Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Second Week )

• ရန်ကုန် မင်္ဂလာဒုံအထူးကုဆေးရုံမှာ သွားနှင့် ခံတွင်းရောဂါ အထူးကုဌာနသစ်ကို ဇွန် ၃ ရက်က ဖွင့်လှစ်ခဲ့ရာမှာ ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးတွေ၊ ကျန်းမာရေးဌာန တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ပါတယ်။

• ရန်ကုန် ပြည်သူ့ဆေးရုံးကြီးနဲ့ မန္တလေး ခုတင် ၃၀၀ ဆံ့ ကလေးဆေးရုံမှာ သုံးဖို့ FDA အသိအမှတ်ပြု ကင်ဆာဆေးဝါး၊ ကျောက်ကပ်ကုသဆောင်သုံး ဆေးဝါး၊ အောက်ဆီဂျင်နဲ့ ဆေးဝါးတွေကို ဝယ်ယူလိုကြောင်း တင်ဒါခေါ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

• လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးသူ ဦးရေနဲ့ ကွမ်းယာအပါအဝင် ဆေးရွက်ကြီးထုတ်ကုန် သုံးစွဲမှုနှုန်း လျော့ကျလာတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။

• နိုင်ငံ့ဝန်ထမ်းအဖြစ် သစ်လွင်သူနာပြု ၁,၄၅၂ ဦးအား တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက ကျင်းပခဲ့ပါတယ်။

• နိုင်ငံအတွင်း ဟန်တာဗိုင်းရပ်စ်နဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေ မရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

• အာဖရိကအလယ်ပိုင်းက အီဘိုလာသံသယရှိ လူနာဦးရေဟာ အရင်က ၉၀၀ ကျော် ရှိရာကနေ အခုဆိုရင် ၁၁၆ ဦးအထိ သိသိသသာသာ လျှော့ချသတ်မှတ်နိုင်ပြီး အတည်ပြုလူနာ ၃၃၀ ဦးအထိ ရှိတယ်လို့ အင်္ဂါနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ဖော်ပြောဆိုထားပါတယ်။

• ဆေးလိပ်နဲ့ အီးစီးကရက် သောက်သုံးသူသစ် ထပ်မံမတိုးပွားရေး “နီကိုတင်းကင်စင်မျိုးဆက်” (Nicotine-Free Generation) မူဝါဒကို ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စတင်လေ့လာ ဆန်းစစ်နေပြီ ဖြစ်ပါတယ်။ ယင်းစနစ်အရ စနစ် စတင်အာဏာတည်သည့်နှစ် နောက်ပိုင်းမွေးဖွားသည့် ကလေးငယ်နှင့် လူငယ်များအား စီးကရက်၊ အီးစီးကရက်အပါအဝင် နီကိုးတင်းပါဝင်တဲ့ ဘယ်ထုတ်ကုန်မဆို တရားဝင် ဝယ်ယူခွင့်မရရှိအောင် တစ်သက်တာ ပိတ်ပင်တားမြစ်သွားမယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုထားပါတယ်။

• ကျန်းမာရေးမူဝါဒချမှတ်ရာမှာ AI နည်းပညာဟာ အထောက်အထားအခြေပြု ဆုံးဖြတ်ချက်တွေကို ဘယ်လိုပြောင်းလဲသွားစေနိုင်မလဲဆိုတာ လေ့လာထားတဲ့ “Artificial Intelligence and Evidence-Informed Policy – Emerging Challenges and Opportunities” ဆွေးနွေးချက်စာတမ်းတစ်စောင်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်လိုက်ပါတယ်။ စာတမ်းမှာ AI ဟာ ကျန်းမာရေးပြဿနာတွေကို သတ်မှတ်ဖော်ထုတ်တဲ့ လုပ်ငန်းစဉ်၊ မူဝါဒတွေကို ရေးဆွဲတဲ့ အပိုင်း၊ မူဝါဒအကောင်အထည်ဖော်ပြီးနောက် သက်ရောက်မှုတွေကို အကဲဖြတ်တဲ့အပိုင်းတွေမှာ ဘယ်လိုသက် ရောက်မှုရှိနိုင်မလဲဆိုတာတွေကို လေ့လာဖော်ပြထားပါတယ်။

• နယူးကယ်လီဒိုးနီယားမှာ ဇန်နဝါရီ ၁ ရက်က စပြီး မေလ ၂၄ ရက် အချက်အလက်အရ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံမှုကြောင့် ရောဂါဖြစ်သူ ၁,၈၃၇ ဦးအထိ ရှိလာနေပြီး ဒီထဲမှာ ဓာတ်ခွဲအတည်ပြုပြီး ၁,၆၆၈ ဦး၊ ဖြစ်နိုင်ခြေရှိလူနာ ၁၆၄ ဦး၊ ပြည်ပမှ ကူးစက်ပြီး ဒေသတွင်းဝင်ရောက်လာသူ လေးဦးနဲ့ ဆေးခန်းစစ်ဆေးချက်အရ ရောဂါရှိတယ်လို့ သတ်မှတ်ခံရသူ တစ်ဦးတို့ ပါဝင်ပါတယ်။

• အူမကြီးနဲ့ စအိုလမ်းကြောင်းကင်ဆာ (Colorectal Cancer) စစ်ဆေးရှာဖွေရာ၌ သွေးစစ်ဆေးမှုနည်းလမ်းကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုသင့်ကြောင်း အမေရိကန် ကင်ဆာအသင်း​ (American Cancer Society) က အကြံပြုထားသည်ဟု CNN သတင်းဌာနက ရေးသားထားပါတယ်။ လက်ရှိမှာ မှန်ပြောင်းကြည့် (Colonoscopy) နည်းလမ်းအား အကောင်းဆုံးနှင့် တိကျမှု အရှိဆုံးနည်းလမ်းအဖြစ် သတ်မှတ်ထားကာ မေ့ဆေးပေးပြီး လုပ်ရတဲ့ ဒီစစ်ဆေးမှုဟာ အူမကြီးနဲ့ စအိုလမ်းကြောင်းကို အသေးစိပ်ကြည့်နိုင်ပြီး ရောဂါလက္ခဏာကိုလည်း ဆောလျင်စွာ တွေ့ရှိနိုင်စေပါတယ်။ ဒါ့အပြင် အခြားပုံရိပ်ဖော် စစ်ဆေးမှုနှင့် ဝမ်းနမူနာ အသုံးပြု စစ်ဆေးခြင်းနည်းလမ်းတွေကိုလည်း ရောဂါရှာဖွေမှုအတွက် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

• သေဆုံးမှုနှုန်းမြင့်တဲ့ ပန်ကရိယကင်ဆာလူနာတွေ အသက်ပိုရှည်စေမယ့် ဆေးပြားသစ်တစ်မျိုးကို သုတေသီတွေက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီး အပြီးတိုင် ပျောက်ကင်းတာမျိုးမဟုတ်ဘဲ ဒါဟာ အလွန်အရေးပါတဲ့ တိုးတက်မှုဖြစ်တယ်လို့ လေ့လာမှုကို ဦးဆောင်သူရာမှာ ပါဝင်တဲ့ UCLA တက္ကသိုလ်က ဒေါက်တာ Zev Wainberg ကို ကိုးကားပြီး CNN သတင်းဌာနက ရေးသားထားပါတယ်။ Daraxonrasib လို့ အမည်ပေးထားတဲ့ ဒီဆေးဟာ ပန်ကရိယကင်ဆာလူနာ ၉၀ ရာခိုင်နှုန်းကျော်မှာ ဖြစ်နေတဲ့ အကျိတ်ကြီးထွားမှုကို အားပေးသော မျိုးဗီဇပြောင်းလဲတ့ ပရိုတင်းတစ်မျိုးကို တားဆီးပေးမှာ ဖြစ်ပြီး ဒါကို ဆေးဝါးနည်းလမ်းနဲ့ ကုသနိုင်ဖို့ ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

• ပြင်သစ်နိုင်ငံအတွင်း စတိုးဆိုင်တွေမှာ ရောင်းတဲ့ အသင့်စား အစားအစာအများအပြားမှာပါတဲ့ ဘက်တီးရီးယားနဲ့ မှို မပေါက်ဖွားစေဖို့ သုံးတဲ့ တာရှည်ခံပစ္စည်းတွေဟာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်စေပြီး နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေကို ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ ဒါ့အပြင် အစားအစာ အရောင်မပြောင်းဖို့ သုံးပြီး သဘာဝတာရှည်ခံပစ္စည်းလို့ ခေါ်တဲ့ Citric acid နဲ့ Ascorbic acid (Vitamin C) ပါဝင်တဲ့ အစာအစားတွေကို ပိုပြီး စားသုံးတဲ့သူတွေမှာ သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းအထ် ပိုများတယ်လို့လည်း သုတေသနမှာ ဖော်ပြထားပါတ​ယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement