မေလ လယ်ခန့်က စပြီး ဆက်တိုက်ရွာသွန်းတဲ့ မိုးကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်း အပါအဝင် မနိုးများတဲ့ဒေသေတွမှာ ရေဝပ်မှုတွေကြောင့် ခြင်ပေါက်ဖွားမှု တိုးလာပြီး ခြင်က တဆင့် ကူးစက်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါအပြင် ရာသီတုပ်ကွေးပြဿနာတွေ အဖြစ်များလာနေတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဒေသခံတွေက MyanHealth ကို ပြောပြပါတယ်။ မိုးရွာလို့ ခြင်ပေါလာတာနဲ့အတူ လူနေမှုပုံစံကို ပြောင်းလဲနေရတယ်လို့ သူတို့က ဆိုပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာနေတဲ့ အိမ်ရှင်မတစ်ဦးက “လူနေအရမ်းစိပ်တော့ တစ်အိမ်နဲ့ တစ်အိမ်က ကပ်နေတာ။ နောက်ပြီး ရေဝပ်တော့ ခြင်တွေ တအားပေါတာ။ အိမ်ထဲနေတာတောင် ခြင်ထောင်ထောင်နေရတယ်။ ထမင်းစားရင်တောင် ကလေးတွေကို ခြင်ထောင်ထဲမှာ ကျွေးရတယ်။ ခြင်ပေါချက်က ရက်စက်တယ်”လို့ ပြောပါတယ်။
“မိုးကရွာ၊ ရေကလျှံတော့ ရေတွေက အိမ်အောက်အထိ ရောက်တယ်။ ကျွန်မတို့က မြေနိမ့်ပိုင်းမှာလေ။ ခြင် အကြီးတွေကော၊ အသေးတွေရော တိမ်တောင် ထသလိုပဲ။ ကလေးတွေလည်း ကိုက်၊ လူကြီးတွေလည်း မအိပ်ရဘူး။ ခြင်ဆေးဖြန်းလည်း မသက်သာဘူး။ ပတ်ဝန်းကျင်မှာ သွေးလွန်တုပ် ကွေးတွေ အဖြစ်များနေပြီ” လို့ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှာ နေတဲ့သူတစ်ဦးကလည်း သူတို့အခြေအနေကို ရှင်းပြပါတယ်။
လူနေထူထပ်တဲ့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းအပါအဝင် မိုးများဒေသတွေမှာ ဒီပြဿနာကို အခြေခံလူတန်း စားအများစု နေတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေ၊ ရေဝပ်နေရာတွေမှာ အများဆုံး ကြုံနေကြတာဖြစ်ပြီး လာမယ့် မိုးတွင်းကာလတစ်ခုလုံးအတွက် စိုးရိမ်နေကြပါတယ်။
မိုးတွင်းကာလမှာ ရေနုတ်မြောင်းတွေ ပိတ်ဆို့ – ရေဝပ်တာ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းတာတွေက ခြင်က တဆင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးအပြင် ငှက်ဖျားလို ခြင်ကတဆင့် ကူးစက်တဲ့ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။ အလားတူ မိုးဦးကာလ ကတည်းက ဒီအခြေအနေတွေကို သတိပြုဖို့က ခြင်အန္တရာယ်ကာကွယ်မှုကို စနစ်တကျ လုပ်ထားကြဖို့လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း သတိပေးထားပါတယ်။
“အလုပ်က ပင်ပန်းလို့ ပြန်လာရင် ညဘက် ကောင်းကောင်း မအိပ်ရဘူး။ ရပ်ကွက်ထဲမှာက ရေက ဝပ်နေတော့ ခြင်ဆေးခွေလည်း မနိုင်ဘူး။ ခြင်ထောင်ကလည်း ဟောင်းနေတော့ ပေါက်တဲ့နေရာက ဝင်ကိုက်တာပဲ။ ကလေးတွေဆို ညဘက် ခြင်ကိုက်လို့ ခဏခဏနိုးပြီး ငိုတယ်။ ခြင်ဆေးခွေထွန်းပြန်တော့လည်း ကလေးတွေ ချောင်းဆိုးရင်ကျပ်ဖြစ်တယ်” လို့ ပဲခူးတိုင်း၊ သနပ်ပင်မြို့ခံတစ်ဦးက လက်တလော ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြပါတယ်။
လတ်တလော မေလဆန်းကနေ စပြီး များလာတဲ့ မိုးနဲ့အတူ ခြင်အန္တရာယ်ကြောင့် သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးဖြစ်ပွားသူတွေ ရှိလာနေပြီး ရာသီတုပ်ကွေးအတွက် ကြိုတင်ဆေးထိုးထားကြဖို့ကိုလည်း ရန်ကုန်မြို့မှာ ဆေးခန်းဖွင့်ထားသူ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။ သွေးလွန်တုပ်ကွေး ကာ ကွယ်ဆေးကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်၊ ကိုယ်ခံအားကျဆင်းသူနဲ့ ကင်ဆာရောဂါရှိသူ၊ ပဋိဇီဝဆေး သုံးသူတွေကလွဲဘလို့ အသက် ၄ နှစ်ကနေ ၆၀ အကြာ ဘယ်သူမဆို ထိုးနှံသင့်ပြီး ထိုးမယ်ဆိုရင် ကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ ထိုးဖို့ ဆေးပညာကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
မိုးများလို့ ရေဝပ်၊ ရေဝပ်လို့ ခြင်ထူ၊ ခြင်ထူလို့ ဖြစ်တဲ့ သွေးလွန်တုပ်ကွေးဟာ အဓိကအားဖြင့် အေးဒီး (စ်) လို့ ခေါ်တဲ့ ခြင်ကြားကိုက်မှုကြောင့် အများဆုံးဖြစ်တတ်ပြီး ပုံမှန်အားဖြင့် ဖျားမယ်၊ ခေါင်း ကိုက်မယ်၊ အရေပြားမှာ အနီစက်တွေ ထွက်မယ်၊ ကြွက်သားနဲ့ အဆစ်နာတွေကို လက္ခဏာအဖြစ် ပြ တတ်ပါတယ်။ ရောဂါပျိုးကာလဟာ ၃ ရက်ကနေ ၁၄ ရက်အထိ ကြာတတ်ပြီး လက်ရှိကာလအထိ အဲဒီအတွက် ရာနှုန်းပြည့်ကာကွယ်ဆေးဆိုတာ မရှိသေးပါဘူး။ ရောဂါပိုးဟာ သေစေတဲ့အထိ မပြင်း ထန်တတ်ပေမယ့် တချို့မှာတော့ ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုနဲ့ သွေးဖိအား အလွန်ကျဆင်းပြီး ကိုယ်တွင်းကလီစာ အလုပ်လုပ်တာကို ကစဉ့်ကလျားဖြစ်စေတဲ့အထိ ဖြစ်ပေါ်တဲ့အခါ အသက်အန္တရာယ်ကိုပါ ဖြစ်စေနိုင်ပါတယ်။ လက်ရှိအချိန်အထိ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေဟာ အသက်ကန့်သတ် ချက်နဲ့သာ သုံးနိုင်တာ၊ ရာနှုန်းပြည့်ကာကွယ်ဆေး မဟုတ်တာကြောင့် ခြင်ပေါက်ဖွားနိုင်တဲ့နေရာကို ရှင်းလင်းပြီး ခြင်ကောင်ရေ လျှော့ချတာ၊ ခြင်ကိုက်ခံရတာ နည်းအောင် နေခြင်းနည်းနဲ့ ရောဂါ ဖြစ်ပွားမှုကို လျှော့ချရမှာ ဖြစ်ပါတယ်။
ရာသီတုပ်ကွေးကာကွယ်ဆေးကိုလည်း အသက် (၆) လ နဲ့ အထက် မည်သူမဆို နှစ်စဉ်ထိုးနှံလို့ ရပြီး ရောဂါမဖြစ်အောင် ကာကွယ်ပေးရုံမက ဖြစ်ခဲ့ရင်တောင် ရောဂါပြင်းထန်မှုနဲ့ သေဆုံးနိုင်ခြေ ကို လျှော့ချပေးပါတယ်။ ရာသီတုပ်ကွေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်ရောဂါ မျိုးဖြစ်ပြီး နှစ်စဉ် လူဦးရေ ဘီလီယံနဲ့ချီ ဖြစ်ပွားသလို သုံးသန်းကနေ ငါးသန်းလောက်ဟာ ပြင်းထန် တုပ်ကွေးအဖြစ် ခံစားကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ လူအ များစုဟာ တုပ်ကွေးဖြစ်ရင် အလိုအလျောက် ပျောက်ကင်းနိုင်ပေမယ့် ခုခံအားကျသူတွေနဲ့ တခြား ရောဂါအခံရှိသူတွေအတွက် အသက်အန္တရာယ် ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရန်ကုန်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာသိန်းစိုးမင်းက “သွေးလွန်တုပ်ကွေးရော၊ ရာသီတုပ်ကွေးရော ဖြစ်ကြတာတွေ ရှိလာတယ်။ ဆေးရုံတက်ရတဲ့ လူနာတော့ မများသေးဘူး။ ဒါပေမဲ့ အန္တရာယ်ကတော့ ရှိတယ်။ ရာသီဥတုကလည်း မမှန်ဘူး။ ခြင်တွေလည်း ပိုများသလို ကြိုတင်ကာကွယ်ဖို့ကို အကြံပေးချင်ပါတယ်” လို့ ပြောပါတယ်။
ရာသီတုပ်ကွေး ဖြစ်ပြီဆိုရင် အသက်ရှူရ ခက်ခဲပြီး မောတာ၊ ရင်ဘက် အောင့်တာ၊ ရင်ဘက်ထဲ တင်းကျပ်ပြီး အဖျားက ပျောက်လိုက်ပေါ်လိုက်ဖြစ်ပြီး ပြန်ဖျားချိန်မှာ ခံစားရမှု ပိုပြင်းထန်တာ၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ အစားမဝင်တာ၊ မှိန်းနေတာတွေကို ပြတတ်ပြီး ဒီလက္ခဏာကို မြင်ရရင် ဆေးခန်းပြဖို့နဲ့ အတတ်နိုင်ဆုံး ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားကြဖို့ ကျန်းမာရေးဆိုင် ရာကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
ဒါ့အပြင် ရာသီတုပ်ကွေး ကူးစက်မှု မပြန့်ဖို့ဆိုရင် ကြိုတင်ကာကွယ်ဆေးအပြင် လက်ကို ဆပ်ပြာနဲ့ မကြာမကြာ စနစ်တကျ ဆေးတာ၊ မကြာခဏ ကိုင်တွယ်တတ်တဲ့ ပစ္စည်းတွေကို ပိုးသတ်ဆေးရည်နဲ့ သန့်ရှင်ရေးလုပ်တ၊ ချောင်းဆိုး ရင် တစ်ရှူး ဒါမှမဟုတ် လက်ကိုင်ပုဝါနဲ့ အုပ်ပြီးမှ ဆိုးတာ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တခြားသူ တွေကို မထိစေဘဲ သီးသန့်သုံးတာ၊ အအေးမိထားသူနဲ့ ဝေးဝေးနေတာ၊ တုပ်ကွေးရောဂါအဖြစ်များချိန်မှာ လူစုလူဝေးများတဲ့နေရာတွေကို ရှောင်ကြဉ်တာ၊ ကိုယ်ခံအားကောင်းအောင် အိပ်ရေးဝဝ အိပ်တာနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို ဂရုတစိုက် နေဖို့၊ လုပ်ဖို့ လိုပါတယ်။ နေအိမ်တွေမှာ “ဖုံး – သွန် – လဲ – စစ်” နည်းကို လက်တွေ့ကျင့်သုံးဖို့ လိုပါတယ်။ “ဖုံး” ကတော့ ရေသိုလှောင်ထားတဲ့အရာတွေကို အဖုံးပိတ်ထားဖို့၊ “သွန်” – မလိုအပ်တဲ့ ရေတွေကို ရေဝပ်တာမဖြစ်အောင် ဖယ်ရှားဖို့၊ “လဲ” – ရေကို ပုံမှန် လဲလှယ်ပေးဖို့၊ “စစ်” – သုံးမယ့်ရေကို စစ်ပြီးမှ သုံးတာမျိုးဖြစ်ပြီး ငွေကုန်ကြေးကျလည်း မရှိတာမို့ စနစ်တကျ လိုက်လံလုပ်ဆောင်ဖို့ ကျန်းမာရေးဝန် ထမ်းတွေက တိုက်တွန်းထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း မိုးတွင်းကာလ ခြင်အန္တရာယ်၊ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေး ရောဂါတွေကို ကြိုတင်ကာကွယ်လို့ရမယ့်နည်းလမ်းတွေကို မကြာခဏ ထုတ်ပြန်ပေးလျက် ရှိပြီး ကာကွယ်ရေးလုပ်ငန်းကို ပြည်သူလူထုပါဝင်တဲ့ လှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆိုထားပါတယ်။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးအတွက် ကြိုတင်ကာကွယ်ပါ၊ ကာကွယ်ဆေး ကြိုထိုးကြပါလို့ တိုက်တွန်းတွေ ရှိပေမယ့် သာမန်အခြေခံလူတန်းစားတွေအတွက်တော့ ထင်သလောက် မလွယ်နေပါ ဘူး။ ကာကွယ်ဆေးတွေကို ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ အခကြေးငွေနဲ့ ထိုးနိုင် ကြောင်း ကြေညာတာရှိသလို နေအိမ်တွေအထိ လိုက်ပြီး ထိုးပေးတဲ့ ဝန်ဆောင်မှုတွေ ရှိနေပေမယ့် စျေးနှုန်းနဲ့ ကုန်ကျမှုက လက်လှမ်းမမီမှုကို ဖြစ်နေစေတာပါ။
မေလအတွင်း MyanHealth ရဲ့ စျေးကွက်ထဲ စုံစမ်းမှုတွေအရ ရာသီတုပ်ကွေးနဲ့ ပြင်းထန်တုပ်ကွေး ကာကွယ်ဆေးတစ်လုံးကို ကျပ် ၆၀,၀၀၀ ကနေ ၇၀,၀၀၀ ကျပ်အထိ ရှိပြီး နှစ်ကြိမ်ထိုးရတဲ့ သွေးလွန် တုပ်ကွေး ကာကွယ်ဆေးကတော့ ၆၀၀,၀၀၀ ကနေ ၇၀၀,၀၀၀ ကျပ်အထိ ရှိနေပါတယ်။ ခြင်အန္တရာယ် ကာကွယ်ဖို့အတွက် သာမန်လူတန်းစားတွေ သုံးတဲ့ ခြင်ဆေးဖူး (စပရေး) ဟာ အရင်နှစ်က ၃,၀၀၀ ကျပ်ဝန်းကျင်ကနေ ၆,၅၀၀ ကျပ်၊ ခြင်ဆေးခွေဗူးဟာ အမျိုးအစားအလိုက် ၇၀၀ ကနေ ၁,၆၀၀ ကျပ်၊ ခြင်ပြေးတယ်ဆိုပြီး သုံးတဲ့ နနွင်းတက်စျေးဟာ အရင်က တစ်ပိဿာ ၄,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်အထိ ရှိနေပါတယ်။ အထွေထွေ ကုန်စျေးနှုန်း တက်နေတာ၊ ဝင်ငွေ မြင့်တက်မလာတာတွေက ဒီလိုကာကွယ်ရေးကိစ္စတွေမှာ ငွေသုံးဖို့အတွက် သာမန်မိသားစုတွေအတွက်တော့ ကြီးကြီးမားမား အ ခက်အခဲပါ။
“ကျွန်တော့မှာ သားနှစ်ယောက် ရှိတယ်။ မနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်လို့ ဆေးရုံတက်ရတယ်။ ဒီနှစ်ကတော့ ဆေးကြိုထိုးထားတယ်။ တစ်ယောက်စာပဲ ထိုးနိုင်တယ်” လို့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာနေတဲ့ ကိုအေးစိုးက MyanHealth ကို ပြောပြပါတယ်။
ပူပြင်းခြောက်သွေ့မယ်ဆိုတ့ အယ်လ်နီညိုသတိပေးချက်တွေ ရှိပေမယ့် ရန်ကုန်၊ ဧရာဝတီအပါအဝင် မြန်မာပြည်က ဒေသအများစုမှာ မိုးရွာသွန်းတာတွေ ဆက်တိုက်ဖြစ်နေသလို အနိမ့်ပိုင်းဒေသနဲ့ ရပ်ကွက်အချို့မှာ ရေဝပ်တာတွေက ဆက်ရှိနေဆဲပါ။ ကပ္ပလီနဲ့ ဘင်္ဂလားပင်လယ်မှာ မုတ်သုံလေ အား ကောင်းလာနေပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်မှာ မိုးများနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။ နောက်ပြီး ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း (တောင်ပိုင်း) မှာ မိုးတိမ်တောင်တွေဖြစ်နေပြီး မိုးရွာသွန်းနိုင်ပြီး မိုးတိမ်တောင်တွေမှာ မိုးရွာရင် သာမန်ထက် မိုးရေချိန်များသလို ရေဝပ်တာတွေသာမက ရေကြီးနစ်မြုပ်မှုဒဏ်ကို ကြုံရတတ်ပါတယ်။
မေလအကုန် ဇွန်လဆန်းပိုင်းမှာလည်း အနောက်တောင်မုတ်သုံလေ အရှိန်အဟုန်နဲ့ ဝင်ရောက်တာအပြင် ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းဆဲလ် (Low Pressure Cell) ဖြစ်လာနိုင်လို့ မိုးက ဆက်ပြီးရွာဦးမယ်လို့ MM Weather ဝက်ဘ်ဆိုက် တည်ထောင်သူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ မိုးများရင် ရေဝပ်ဧရိယာ ကျယ်ပြန့်လာနိုင်တာကြောင့် ရာသီတုပ်ကွေး၊ ခြင်နဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်တွေကို ပိုပြီး သတိပြုသင့်ကြောင်းကို “မိုးတွင်းကာလကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေအတွက်ပါ ကြိုတင်ကာကွယ်ခြင်းကပဲ အကောင်းဆုံးပါပဲ” လို့ ဦးဝင်းနိုင်က ထပ်ဆင့်သတိပေးထားပါတယ်။