• လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ အလေးထားဆောင်ရွက်မှာဖြ်စသလို တစ်မျိုးသားလုံး ကျန်းမာ၊ ကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးအဆင့် မြှင့်တင်ရေးလုပ်ငန်းတွေအတွက် ထိရောက်တဲ့မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်တဲ့အခါ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဖြစ်ဖို့ ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။
• စျေးကွက်ထဲမှာ အနောက်တိုင်းဆေးတွေ ရောနှောထားပြီး အကိုက်အခဲပျောက်ဆေးအဖြစ် ထုတ်လုပ်ထားတဲ့ တိုင်းရင်းဆေး၊ တိုင်းရင်းဆေးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်မပြုထားတဲ့ တိုင်းရင်းဆေးဝါး စုစုပေါင်း ခုနစ်မျိုးကို အများပြည်သူ သုံးစွဲဖို့ မသင့်တဲ့ ဆေးဝါးတွေဖြစ်လို့ ဝယ်ယူသုံးစွဲတာ မလုပ်ကြဖို့ ကျန်းမာရေးဝန်ကြီးက သတိပေး ထုတ်ပြန်လိုက်ပါတယ်။ မှတ်ပုံတင်၊ လိုင်စင်ခွင့်မပြုထားတဲ့ ဝိဇ္ဇာအောင်အမှတ်တံဆိပ် လေးဘက်နာနဲ့ အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) ဟာ ဆေးဝါးစစ်မှန် အစွမ်းထောက်ကြောင်း အာမခံချက်မရှိတဲ့အတွက် မသုံးစွဲသင့်ကေြာင်း ထုတ်ပြန်ထားတာပါ။ နောက်ပြီး အနောက်တိုင်းဆေးတွေ ရောနှောပြီး အကိုက်အခဲပျောက်ဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကာယသုခဆရာကြီး ဖိုးဘစံ၊ ငွေနတ်သား လေးဘက်နာနဲ့ ထိပ်ကပ်နာဆေး၊ သစ္စာရှင်၊ မေတ္တာရှင်၊ ရွှေဟင်္သာ၊ ရွှေဆေးအမှတ်တံဆိပ် အကိုက်အခဲသောက်ဆေးတွေဟာ တခြားဆေးတွေရဲ့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် (TMR) နံ့ပါတ်ကို ထည့်သွင်းအသုံးပြုထားတာ၊ မှတ်ပုံတင်နဲ့ ထုတ်လုပ်ခွင့်လိုင်စင် ခွင့်မပြုထားတာ၊ ဓာတ်ခွဲစစ်ဆေးချက်အရ အနောက်တိုင်းဆေးတွေ ပါဝင်နေမို့ မသုံးစွဲသင့်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
• ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရေးလုပ်ငန်းတွေအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၀) သန်းခန့်အထိ ကခံသုံးစွဲနေပြီး ကာကွယ်ဆေးနဲ့ ဆက်စပ်စပစ္စည်းဝယ်ယူရေးကုန်ကျမှုတွေကို နိုင်ငံတော်ရန်ပုံငွေက အလုံးစုံကျခံပြီး ဝယ်ယူခြင်း နည်းလမ်း၊ နိုင်ငံတော်နဲ့ GAVI တို့က အချိုးကျ ထည့်ဝင်ဝယ်ယူတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။
• နှလုံး ဦးနှောက်နဲ့ အာရုံကြောလူနာတွေအတွက် နိုင်ငံတကာစံနှုန်းနဲ့အညီ အကောင်းဆုံး ကုသပေးနိုင်မယ့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေပြီလို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
• မကွေးတိုင်းထဲက မြို့နယ်တွေမှာ အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်အတွက် ကူညီနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့် အသင်းအဖွဲ့တွေကို မြို့နယ်အလိုက် ဖွဲ့စည်း ထားပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မကွေးတိုင်း) ဆီက သိရပါတယ်။
• နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးက နှလုံးဆေးကုဌာနတွေမှာ လူတစ်သိန်းစာအတွက် နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ်နဲ့ ဆေးကုသမှုတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်း စတင်ဆောင်ရွက်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆိုပါတယ်။
• ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီ ၂၈ ကနေ ၃၀ ရက်အထိ ကျင်းပတဲ့၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါဆိုင်ရာ ညီလာခံကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Pattana Promphat ဖိတ်ကြားချက်နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
• ကင်ဆာကုသရာမှာ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုပြီးတိကျတဲ့ အနီအောက်ရောင်ခြည်နီးပါးရှိတဲ့ LED အလင်းနဲ့ SnoX (Tin Oxide) နာနိုပြားလေးတွေကို ပေါင်းစပ်အသုံးပြုတဲ့နည်းလမ်းကို သုတေသီတွေက တွေ့ရှိထားပြီလို့ Bloomberg သတင်းဌာနက ဖော်ပြပါတယ်။ ဒီနည်းပညာဟာ ကျန်းမာတဲ့ ဆဲလ်တွေကို မထိခိုက်စေဘဲ ကင်ဆာဆဲလ်တွေကိုသာ ရွေးချယ်ဖျက်ဆီးနိုင်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
• အသည်းရောဂါကြောင့် ဥရောပမှာ နှစ်စဉ် လူပေါင်း သုံးသိန်းနီးပါး သေဆုံးမှုကို ဖြေရှင်းဖို့ အရက်နဲ့ မကျန်းမာတဲ့ အစားအစာတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံသင့်တယ်လို့ ပညာရှင်တွေကို ကိုးကားပြီး The Guardian သတင်းက ရေးသားထားပါတယ်။ ဒါတွေကြောင့် ကျန်းမာရေး၊ တရားရေးနဲ့ လူမှုဝန်ဆောင်တွေမှာ ရှိလာတဲ့ ကုန်ကျစရိတ်တွေကို ပြန်လည်ဖြည့်ဆည်းနိုင်တဲ့အထိ မြှင့်တင်ဖို့လို့ ဆိုပါတယ်။ နောက်ပြီး ဥရောပနိုင်ငံ အစိုးရတွေဟာ အရက်ထုတ်တဲ့အခါ့ ကျန်းမာရေးအသိပေးစာတွေ မဖြစ်မနေ ထည့်ပေးဖို့၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူတွေအတွက် အွန်လိုင်းမှာ အရက်၊ ဟမ်ဘာဂါ၊ ပီဇာ၊ အာလူးကြော်လို Junk Food ကြော်ငြာတွေကို မတွေ့တောင် တားမြစ်ဖို့ လိုတယ်လိုိ့လည်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
• ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဧပြီ ၃၀ ရက် အပူချိန်ဟာ ၅၂ ဒီဂရီစင်တီဂရိတ်အထိ ရောက်သွားနိုင်တာမို့ အန္တရာယ်ရှိ အုပ်စုဝင်တွေ ဖြစ်တဲ့ အသက် ငါးနှစ်အောက် ကလေးငယ်တွေ၊ အသက် ၆၀ နှစ်နဲ့အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေ၊ အဝလွန်သူနဲ့ အရက်သောက်သူတွေအနေနဲ့ သတိပြုဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတိပေးထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။ ဒ့ါအပြင် နေရောင်ခြည်အောက် (ပြင်ပ) မှာ အလုပ်လုပ်ရသူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း အပူဒဏ်ကြောင့် ထိခိုက်နိုင်ခြေမြင့်တဲ့ အုပ်စုအဖြစ် သတ်မှတ်ထားပြီး အပူချိန် မြင့်မားတဲ့ အချိန်တွေမှာ အပြင်ထွက်လှုပ်ရှားတာတွေကို လျှော့ချဖို့နဲ့ ကျန်းမာရေးကို အထူးဂရုပြုဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။