Ergonomics) အတွက် ထိုင်ခုံအမြင့်၊ ကွန်ပျူတာစခရင် အနေအထားနှင့် လက်ကောက်ဝတ် အနေအထားတို့ကို မှန်ကန်စွာ ပြုပြင်ထားရန်။ တစ်နာရီလျှင် ၅ မိနစ်ခန့် ရပ်၍ လမ်းလျှောက်ခြင်း၊ ဆန့်ထုတ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် လှုပ်ရှားမှုနည်းပါးခြင်းကြောင့် ဖြစ်ပွားတတ်သော သွေးကျုံ့ခြင်း၊ ခါးနာခြင်း၊ လည်ပင်းတောင့်ခြင်းတို့မှ ကာကွယ်နိုင်သည်။

(၃)အချိန်ပိုင်း (Gig) အလုပ်သမားများအတွက် ၎င်းတို့၏ ဝင်ငွေမတည်ငြိမ်မှုနှင့် ကျန်းမာရေးအာမခံ မရှိခြင်းပြဿနာကို ဖြေရှင်းရန် တတ်နိုင်သော လစဉ်ကျန်းမာရေးအာမခံအစီအစဉ် (Micro-insurance) များ ဖန်တီးပေးသင့်သည်။

နိဂုံးချုပ်အားဖြင့် ဆိုရသော်၊ အလုပ်သမားထုသည် နိုင်ငံတော်၏ အသက်သွေးကြော ဖြစ်သည်။ အလုပ်သမားတို့ ကျန်းမာသန်စွမ်းမှသာလျှင် မိသားစု၏ စားဝတ်နေရေးသည်လည်းကောင်း၊ နိုင်ငံ၏ စီးပွားရေးသည်လည်းကောင်း ဖွံ့ဖြိုးတိုးတက်နိုင်ပေမည်။ ထို့ကြောင့် မေလ ၁ ရက်နေ့တွင် ကျရောက် မည့် အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်၊ အလုပ်သမားတို့၏ “ကျန်းမာရေး အခွင့်အရေး” များကို ပိုမိုလေးစား လိုက်နာကြရန်နှင့် အလုပ်သမားတိုင်းသည် မိမိတို့၏ လုပ်အားကို ဘေးကင်း လုံခြုံစွာ၊ စိတ်အေးချမ်းသာစွာဖြင့် ရင်းနှီးမြှုပ်နှံနိုင်ကြပါစေကြောင်း MyanHealth မှ ဆန္ဒပြု တိုက် တွန်းလိုက်ရပါသည်။

အယ်ဒီတာ

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement