ဆေးရုံ ဆေးခန်းကိုလာတဲ့ လူနာတော်တော်များများမှာ ခေါင်းမူးတယ်လို့ ပြောပြီးလာတဲ့ လူနာတွေ တော်နော်များများရှိပါတယ်။ နေထိုင်မကောင်းဖြစ်လို့ ခံစားရတဲ့ ရောဂါလက္ခဏာတွေအကြောင်း ပြောကြရင်လည်း ခေါင်းမူးတယ် ဆိုတာ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ခေါင်းမူးစေတဲ့အကြောင်းတရားတွေများစွာရှိပါတယ်။ ဖျားနာတာကြောင့်၊ အိပ်ရေးပျက်တာကြောင့် စသဖြင့် အကြောင်းတရားများစွာရှိပါတယ်။ ဒီလိုအကြောင်းတရားတွေ ထဲကမှ ရုတ်တရက် ချာချာလည်အောင်ခေါင်းမူးတာ (Benign Paroxysmal Positional Vertigo – BPPV) ဟာ အဖြစ်အများဆုံးဖြစ်သလို ထိထိရောက်ရောက်ကုသလို့ရတဲ့ ခေါင်းမူး ဝေဒနာမျိုး လည်းဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ ဆေးခန်းလာပြတဲ့ သက်ကြီးရွယ်အိုတွေ အများစုကြုံကြရတဲ့ ဝေဒနာဟာ ရုတ်တရက် ခေါင်းချာချာလည်အောင်မူးတာပဲ ဖြစ်ပါတယ်။
လေ့လာထားတဲ့ စစ်တမ်းများအရ လူဦးရေ တသိန်းမှာ ၁၀ဦးကနေ ၆၄ဦးထိ ရုတ်တရက်ချာချာလည်အောင်ခေါင်းမူးတာမျိုး ဖြစ်ပွားတယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် တခါတရံ ရောဂါအမည်တပ်မှားတာပါရှိနိုင်ပြီး ဒီထက်ဖြစ်ပွားနှုန်းများတယ်လို့ ဆရာဝန်တော်တော်များများက လည်း ယုံကြည်ကြပါတယ်။ အသက်ကြီးသူတွေ အထူးသဖြင့် ၆၀ကျော်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ၂၀အောက်အရွယ်မှာတော့ သိပ်မတွေ့ရပါဘူး။ အမျိုးသမီးများဟာ အမျိုးသားများထက် ၂ဆ ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာမှာလည်း ဖြစ်နိုင်ခြေဖြစ်ပွားနှုန်းကလည်း ၂.၄ ရာခိုင်နှုန်းခန့်ရှိပါတယ်။
ရုတ်တရက်ချာချာလည်အောင်မူးတာ(BPPV)ကို ဖြစ်စေတဲ့ အကြောင်းတရားများစွာရှိပါတယ်။ သို့သော်လည်း အများစုကတော့ အကြောင်းအရင်းရှာမရတာ(idiopathic) တွေ့ရပါတယ်။ တခြားဖြစ်စေတဲ့ အကြောင်းတရားတွေကတော့ အသက်ကြီးလာတာနဲ့အမျှ အတွင်းနား တည်ဆောက်ပုံများ ယိုယွင်းလာတာကြောင့်ဖြစ်ပါတယ်။ ခေါင်း ထိခိုက်ဒဏ်ရာရမှုကြောင့် မူလနေရာကနေ ပုံဆောင်ခဲလေးများ ပြုတ်ထွက်သွားတာကြောင့် လည်းဖြစ်တတ်ပါတယ်။ နားတွင်း အာရုံကြောရောင်ခြင်း (Vestibular neuritis)၊ အတွင်းနား၌ နားတွင်းပြန်ရည်စုပြီး ဖိအားများခြင်းကြောင့်ဖြစ်တဲ့ မန်းနီးယဲစ်ရောဂါ (Meniere’s disease) ကြောင့်လည်းဖြစ်တတ်သလို
အိပ်ရာထဲတွင် ကြာရှည်နားနေရခြင်း ဒါမှမဟုတ် ဆေးရုံတက်နေရခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ မိုင်ဂရိန်း (Migraine) နှင့် ဗီတာမင်ဒီ (Vitamin D) ချို့တဲ့ခြင်းတို့သည်လည်းဖြစ်စေတဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။
ဒီလိုခေါင်းမူးရခြင်းရဲ့ အဓိကကတော့ နားရဲ့ အတွင်းပိုင်း (Inner ear) ရဲ့ ပြဿနာတစ်ခုကြောင့် ဖြစ်ပြီး ခေါင်းအနေအထား ပြောင်းလဲမှုကြောင့် ရုတ်တရက်ခဏတာ ပြင်းထန်စွာ မူးဝေခြင်းကို ဖြစ်စေတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့နားအတွင်းပိုင်းမှာရှိတဲ့ Utricle လို့ခေါ်တဲ့နေရာမှာ ကယ်လ်စီယမ် ကာဗွန်နိတ် ပုံဆောင်ခဲလေးများ (Otoconia) ရှိပါတယ်။ဒီ ကယ်လ်ဆီယမ် ကာဗွန်နိတ် ပုံဆောင်ခဲလေးတွေဟာ ကိုယ်ခန္ဓာကောင်းစွာရပ်တည်နိုင်ဖို့၊ ဟန်ချက်ထိန်းဖို့ အကူအညီပေးပါတယ်။ ဒါပေမယ့် ရှိသင့်ရှိထိုက်တဲ့ နေရာကနေ ရွေ့သွားပြီး နားအတွင်းအခြားသော ပြွန်လေးတွေ (Semi-circular canals) ကိုရောက်သွားတဲ့အခါမျိုးနဲ့ အခန့်မသင့်လို့ သွားပိတ်တဲ့အခါ ချာချာလည်အောင် မူးတာမျိုး ဖြစ်ပါတော့တယ်။ ပုံမှန် အထိုင်အထပြုလုပ်ချိန်၊ ခေါင်းကိုလှည့်ချိန်တွေမှာ လည်း အဲဒီ ပုံဆောင်ခဲလေးတွေဟာ ရွေ့လျားသွားတတ်ပါတယ်။ ဒါပေမယ့် ရောဂါပိုးဝင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကြောင့် ပုံဆောင်ခဲလေးတွေဟာ လိုက်မရွေ့ဘဲ နေတတ်ပါတယ်။ ဒီအခါမှာ ဦးနှောက်ကို အချက်ပြမှုမှားစေပြီး ချာချာလည်အောင်မူးခြင်း(BPPV)ကို ဖြစ်ပေါ်စေပါတယ်။
လူနာတွေပြောလေ့ရှိတဲ့ရောဂါလက္ခဏာကတော့ ရုတ်တရက်ချက်ချင်း မိမိအနီးအနားပတ်ဝန်းကျင် ကမ္ဘာလောကကြီးတစ်ခုလုံး စကောထည့်လှိမ့်သလို ချာချာလည်အောင် ခံစားရတာကိုပဲ ဖြစ်ပါတယ်။ ခေါင်းကို လှုပ်ရှားလိုက်တဲ့အခါ (ဥပမာ အိပ်ရာထဲလှိမ့်ခြင်း၊ ခေါင်းကို ရုတ်တရက်လှည့်ခြင်း၊ ငုံ့ခြင်း) မျိုးမှာလည်း ရုတ်တရက် ဖြစ်နိုင်ပါတယ်။ BPPV ဟာ တမိနစ် ၂မိနစ်လောက်သာ ကြာတတ်ပါတယ်။ သိပ်မပြင်းထန်တဲ့အချိန်မျိုး ရှိတတ်သလို ကိုယ်လက်မအီမသာ ဖြစ်လာတာကြောင့် အန်ထုတ်လိုက်ရတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ အရမ်းပြင်းထန်စွာ ခံစားရတဲ့အခါ လမ်းကောင်းကောင်း မလျှောက်နိုင်၊ ကောင်းကောင်းမရပ်နိုင်တဲ့ အခြေအနေမျိုးတွေကိုလည်း တွေ့ရတတ်ပါတယ်။ အိပ်ရာထဲမှာ ငြိမ်ငြိမ်လေးလှဲနေရပြီး အနားယူနေရတဲ့ အခြေအနေမျိုးလည်းကြုံရတဲ့ အခါမျိုးရှိပါတယ်။
လူကြီးများနဲ့ သက်ကြီးရွယ်အိုတွေမှာခေါင်းမူးတဲ့အခါမျိုးမှာ ရုတ်တရက် ချာချာလည်အောင် ခေါင်းမူးခြင်း(BPPV)ဟာ ဖြစ်တာပိုများတာ တွေ့ရလေ့ရှိပါတယ်။ ဒီလိုမျိုးဝေဒနာကြောင့်လည်း သက်ကြီးရွယ်အိုတွေမှာ ချော်လဲတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အန္တရာယ် ပိုပြီး မြင့်မားတာကို တွေ့ရပါတယ်။ ခေါင်းခဏခဏ ချာချာလည်အောင်မူးလို့ အနားယူရတဲ့အခါ နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာစေပါတယ်။
ရုတ်တရက်ချာချာလည်အောင်ခေါင်းမူးတာကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကတော့
• ခေါင်းကို ရုတ်တရက် အပြင်းအထန် လှုပ်ရှားခြင်းမှ ရှောင်ကြဉ်ခြင်း။
• အိပ်စက်တဲ့ အနေအထားကို မှန်ကန်အောင် ထားခြင်း (ဥပမာ – ခေါင်းကို အနည်းငယ် မြှင့်ထားခြင်း)။
• ဗီတာမင်ဒီ ချို့တဲ့မှုကို ကုသခြင်း။
• ခေါင်းတစ်ခြမ်းကိုက်ရောဂါ မိုင်ဂရိန်းကဲ့သို့သော အခြေားရောဂါများကို စနစ်တကျ ကုသခြင်းနဲ့
• ဖျားနာပြီးနောက် သို့မဟုတ် ခွဲစိတ်ပြီးနောက်မှာ ခန္ဓာကိုယ်လှုပ်ရှားမှုကို စောနိုင်သမျှစောစွာပြန်လုပ်ခြင်း တို့ပဲဖြစ်ပါတယ်။
ဒီလိုမျိုးခေါင်းချာချာလည်အောင်မူးတဲ့လူနာတွေမှာ ထိရောက်တဲ့ ကုသမှုန်နည်းလမ်းတွေလည်း ရှိပါတယ်။ ပထမနည်းလမ်းကတော့ Epley Maneuver နဲ့ Semont Maneuver လို့ခေါ်တဲ့ ပုံဆောင်ခဲလေးတွေကို ပြန်လည်နေရာချာတဲ့ ကုထုံးများပဲ ဖြစ်ပါတယ်။ ကုထုံးတွေကို ကျွမ်းကျင်တဲ့ပညာရှင် ဆရာဝန်၊သူနာပြုတို့ရဲ့ လမ်းညွှန်ချက်အတိုင်းတိတိကျကျလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေဟာ နေရာလွဲနေတဲ့ ပုံဆောင်ခဲလေးတွေကို မူလနေရာသို့ ပြန်ရောက်သွားစေပြီး လူနာအများစုမှာ ရောဂါလက္ခဏာများကို အမြန် သက်သာစေပါတယ်။ ခေါင်းမူးသက်သာစေသော ဆေးဝါးများဟာ လူနာကို ဝေဒနာ ခဏတာသာ သက်သာစေနိုင်တာဖြစ်ပြီး ရောဂါ၏ အရင်းအမြစ်ကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ တစ်ခါတစ်လေမှာ ခေါင်းချာချာလည်အောင်မူးတာဟာ အခြားသောရောဂါတွေနဲ့ လည်းတွဲနေတတ်ပါတယ်။ ဒါကြောင့်မို့ ခဏခဏဖြစ်လာရင်ပဲဖြစ်ဖြစ် တစ်ခါနဲ့ တစ်ခါပိုပိုဆိုးဆိုးလာရင်ပဲဖြစ်ဖြစ် နေ့စဉ်လုပ်ဆောင်နေကြလုပ်ငန်းတာဝန်များ မလုပ်ဆာင်နိုင်တော့ရင်ပဲ ဖြစ်ဖြစ် ပေါ့ဆလို့မရတော့တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ဒါကြောင့် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ကုသဖို့လိုပါတယ်။ လိုအပ်ပါကလည်း ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးများနဲ့ အခြားသောဆေးပညာရှင်များနဲ့ ချိတ်ဆက်ကုသရတာမျိုးလည်းရှိပါတယ်။
ခေါင်းမူးတာဟာ သူ့ချည်းသပ်သပ်လည်းဖြစ်တတ်သလို အခြားသောရောဂါတွေနဲ့ လည်း ဆက်နွယ်တတ်တာကြောင့် လူအတော်များများအတွက်မဆန်းပါဘူး။ ရုတ်တရက်ချာချာလည်အောင် ခေါင်းမူးတဲ့ ဖြစ်ရပ်မျိုးကတော့ခဏခဏ ကြုံလာတဲ့ အခါမှာတော့ အရမ်းကြီး စိုးရိမ်စရာလည်းမလိုသလို သတိလက်လွတ်မနေသင့်တဲ့ ရောဂါအခြေအနေမျိုးဆိုတာကို အသိပေးရင်း ကျွန်တော့်ရဲ့ ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။
#BenignProxysmalPositionalVertigo
References
-Bhattacharyya, N., Gubbels, S. P., Schwartz, S. R., Edlow, J. A., El-Kashlan, H., Fife, T., et al. (2017). Clinical practice guideline: Benign paroxysmal positional vertigo (Update). Otolaryngology–Head and Neck Surgery, 156(3_suppl), S1–S47.
Useful for diagnosis and management guidelines, including canalith repositioning procedures such as Epley maneuver.
-Sfakianaki, I., Binos, P., Karkos, P., Dimas, G. G., Psillas, G., & Constantinidis, J. (2021). Risk factors for recurrence of benign paroxysmal positional vertigo: A clinical review. Journal of Clinical Medicine, 10(19), 4372.
-Palmeri, R., & Kumar, A. (2024 update). Benign Paroxysmal Positional Vertigo. StatPearls. Treasure Island, FL: StatPearls Publishing.