အမျိုးသားကော၊ အမျိုးသမီးတွေကော အရက်အလွန်အကျွံ သောက်ရင်၊ ဝလာပြီဆိုရင် အသည်းမှာ အဆီတွေစုလာတတ်လို့ အသည်းအဆီဖုံးတာ ဖြစ်လာနိုင်ပါတယ်။ လူတစ်ချို့မှာတော့ ဂရုမစိုက်ဘဲထားမယ်ဆိုရင် အသည်းခြောက်တဲ့အထိ ပြင်းထန်သွားနိုင်ပါတယ်။ တကယ်တော့ ဒီနှစ်မျိုးတည်းကြောင့်တော့ အသည်းခြောက်ရောဂါ ဖြစ်လေ့ရှိတာတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ အသည်းရောင်အသားဝါ (ဘီ) နဲ့ (စီ) ပိုး ရှိမယ်၊ သည်းခြေလမ်းကြောင်းဆိုင်ရာတွေ ရှိမယ်ဆိုရင် အဲ့ဒီ ရောဂါတွေကြောင့် အသည်းခြောက်တာလည်း ဖြစ်နိုင်သလို မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး နာတာရှည် အသည်းသွေးပြန်ကြောပိတ်တာကလည်း အသည်းခြောက်စေနိုင်ပါတယ်။ အသည်းခြောက်သူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက် (၅-၃၀ ရာခိုင်နှုန်း) တော့ အကြောင်းအရင်း မသိဘဲ ဖြစ်တာလို့ သုတေသနလေ့လာဆန်းစစ်ချက်တွေက ဖော်ပြနေပါတယ်။
ဒီသူတွေဟာ ကိုယ့်မှာ အသည်းခြောက်ရောဂါ ရှိ၊ မရှိဆိုတာကို မသိနိုင်လို့ တခါတရံမှာ အနာနဲ့ဆေးလွဲတာတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အသည်းခြောက်ရောဂါ လက္ခဏာဟာ ရောဂါအဆင့်တွေပေါ် မူတည်ပြီး ကွဲပြားသလို အစောပိုင်းအဆင့်တွေမှာ လက္ခဏာမပြတာ၊ ပြတဲ့လက္ခဏာ အလွန်နည်းတာကြောင့် ဖြစ်ပြီး ရောဂါဆိုးဝါးလာမှသာ လက္ခဏာတွေက သိသိသာသာ ပိုပြတတ်တာကြောင့် ဖြစ်ပါတယ်။
အသည်းခြောက်ပြီဆို အစောပိုင်းပြတတ်တဲ့ လက္ခဏာတွေက ပင်ပန်းပြီးအားနည်းတာ၊ မအီမသာဖြစ်တာ၊ အစာစားချင်စိတ် နည်းလာတာ၊ ကိုယ်အလေးချိန် ကျတာ၊ အသည်းနေရာတစ်ဝိုက်မှ နာကျင်မှုကို ခံစား ရစေတာ၊ သည်းခြေရည် စီးဆင်းမှု မူမမှန်တာ နောက်ဆက်တွဲ အရေပြားယားတာတွေ ဖြစ်တတ်ပါတယ်။ အသည်းခြောက်ရောဂါ ပိုဆိုးလာပြီဆိုရင် ဒါဟာ အသည်းရဲ့ လုပ်ငန်းတွေကို ထိန်းမထားနိုင်တော့တဲ့အဆင့်လို့ သတ်မှတ်လေ့ ရှိပါတယ်။ ဒီအဆင့်မှာ ပြတတ်တဲ့ လက္ခဏာတွေက အသားဝါနဲ့ မျက်လုံးဝါတာ၊ ဗိုက်ဖောင်းလာတာ၊ ခြေထောက်နဲ့ ခြေကျင်းဝတ်တွေ ဖောယောင်တာ၊ ခန္ဓာကိုယ်မှာ အညိုအမဲတွေ စွဲပြီး သွားဖုံးနဲ့ နှာခေါင်းက သွေးယိုတာ၊ အရေပြားမှာ Spider Angiomas လို့ ခေါ်တဲ့ ပင့်ကူမျှင်လို အနီစက်တွေ ဖြစ်တာ၊ လက်ဖဝါးတွေ နီရဲတာ၊ သည်းခြေရည်လမ်းကြောင်း ပြဿနာကြောင့် ဆီးအရောင် ရင့်ပြီး ဝမ်းအရောင် ဖျော့သွားတာတွေ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် ဟောမုန်းမညီမျှတာကြောင့် လိင်စိတ်ဆန္ဒ လျော့ကျတာ၊ အမျိုးသမီးတွေမှာ ရာသီမမှန်တာ၊ အမျိုးသားတွေမှာ ရင်သားတွေ ကြီးလာတာ၊ သွေးထဲက အဆိပ်အတောက်တွေကို ကောင်း ကောင်းမဖယ်ရှားနိုင်တာကြောင့် ဦးနှောက်ကို ထိခိုက်ပြီး စိတ်ရှုပ်ထွေးတာ၊ အာရုံထွေပြားတာ၊ မှတ်ဉာဏ်ချို့ ယွင်းတာ၊ အိပ်ငိုက်တာ ဒါမှမဟုတ် အိပ်မပျော်တာ၊ လက်တွေ တုန်တဲ့အထိ အထိပ်တလန့် ဖြစ်တတ်တာတွေ အထိ ဖြစ်တတ်ပါတယ်။
အစောပိုင်း လက္ခဏာတွေ စပြကတည်းက သတိထားမိပြီဆိုရင် အသည်းခြောက်ရောဂါ ဟုတ်၊ မဟုတ်ကို စစ်ဆေးဖို့ Ultrasound တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်တာ၊ သံလိုက်ဓာတ်မှန် MRI ရိုက်တာ၊ CT abdomen ဆိုတဲ့ ကွန်ပျူတာဓာတ်မှန်ရိုက်တာ၊ အသည်းလုပ်ငန်း ကောင်း၊ မကောင်း စစ်ဆေးတဲ့ LFT လုပ်တာ၊ Prothrombin Time ဆိုတဲ့ သွေးခဲနှုန်းတိုင်းတာ၊ သွေးထဲမှာ ရှိပြီး အသည်းက ထုတ်တဲ့ Albumin ပရိုတင်းဓာတ်ကို တိုင်းတာတာတွေ လုပ်ရပါမယ်။ ဒါ့အပြင် အသည်းခြောက်ရောဂါ ဖြစ်စေနိုင်တဲ့ HBV, HCV တွေကို စစ်ဆေးတာ၊ မျိုးရိုးလိုက် အသည်းရောဂါတွေကို သိနိုင်ဖို့ Ferritin စစ်ဆေးတာနဲ့ အခြားသံဓါတ်တွေကို စစ်ဆေးတာ၊ အသည်းကင်ဆာဖြစ်/မဖြစ်စောင့်ကြည့်ဖို့ Alpha feto protein တွေကို စစ်ဆေးတာတွေ ဆောင်ရွက်ရပါမယ်။
ဒါ့အပြင် ရေဖျဉ်းစစ်ဆေးတာ၊ အစာအိမ်သွေးကြောပြဿနာ ရှိ၊ မရှိကို အစာအိမ်ကြည့်မှန်ပြောင်းနဲ့ စစ်တာအပြင် အသည်းကင်ဆာကို ကူးပြောင်းတာ ရှိ၊မရှိကိုပါ အယ်လ်ထရာဆောင်းနဲ့ စစ်ဆေးရပါမယ်။ ဒါတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ကိုယ်ခံစားနေရတဲ့ လက္ခဏာဟာ အသည်းခြောက်တာကြောင့် ဟုတ်၊ မဟုတ်ကို တိကျစွာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
အသည်းခြောက်ရောဂါကို ခံစားနေရပြီဆိုရင် ဒါဟာဆီးချိုရောဂါလိုပဲ တစ်သက်လုံး ရေရှည်ကုသရမယ့် ရောဂါဖြစ်တယ်ဆိုတာကို လက်ခံဖို့ လိုပါတယ်။
ကုသတဲ့အခါ ကိုယ်ခံစားနေရတဲ့ ရောဂါအဆင့်အလိုက် ကုသရမယ့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အထူးကုတွေအလိုက် ရွေးချယ်ကုသဖို့ လိုပြီး သုံးလ တစ်ကြိမ်၊ ခြောက်လတစ်ကြိမ် အသည်းရဲ့ အလုပ်လုပ်ပုံ မှန်၊ မမှန်ကို စစ်ဆေးဖို့လိုပြီး လိုအပ်သလို ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။ အသည်းခြောက်ရောဂါ ခံစားရသူတွေဟာ သတိထားရမှာက ဆေးခန်းပြတဲ့အခါ၊ အခြားအကြောင်း တစ်ခုခုနဲ့ ခွဲစိတ်မှု ခံယူရတဲ့၊ သွေးထွက်နိုင်တဲ့ သွားနှုတ်တာမျိုးလုပ်တဲ့အခါ ကိုယ့်မှာ ဒီရောဂါရှိကြောင်းကို ကြိုတင်ပြောထားဖို့ လိုပါတယ်။ နောက်ပြီး အစာအိမ်သွေးကြော ထုံး၊ မထုံးကို သိဖို့အတွက် အစာ အိမ်မှန်ပြောင်း ကြည့်တာကို မဖြစ်မနေ လုပ်ဖို့လည်း လိုပါတယ်။ ဒီလို ဖြစ်ရင် အသည်းအပေါ် ဖိအားများနိုင် တာကြောင့်ဖြစ်ပြီး သွေးကြောမထုံးဖို့ ကြိုတင်ကာကွယ်ဆေး ယူတာ၊ အစာအိမ်မှန်ပြောင်းကြည့် ကုသမှု ခံယူတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
ကိုယ်က အသည်းခြောက်ရောဂါကို ခံစားနေရပြီဆိုရင် နေမှုပုံစံအပြင် စားသောက်မှုပုံစံတွေကိုပါ ပြင်ရပါမယ်။ အသည်းကို ဖိအားဖြစ်စေတဲ့ အငန်လွန် အစားအစာတွေကို ရှောင်ဖို့ လိုအပ်ပါတယ်။ ဥပမာ ငါးပိ/ ငါး ခြောက်/ငံပြာရည်နဲ့ ဆားလို အငန်ကဲတဲ့ အစားအစာ၊ ဆားငန်သီး၊ ရှောက်သီးဆေးပြား၊ သွေးဆေး၊ လျက် ဆား၊ ပဲကြီးလှော်၊ မြေပဲလှော် စတာတွေကို ရှောင်ရပါမယ်။ နောက်တစ်ခုကတော့ အရက်နဲ့ ဘီယာ သောက်သုံးတာကို ရှောင်ရပါမယ်။ နောက်တစ်ခုကတော့ အိပ်ဆေး၊ အသည်းကို ထိခိုက်စေတဲ့ ဆေးဝါး၊ NSAID အမျိုးအစား အကိုက်အခဲပျောက်ဆေးနဲ့ နွယ်ချို/ဆားပုပ်ခဲပါတဲ့ တိုင်းရင်းဆေးဝါးတွေ၊ သံဓာတ်နဲ့ ဗိုက်တာမင် (စီ) များတဲ့ အားဆေးတွေကို ရှောင်ရပါမယ်။ အသည်းခြောက်ရောဂါသည်တွေဟာ ဝမ်းမချုပ်ဖို့အတွက်ကို အထူးဂရုစိုက်ဖို့ လိုပါတယ်။
ခန္ဓာကိုယ်ရဲ့ “ဓာတုဗေဒ စက်ရုံ” လို့ တင်စားကြတဲ့ အသည်းဟာ အလွန်ရှုပ်ထွေးသလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းပေါင်း ရာနဲ့ချီအတွက် အလုပ်လုပ်ပေးနေတာပါ။ သည်းခြေရည် ထုတ်ပေးသလို အဆိပ်အတောက်ကို ဖယ်ရှားပေးတယ်၊ ကိုယ်တွင်း အာဟာရဓာတ်တွေကို စီမံပေးသလို ပရိုတင်းဓာတ်တွေကိုလည်း ထုတ်ပေးပြန်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သိုလှောင်ပေးသလို ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့သွေးခဲခြင်းအတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်များကိုလည်း ထုတ်လုပ်ပေးပါသေးတယ်။ နောက်တစ်ခုကတော့ သွေးထဲက ရောဂါပိုးမွှားနဲ့ တခြားအန္တရာယ်များတဲ့အရာတွေကို ဖယ်ရှားပေးတဲ့ ကိုယ်ခံအားစနစ်မှာလည်း (Immune System) အသည်းကပါဝင်ပြန်ပါတယ်။ ဒါကြောင့် အသည်းကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ကိုယ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်။
ကိုးကား – National Institute of Diabetes and Digestive and Kidney Diseases (NIDDK), American Liver Foundation
ကိုးကားလင့်ခ်များ:
Mayo Clinic – Cirrhosis:
1. https://www.mayoclinic.org/…/symptoms-causes/syc-20351487
National Institute of Diabetes and Digestive and Kidney Diseases (NIDDK) – Cirrhosis:
2. https://www.niddk.nih.gov/health…/liver-disease/cirrhosis
American Liver Foundation – Cirrhosis: