ကလေးတွေဟာ ကိုယ်ရှူမယ့်လေကို ကိုယ်တိုင်ရွေးချယ်လို့ မရပါဘူး။ အိမ်မှာဖြစ်ဖြစ်၊ ကားထဲမှာဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်၊ အလုပ်ခွင်၊ လူအများသွားလာတဲ့နေရာတွေမှာဖြစ်ဖြစ် လူကြီးတွေသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှောင်ချင်တိုင်း ရှောင်လို့မရဘဲ ရှူနေရတတ်ပါတယ်။ လူတော်တော်များများက ဆေးလိပ်သောက်တာဟာ သောက်သူကို ထိခိုက်စေတယ်ဆိုတာ သိကြပေမယ့် ကလေးတွေရှူမိနေတဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ကလည်း ကလေးကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်ဆိုတာကို သတိမမူမိကြပါဘူး။
တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာ ဆေးလိပ်နံ့သတ်သတ် မဟုတ်ပါဘူး။ ဆေးလိပ်မီးလောင်နေတဲ့အဖျားက ထွက်လာတဲ့အငွေ့နဲ့ ဆေးလိပ်သောက်သူက ပြန်ရှူထုတ်တဲ့အငွေ့တွေ ပေါင်းစပ်နေတဲ့ အဆိပ်ဓာတ်ပါတဲ့ လေထုညစ်ညမ်းမှုတစ်မျိုးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့အဆိုအရ တစ်ဆင့်ခံဆေးလိပ်ငွေ့ဟာ ပမာဏအနည်းငယ်လေး ဖြစ်နေရင်တောင် ဘေးမကင်းပါဘူး။ အချိန်တိုခဏလေး ရှူမိတာနဲ့ ကလေးငယ်တွေ၊ မွေးကင်းစကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေ၊ နှလုံးရောဂါရှိသူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။
ကလေးငယ်တွေဟာ အဆုတ်၊ ကိုယ်ခံအားစနစ်၊ ဦးနှောက်နဲ့ နှလုံးတို့ဟာ ဖွံ့ဖြိုးနေဆဲဖြစ်တဲ့အတွက် လူကြီးတွေထက် ပိုထိခိုက်လွယ်ပါတယ်။ ကလေးတွေဟာ သဘာဝအရ လူကြီးတွေထက် အသက်ရှူနှုန်းပိုမြန်ပြီး ကိုယ်အလေးချိန်နဲ့ နှိုင်းယှဉ်ရင် လေကို ပိုမိုရှူသွင်းရပါတယ်။ ဒါကြောင့် လေထဲမှာ ဆေးလိပ်ငွေ့ပါနေရင် ကလေးတွေဟာ သူတို့ခန္ဓာကိုယ်အရွယ်အစားနဲ့ မသင့်တော်လောက်အောင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ပိုမိုရှူမိနိုင်ပါတယ်။
မွေးကင်းစကလေးနဲ့ ကလေးငယ်တွေဟာ ဆေးလိပ်ငွေ့ကနေ ကိုယ်တိုင် ထွက်ပြေးရှောင်ရှားနိုင်စွမ်းလည်း မရှိပါဘူး။ လူကြီးတွေက အိမ်အတွင်းမှာ၊ တံခါးနားမှာ၊ ကားထဲမှာ၊ ကလေးနားမှာ ဆေးလိပ်သောက်လိုက်တဲ့အခါ ကလေးတွေဟာ ညစ်ညမ်းတဲ့လေကို မဖြစ်မနေ ရှူနေရတာဖြစ်ပါတယ်။ ပြတင်းပေါက်ဖွင့်ထားတာ၊ ပန်ကာဖွင့်ထားတာတွေကလည်း ဆေးလိပ်ငွေ့ထဲက အမှုန်အမွှားတွေ၊ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေကို အပြည့်အဝ မဖယ်ရှားပေးနိုင်ပါဘူး။ အချို့အမှုန်တွေဟာ လေထဲမှာသာမက အဝတ်အစား၊ ဆိုဖာ၊ အိပ်ယာခင်း၊ ကားထိုင်ခုံ၊ နံရံ၊ ကော်ဇော စတဲ့မျက်နှာပြင်တွေပေါ်မှာပါ ကျန်နေတတ်ပါတယ်။
အိမ်ပြင်ထွက်ပြီး ဆေးလိပ်သောက်တာဟာ အိမ်ထဲမှာသောက်တာထက် ကောင်းပါတယ်။ ဒါပေမယ့် အိမ်ထဲကို ဆေးလိပ်ငွေ့ ပြန်ဝင်လာတာ၊ ဆေးလိပ်သောက်သူရဲ့ အဝတ်အစား၊ ဆံပင်၊ လက်၊ အရေပြားတွေမှာ ဆေးလိပ်အမှုန်အမွှားနဲ့ အဆိပ်တွေ ကပ်ကျန်နေနိုင်တာတွေကြောင့် ကလေးကို အပြည့်အဝမကာကွယ်နိုင်ပါဘူး။ ဒီလိုမျက်နှာပြင်တွေ၊ အဝတ်အစားတွေမှာ ကျန်နေတဲ့ ဆေးလိပ်အဆိပ်ဓာတ်တွေကို ဆေးလိပ်ငွေ့တတိယတစ်ဆင့်ခံသယ်ဆောင်သူ (thirdhand smoke) လို့ခေါ်ပါတယ်။ လူတစ်ချို့က ပြတင်းပေါက်ဖွင့်ထားရင်၊ ပန်ကာဖွင့်ထားရင်၊ အနံ့ပျောက်ဆေးဖျန်းရင်၊ မီးဖိုချောင် ဒါမှမဟုတ် ရေချိုးခန်းထဲမှာ သောက်ရင် ကလေးတွေအတွက် ဘေးကင်းမယ်လို့ ထင်တတ်ပါတယ်။ ဒီနည်းတွေဟာ ဆေးလိပ်နံ့လျော့သွားနိုင်ပေမယ့် ဆေးလိပ်ငွေ့ထဲက အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို မဖယ်ရှားပေးနိုင်သလို လေထုကိုလည်း ဘေးကင်းသွားစေနိုင်တာ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေးငယ်တွေဟာ ကြမ်းပြင်ပေါ်မှာ တွားသွားတာ၊ မျက်နှာပြင်တွေကို လက်နဲ့ထိတာ၊ လက်နဲ့ကစားစရာတွေကို ပါးစပ်ထဲထည့်တတ်တာကြောင့် thirdhand smoke ရဲ့အန္တရာယ်ကို ပိုမိုခံရနိုင်ပါတယ်။
ဆေးလိပ်ငွေ့ထဲမှာ ဓာတုပစ္စည်းထောင်ချီ ပါဝင်ပါတယ်။ အချို့က မျက်စိ၊ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်ကို ယားယံစေပြီး အချို့က သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ အချို့ဓာတုပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ကလေးတွေအတွက်တော့ ဒီလိုဆေးလိပ်ငွေ့ကို ထပ်ခါတလဲလဲ ရှူမိခြင်းက ချက်ချင်းဖြစ်နိုင်တဲ့ ဖျားနာမှုတွေအပြင် ရေရှည် ကျန်းမာရေးပြဿနာတွေအထိ ဖြစ်စေနိုင်ပါတယ်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူမိတဲ့ကလေးတွေမှာ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းလို အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ၊ သလိပ်များတာ၊ ရင်ကြပ်တာ၊ အသက်ရှူခက်တာတွေ ပိုမိုတွေ့ရနိုင်ပါတယ်။ CDC အဆိုအရ ကလေးတွေမှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းဟာ မွေးကင်းစကလေး ရုတ်တရက်သေဆုံးနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတွေ၊ နားအလယ်ပိုင်းရောဂါတွေ၊ ပန်းနာရင်ကျပ် ပိုမိုဖြစ်ခြင်းနဲ့ ပိုဆိုးခြင်း၊ အသက်ရှူလမ်းကြောင်းလက္ခဏာတွေ၊ အဆုတ်ဖွံ့ဖြိုးမှုနှေးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေမှာ ဆေးလိပ်ငွေ့ရှူမိတဲ့အခါ ပန်းနာရင်ကျပ်ဖောက်တာ ပိုမိုမကြာခဏဖြစ်နိုင်သလို ရောဂါတစ်ခါဖောက်ရင်လည်း ပိုမိုပြင်းထန်နိုင်ပါတယ်။ မွေးကင်းစကလေးတွေအတွက်တော့ အန္တရာယ်က ပိုကြီးပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူမိတဲ့မွေးကင်းစကလေးတွေမှာ Sudden Infant Death Syndrome လို့ခေါ်တဲ့ မွေးကင်းစကလေး ရုတ်တရက်သေဆုံးနိုင်ခြေ ပိုမြင့်ပါတယ်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ဟာ နားရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဆေးလိပ်ငွေ့က နှာခေါင်းနဲ့ လည်ချောင်းကို ယားယံစေပြီး နားအလယ်ပိုင်းကို ချိတ်ဆက်ထားတဲ့ Eustachian tube ကို ထိခိုက်စေနိုင်တာကြောင့် နားအလယ်ပိုင်းရောင်ရမ်းစေတဲ့အတွက် ကလေးမှာ နားကိုက်တာ၊ နားပြည်ယိုတာ၊ နားမကြားတာတွေ ခံစားရစေနိုင်ပါတယ်။ နားရောဂါတွေ ထပ်ခါတလဲလဲဖြစ်ရင် ကလေးရဲ့ အိပ်စက်မှု၊ သင်ကြားသင်ယူမှု၊ ကြားနိုင်စွမ်းဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်ပါတယ်။
ဆေးလိပ်ရဲ့ထိခိုက်မှုဟာ ကလေးမမွေးခင် ကိုယ်ဝန်ဆောင်ကာလကတည်းက စတင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်က ဆေးလိပ်သောက်တာဖြစ်ဖြစ်၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို မကြာခဏရှူမိတာဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေဟာ မိခင်ကနေ တစ်ဆင့် ဝမ်းကြာတိုက်ထဲ ကလေးဆီ ရောက်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ သန္ဓေသားဖွံ့ဖြိုးမှုမကောင်းခြင်း၊ ပေါင်မပြည့်၊ လမစေ့ကလေးမွေးခြင်း၊ မွေးပြီးနောက် ကလေးမှာအသက်ရှူပြဿနာ ပိုမိုဖြစ်ပွားခြင်းတို့ ဖြစ်နိုင်ပါတယ်။ လမစေ့ဘဲမွေးတဲ့ကလေး၊ ကိုယ်အလေးချိန်နည်းတဲ့ကလေးတွေဟာ မွေးပြီးနောက် အထူးစောင့်ရှောက်မှုလိုအပ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆေးလိပ်ငွေ့ကနေ ကာကွယ်တာဟာ မွေးပြီးမှ စလုပ်ရမယ့်အရာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ကတည်းက စတင်ရမယ့် ကာကွယ်မှုပါ။
ဆေးလိပ်ငွေ့ကြောင့် ထိခိုက်မှုတွေဟာ တဖြည်းဖြည်းချင်း ဖြစ်လာနိုင်တဲ့အတွက် ကလေးက အပြင်ပန်းကြည့်ရင် ကျန်းမာနေလို့ ဆေးလိပ်ငွေ့က မထိခိုက်ဘူးလို့လည်း မထင်သင့်ပါဘူး။ မကြာခဏ ချောင်းဆိုးတာ၊ အအေးမိတတ်တာ၊ အိပ်မပျော်တာ၊ လေ့ကျင့်ခန်းလုပ်ရင် ရင်ကြပ်သံမြည်တာ၊ နားရောဂါထပ်ခါတလဲလဲဖြစ်တာတွေဟာ ကလေးရဲ့အသက်ရှူလမ်းကြောင်းကို ဆေးလိပ်ငွေ့က ထပ်ခါတလဲလဲ ထိခိုက်စေနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကလေးတွေကို ကာကွယ်ဖို့ မိသားစုဝင်တွေနဲ့ ဧည့်သည်တွေကို အိမ်ထဲမှာ၊ ကလေးနားမှာ၊ အိမ်နားမှာ၊ ကားထဲမှာ ဆေးလိပ်မသောက်ဖို့ ပြောထားသင့်ပါတယ်။ ဆေးလိပ်သောက်ပြီး ကလေးကို ချီမယ်ဆိုရင် လက်ဆေးတာ၊ အပေါ်ထပ်အဝတ်အစားလဲတာတွေ လုပ်သင့်ပါတယ်။ မိသားစုထဲမှာ ဆေးလိပ်သောက်သူရှိရင် ဖြတ်နိုင်အောင် ကူညီပေးသင့်ပါတယ်။
ဆေးလိပ်ငွေ့ဟာ သောက်သူတစ်ယောက်တည်းကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ အနီးနားက ကလေးတွေကိုပါ အသက်ရှူလမ်းကြောင်းရောဂါ၊ ပန်းနာရင်ကျပ်ဖောက်ခြင်း၊ နားရောဂါ၊ အဆုတ်ဖွံ့ဖြိုးမှုနှေးခြင်းနဲ့ မွေးကင်းစကလေး ရုတ်တရက်သေဆုံးနိုင်ခြေအထိ ဖြစ်စေနိုင်ပါတယ်။
လူကြီးတွေမှာ ဆေးလိပ်သောက်မသောက် ရွေးချယ်ခွင့်ရှိနိုင်ပေမယ့် ကလေးတွေမှာတော့ သန့်ရှင်းတဲ့လေကို ရွေးချယ်ခွင့်မရှိပါဘူး။ ကလေးတွေကို ဆေးလိပ်ငွေ့ကနေ ကာကွယ်ပေးခြင်းဟာ မိသားစုတိုင်းနဲ့ လူမှုအသိုင်းအဝိုင်းတိုင်းရဲ့ အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်ပါတယ်။
References
1. World Health Organization: Tobacco and secondhand smoke factsheet
2. CDC: About Secondhand Smoke and Health Problems Caused by Secondhand Smoke
3. American Academy of Pediatrics / HealthyChildren.org: The Dangers of Secondhand Smoke