Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Fourth Week )

• ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)​မြို့နယ် ပြည်သူ့ဆေးရုံက အသစ်တည်ဆောက်ထားတဲ့ (၂) ထပ် ကုသဆောင်ဖွင့်ပွဲကို ဇွန် ၁၆ ရက်က ပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့ ဝန်ကြီးတွေ၊ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။

• ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနရဲ့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းတွေကို ဇွန် ၈ ရက်ကိ ပြန်လည်စတင်နေပြီး ကလေးငယ်တွေကို အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးနှံမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

• အသက် (၂) နှစ်၊ (၅) လအရွယ် ရင်ချင်းဆက်အမြွှာတွေဖြစ်တဲ့ မကြာညိုသင်းနဲ့ မကြာညိုသိမ့်တို့ကို ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံဘက်ကနေ သိရပါတယ်။​

• ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မနဲ့ ကျိုက်ဝိုင်းဘုရားလမ်းထောင့်က အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံမှာ လာမယ့် ဇွန် ၁၈ ရက်၊ မနက် (၈) နာရီကစလို့ ပါမောက္ခနဲ့ အထူးကုဆရာဝန်ကြီးတွေးက အခမဲ့ကွင်းဆင်းကုသမှုတွေ လုပ်ပေးမှာဖြစ်ပြီး ဘယ်သူမဆို လာရောက်ပြသနိုင်တယ်လို့ ရန်ကုန်ဆေးရုံကြီးကနေ သိရပါတယ်။

• အခုနှစ်အတွင်း ရန်ကုန်ဆေးရုံကြီးမှာ အဏုမြူရောင်ခြည် (SPECT-CT) စက်သစ်တစ်လုံး ထပ်မံတတပ်ဆင်သွားမှာဖြစ်ပြီး လက်ရှိမှာ သိုင်းရွိုက်၊ အရိုး၊ ကျောက်ကပ်၊ ပါရာသိုင်းရွိုက်၊ အသည်းနဲ့ သရက် ရွက်ဆိုင်ရာရောဂါတွေ၊ သည်းခြေလမ်းကြောင်းနဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ​ ရောဂါတွေကို အဏုမြူရောင်ခြည်ဆေးရည် သုံးပြီး ရှာဖွေစစ်ဆေးကုသပေးနေသလို ကင်ဆာရောဂါနဲ့ ပတ်သက် တဲ့ ရှာဖွေစစ်ဆေးမှု အဆင့်ဆင့်ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။

• ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ သာကေတအဝိုင်းထပ်၊ ရှုခင်းသာလမ်း ၁၀၈ တောင် ဘုရားရှေ့မှာ ရှိတဲ့ “သာကေတ သွားနှင့် ခံတွင်းအထူးကုဆေးရုံ” မှာ သုံးဖက်မြင် ဓာတ်မှန် (3D X-ray) ရိုက်တာနဲ့ သွေးစစ်ဆေးတာကို အခမဲ့ပြုလုပ်ပေးနေပါတ​ယ်။ သွားစိုက်ကုသမှုအတွက် နိုင်ငံ့ဝန်ထမ်းတွေအတွက် အခမဲ့ဖြစ်ပြီး သာမန်သူတွေအတွက် ကုန်ကျစရိတ် အနည်းငယ်သာ ကျသင့်မှာ ဖြစ်ကာ သွားဖာတာ၊ ခံတွင်းကင်ဆာ ကုသတာ အပါအဝင် တခြား သွားနှင့် ခံတွင်းဆိုင်ရာ ဝန်ဆောင်မှုအများစုကို အခမဲ့နီးပါး ကုသပေးနေတဲ့အပြင် ဆေးမှတ်တမ်းစာအုပ်အတွက်လည်း ငွေကြေးကောက်ခံတာမျိုး မရှိပါဘူး။

• ရခိုင်ပြည်နယ်မှာ အသက် (၁၅) နှစ်အောက် ကလေးတွေအတွက် “ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း” အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ရာ ဇွန်လ ပထမပတ်အထိ ကလေးဦးရေ ၁၂,၀၀၀ ကျော်ကို ထိုးနှံပေးပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။​

• AA ထိန်းချုပ်နယ်မြေထဲက အလှကုန်ဆိုင်တွေမှာ သက်တမ်းကုန်ပစ္စည်းတွေ မရောင်းဖို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ကွင်းဆင်းသတိပေးမှုတွေ ပြုလုပ်နေပါတယ်။

• ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးစနစ်အောက်ကနေ ကင်ဆာလူနာ ၆၃၀,၀၀၀ ဦးကျော်ကို ကုသပေးခဲ့ပြီး အမျိုးသမီးအများစုဟာ ရင်သားကင်ဆာနဲ့ အမျိုးသားအများစု ကတော့ အူမကြီးနဲ့ အစာအိမ်ဟောင်းကင်ဆာ ဖြစ်ပွားမှု အများဆုံးဖြစ်တယ်လို့ သိရပါတ​ယ်။​

• သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papillomavirus (HPV) ကြောင့် အင်္ဂလန်နိုင်ငံမှာ အခုအချိန်အထိ လူပေါင်း ၂၀၀ လောက်ရဲ့ အသက်ကို က​ယ်တင်နိုင်ခဲ့တယ်လို့ သိပ္ပံဂျာနယ် The Lancet မှာ ဖော်ပြထားတဲ့ လေ့လာဆန်းစစ်မှုတစ်ခုကို ကိုးကားပြီး BBC သတင်းက ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ကျောင်းနေအရွယ် မိန်းကလေးတွေကို HPV ဆေးထိုးနှံပေးပြီးနောက် ကင်ဆာဖြစ်ပွားမှု သိသိသာသာလျော့ကျသွားပြီး ၂၀၂၀ ကနေ ၂၀၂၄ ခုနှစ်အတွင်း အသက် ၂၀ နဲ့ ၂၄ အရွယ် အမျိုးသမီးတွေမှာ ကင်ဆာကြောင့် သေဆုံးသူ တစ်ဦးမှ မရှိခဲ့သလို ဒါဟာ ပထမဆုံးအ ကြိမ်လည်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံမထားဘူးဆိုရင် အဲဒီကာလအတွင်းမှာ ကင်ဆာကြောင့် သေဆုံးနိုင်သူဟာ ၂၃ ဦးလောက် ရှိနိုင်မယ်လို့လည်း သုတေသီတွေက ဆိုထားပါတယ်။

• Down Syndrome ရောဂါဟာ များသောအားဖြင့် ခရိုမိုဆိုမ် ၂၁ အပိုတစ်စုံ ပါဝင်တာကြောင့် ဖြစ်ပြီး အခုအခါ ဂျပန်နိုင်ငံ Mie University က သိပ္ပံပညာရှင်တွေက CRISPR-Cas9 မျိုးဗီဇပြုပြင်ရေး နည်းပညာသုံးပြီး ပထမဆုံးအကြိမ် ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခရိုမိုဆိုမ်ကြောင့် ဖြစ်တယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက သိပ္ပံပညာရှင်တွေက တွေ့ရှိထားပြီး ဒါကို ဆဲလ်အတွင်းကနေ ယုံကြည်စိတ်ချတဲ့ နည်းလမ်းနဲ့ ဖယ်ရှားနိုင်ခဲ့ခြင်း မရှိတာကနေ အခုလို ဖယ်ရှားနိုင်လာတာဖြစ် ပြီး ဒါဟာ အနာဂတ်မှာ ဒီလိုရောဂါတွေအတွက် မျိုးဗီဇအခြေပြုကုသနည်းတွေ ဖော်ထုတ်နိုင်ဖို့ အခြေခံကောင်းတစ်ရပ်လည်း ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ယူဆနေကြပါတယ်။

• စိတ်ကစဉ့်ကလျား (Psychosis) နဲ့ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှု (PTSD) ရောဂါကို တပြိုင်တည်း ခံစားနေရသူတွေအတွက် Psychosis ကုသရာမှာ သုံးတဲ့ Cognitive Behaviour Therapy (CBTp) နဲ့ ပေါင်းစပ်ထားတဲ့ Trauma-Focused Therapy ကုထုံးဟာ အကျိုးများစေတယ်ဆိုတာကို ဗြိတိန်နိုင်ငံ King’s College London စိတ်ရောဂါ၊ စိတ်ပညာနှင့် အာရုံကြောသိပ္ပံဌာန (loPPN) ရဲ့ သုတေသန အသစ်ကနေ တွေ့ရှိထားတယ်လို့ UK အခြေစိုက် News Medical Life သတင်းမှာ ဖော်ပြထားပါတယ်။

• အမေရိကန်နိုင်ငံတစ်ဝန်းက အရေးပေါ်ကုသရေးဌာန (Emergency Department – ED) တွေမှာ လာရောက်ကုသခဲ့တဲ့ လူနာပေါင်း ၃,၂၀၀ ကျော်ကို စစ်တမ်းကောက်ယူရာမှာ တုပ်ကွေးကာကွယ် ဆေးထိုးဖို့ လိုတာကို သိပေမယ့် လူကြီးအများစုကတော့ နှစ်စဉ် ထိုးရမယ့် ကာကွယ်ဆေးကို အချိန်မီ ထိုးနှံတာမျိုး မရှိဘူးလို့ University of California, Riverside က ဦးဆောင်တဲ့ လေ့လာမှုတစ်ရပ်ကို ကိုးကားပြီး Journal of Emergency Medicine က ဖော်ပြထားပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရတဲ့ လူအုပ်စုတွေကြားမှာ ကာကွယ်ဆေးထိုးနှံနှုန်းမြင့်တက်လာဖို့အ တွက် အရေးပေါ်ကုသရေးဌာနတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်လို့လည်း သုတေသီတွေက ထောက်ပြထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement