Skip to content
Ads Advertisement

ရင်ချင်းဆက်အမွှာကို အောင်မြင်စွာ ခွဲစိတ်

ကလေးဆေးရုံကြီး(ရန်ကုန်)တွင် အသက် ၂ နှစ်နှင့် ၅ လအရွယ်ရှိ ရင်ချင်းဆက်အမွှာ မိန်းကလေးငယ်များဖြစ်ကြသည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည်။

အဆိုပါ ခွဲစိတ်မှုအား ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် စတင်ခဲ့ပြီး စုစုပေါင်း ၉ နာရီနှင့် ၃၅ မိနစ် ကြာမြင့်ခဲ့သည်။ လက်ရှိတွင် ကလေးငယ်များအား အထူးကြပ်မတ်ကုသဆောင် (ICU) ၌ အနီးကပ် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိသည်။

​အဆိုပါ အမွှာပူးကလေးငယ်များအား ပခုက္ကူမြို့မှတစ်ဆင့် လွှဲပြောင်းပေးပို့လာပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီး၌ ခွဲစိတ်မွေးဖွားခဲ့ခြင်း ဖြစ်သည်။ မွေးဖွားပြီးနောက် မန္တလေးကလေးဆေးရုံကြီးတွင် ပြုစုစောင့်ရှောက်ခဲ့ပြီး အသက် ၆ လအရွယ်တွင် ရန်ကုန်မြို့တော်ရှိရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲပြောင်းကာ အထူးကုသမှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ရန်ကင်းကလေးဆေးရုံကြီး၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံး၏ စုပေါင်းကြိုးပမ်းမှုကြောင့် ခွဲစိတ်မှုမှာ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

​မြန်မာနိုင်ငံတွင် ယခုခွဲစိတ်မှုအပါအဝင် ရန်ကုန်ကလေးဆေးရုံကြီး၌ ကိုယ်ချင်းဆက်အမွှာပူး ခွဲစိတ်ကုသမှု စုစုပေါင်း ၉ ကြိမ်နှင့် မန္တလေးကလေးဆေးရုံကြီး၌ ၃ ကြိမ်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါ ခွဲစိတ်မှုအားလုံးကို နိုင်ငံခြားသားကျွမ်းကျင်သူများ ပါဝင်ခြင်းမရှိဘဲ မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများကသာ ရာနှုန်းပြည့် မိမိတို့ဘာသာ အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ် ကြောင်း နိုငိငံပိုင်မီဒီယာတွင်‌ဖော်ပြသည်။ မြန်မာဆေးပညာသမိုင်း၏ ပထမဆုံးခွဲစိတ်မှုအဖြစ် ရင်ချင်းဆက် ခွဲစိတ်မှုကို ၁၉၇၁ ဇူလိုင်လ ၇ရက်နေ့တွင် ရန်ကုန် ကလေးဆေးရုံတွင် အောင်မြင်စွာ ခွဲစိတ်ခဲ့သည်။ ၅ လကျော်အရွယ် ရင်ညွန့်မှချက် အထိ ဆက်လျက်ရှိသော မနန်းစိုး၊ မနန်းစံညီအစ်မကို မြန်မာဆရာဝန်ကြီး များက ၅ နာရီခွဲကြာ ခွဲစိတ် အောင်မြင်ခဲ့သည်။

— ဓာတ်ပုံမြန်မာ့သတင်းစဉ်

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement