ကျွန်တော်တို့ ခံတွင်းထဲမှာ အသုံးတည့်တဲ့သွားတချောင်းဆုံးရှုံးသွားရင် ဘာတွေဖြစ်သွားမလဲ? သွားတချောင်းမရှိလို့တော့လည်း အသက်အန္တရာယ်နဲ့ အဝေးကြီးပါ။ တချောင်းမှမရှိပါပဲ ရှင်သန်နေထိုင် ကြတဲ့သူတွေလည်း ပတ်ဝန်းကျင်မှာ တွေ့နေ မြင်နေရတာပါပဲဗျာ။ ဒါပေမယ့် နေထိုင်ရတဲ့ လူနေမှုဘဝ ပုံစံတွေပေါ်မှာတော့ အများကြီးအပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်။ သွားဘက်ဆိုင်ရာဆရာဝန် ဖြစ်နေလို့လားတော့ မသိဘူး၊ လူတယောက်ကိုတွေ့လိုက်ရင် ဆွဲထားတဲ့တန်ဖိုးကြီး ဆွဲကြိုး၊ နားကပ်၊ လက်ဝတ်ရတနာထက် ကျန်းမာနေတဲ့သွားတွေကို မြင်ရတာက ကျွန်တော့်အတွက်တော့ တန်ဖိုးထား စရာလို့ မြင်တာပါပဲဗျာ။
ကျွန်တော်တို့ခံတွင်းထဲမှာ အရွယ်ရောက်ပြီးသား လူတဦးအနေနဲ့ အပေါ်အောက်သွား စုစုပေါင်း (၃၂)ချောင်းရှိပါတယ်။ တချို့အံဆုံးမပေါက်ခဲ့တာမျိုးဆိုရင်တော့ (၂၈)ချောင်းပေါ့ဗျာ။ အပေါ်သွားမှာပဲ ဘယ်ညာရှေ့သွား(၄)ချောင်း၊ စွယ်သွား(၂)ချောင်း၊ အံသွားအသေး(၄)ချောင်း၊ အံသွားအကြီး(၄)ချောင်း နဲ့ အံဆုံး(၂)ချောင်း အားလုံးပေါင်း (၁၆)ချောင်းရှိပါတယ်။ အပေါ်/ အောက်ဆိုတော့ စုစုပေါင်း(၃၂)ချောင်း ရှိပါတယ်ဗျ။
အကြောင်းအမျိုးမျိုးကြောင့် သွားတချောင်းနှုတ်ထား/ ဆုံးရှုံးထားရရင် (၃၂)ချောင်းရဲ့ ဘယ် တချောင်းဖြစ်မလဲပေါ်မှာမူတည်ပြီး လူတွေရဲ့ လက်ခံဆုံးဖြတ်မှုတွေက ကွဲပြားကြပါတယ်။ လူမြင်နိုင် တဲ့အရှေ့သွားတချောင်းဖြစ်နေခဲ့ရင် အများအားဖြင့် ကြိုးစားပြီး ပြန်အစားထိုးစိုက်တတ်ကြပေမဲ့ လူမ မြင်ရတဲ့ အနောက်ဖက်အံသွားနေရာမှာဖြစ်ခဲ့ရင်တော့ ပေါ့ပေါ့တန်တန်ပဲ ပစ်ထားလိုက်ကြတာများ ပါတယ်။ သွားတွေက တချောင်းနဲ့တချောင်း၊ တဖက်နဲ့တဖက်၊ အပေါ်နဲ့အောက် အပြန်အလှန်ထိန်း ကျောင်းပြီး စုစည်းတည်ရှိတဲ့ သဘာဝရှိပါတယ်။
(ပုံမှာပြထားတဲ့အတိုင်း) အောက်အံသွားတချောင်း ဆုံးရှုံးထားရင် ဘေးဘယ်ညာကသွားတွေ ယိုင်ပြီး သွားတွေရဲ့ သဘာဝထိချက် ပျက်ယွင်းလာပါတယ်။ သွားတချောင်းဆုံးရှုံးထားလို့ ဝါးရစားရ မကောင်းဖြစ်တဲ့ကြားက အရင်ကထက် အစာပိုညှပ်လာပါတယ်။ အစာညှပ်လာရင် သွားဖုံးပြဿနာ၊ သွားပိုးစားရောဂါတွေ ဖြစ်လွယ်ဖို့ အခြေအနေဖန်တီးထားသလိုဖြစ်နေပါတယ်။ သန့်ရှင်းရခက်တဲ့ အနေအထားဖြစ်လာရင် သွားရောဂါတင်မဟုတ်ဘဲ သွားချေးကျောက်များ ပိုမိုကပ်လွယ်ကာ ရေစီး ကမ်းပြိုရောဂါထိ ဖြစ်နိုင်ပါတယ်။ နှုတ်ထားတဲ့သွားရဲ့ ဆန့်ကျင်ဘက်သွားကလည်း ထိချက်မရှိတော့ တဲ့အတွက် ရှည်ကျလာပါတယ်။ ရှည်ကျလာတော့ မညီညာတော့ဘဲ လှေကားထစ်လိုဖြစ်ကာ အစာ ညှပ်၊ သွားပိုးစား၊ ဝါးလို့ အဆင်မပြေဖြစ်လာပါတော့တယ်။ စားလို့ ဝါးလို့မကောင်းတော့တာနဲ့ နောက် တဖက်ပြောင်းဝါးရင်း စားရင်း အသုံးပြုပါများတဲ့ဖက်ခြမ်းက သွားတွေကလည်း နှစ်ဖက်မျှဝါးရမဲ့ဝန်ကို တဖက်တည်း ဖိဝါးခံရတော့ ဝန်နဲ့အား မမျှသလိုဖြစ်ရင်း သက်တမ်းတိုကာ ပျက်စီးဖို့ ဖြစ်လာပါတယ်။
ဒါ့အပြင် တဖက်စောင်းဝါးရတဲ့အတွက် (Temporomandibular joint disorder) TMJ disorder လို့ခေါ်တဲ့ မေးရိုးဆုံတွေ ချော်တတ်လာတယ်၊ နာတတ်လာတယ် စသဖြင့် မီးခိုးကြွက်လျှောက်ဆိုသလို ပြဿနာတွေ ဆင့်ကဲဖြစ်လာနိုင်ပါတယ်။ မျက်နှာတဖက်ခြမ်းနဲ့တဖက် မညီမညာ ဖြစ်လာတာလည်း အချိန်ကြာလေ သိသာလေ ဖြစ်လာပါလိမ့်မယ်။
အထက်မှာ ပြောခဲ့တာတွေကတော့ သွားတချောင်းနှုတ်လိုက်တာကို အချိန်မီ အစားထိုးမစိုက် ခဲ့ရင် ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို ရှင်းပြရေးသားထားတာဖြစ်ပါတယ်။ အချိန်လွန်မှ သွားပြန် စိုက်လို့မရဘူးလားဆိုရင် “ရပါတယ်” ဆိုပေမဲ့ ဘေးဘယ်ညာယိုင်နေတဲ့အတွက် သွားစိုက်ဖို့နေရာ အခက်အခဲရှိတာ၊ ဆန့်ကျင်ဘက်သွားရှည်ကျလာလို့ ပြန်ပြုပြင်ရတာ၊ ကုသရတာတွေနဲ့ ခက်ခက်ခဲခဲ ပြန်လည်အစားထိုးစိုက်နိုင်ပါတယ်။ အချိန်မီ အစားထိုးစိုက်ခဲ့ရင် လွယ်ကူနိုင်ရဲ့နဲ့ နောက်ကျမှ စိုက် မယ်ဆိုရင်တော့ အပ်နဲ့ထွင်းရမည့်ကိစ္စကို ပုဆိန်နဲ့ပေါက်ရသလို ပင်ပင်ပန်းပန်း ကုသရနိုင်ပါတယ်ဗျာ။
ဒါ့ကြောင့် သွားတချောင်းအကြောင်းအမျိုးမျိုးနဲ့ ဆုံးရှုံးထားရင် အချိန်မီ စနစ်တကျပြန်လည် အစားထိုးစိုက်ထားဖို့ အရေးကြီးပါတယ်။ သွားတချောင်းအစားထိုးစိုက်တယ်ဆိုတာ မရှိတဲ့နေရာကို သာ ဖြည့်ခြင်းမဟုတ်ဘဲ ပါးစပ်ထဲရှိ ကျန်တဲ့သွားအားလုံးအတွက် များစွာအကျိုးရှိကြောင်း အသိပေး ပါရစေဗျာ။
ကျွန်တော်တို့ရဲ့ ဆရာသမားတွေပြောတတ်ကြတဲ့ စကားနဲ့ဆိုရလျှင် “သွားရှိလျှင်သွားတိုက်ပါ၊ သွားမရှိလျှင် သွားစိုက်ပါ” ဆိုတဲ့ဆောင်ပုဒ်လေးနဲ့ပဲ အဆုံးသတ်အသိပေးလိုက်ပါရစေ။