Skip to content
Ads Advertisement

အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်းနှင့် သိကောင်းစရာများ

အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်း ( Cosmetic Surgery ) ဆိုတာ ကျွန်တော်တို့ရဲ့ ရုပ်ရည်သွင်ပြင်ကို ပိုပြီးကြည့်ကောင်းလာအောင် ဆေးပညာအရ ခွဲစိတ်ပြုပြင်ဖန်တီးတာကို ပြောတာပါ။ ပိုမိုကြည့်ကောင်းလာဖို့လို့ ပြောတဲ့နေရာမှာ အများစုက ကိုယ်စိတ်တိုင်းမကျတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို ပြောင်းလဲပစ်လိုက်ချင်လို့ လုပ်ကြတာရှိသလို ၊ လူတချို့အတွက်တော့ ထိခိုက်ဒဏ်ရာရပြီး ပျက်စီးသွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ မွေးရာပါ ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ လိုအပ်နေတာကြောင့် လုပ်ကြရခြင်း ဖြစ်ပါတယ်။

​အခုခေတ်မှာ ဆေးပညာရော နည်းပညာပါ တိုးတက်လာတာနဲ့အတူ အရင်ကထက်လည်း ပိုပြီးလွယ်လွယ်ကူကူ လုပ်လို့ရလာတာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိချင်လို့ ခွဲစိတ်ပြုပြင်ကြသူတွေ အရမ်းများလာပါတယ်။ ဒါပေမဲ့ ဒီလိုခွဲစိတ်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားဖို့ လုပ်ကြပေမယ့် ချင့်ချိန်စဉ်းစားထားရမှာတွေလည်း ရှိနေပြန်ပါတယ်။ ခွဲစိတ်မှုတစ်ခု တကယ်အောင်မြင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် စိတ်ပိုင်းဆိုင်ရာြပင်ဆင်ထားဖို့တွေ၊ ဆရာဝန်တွေစောင့်ထိန်းရမ​ယ့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်တွေ၊ လက်တွေ့ကျတဲ့ရလဒ်ကို မျှော်မှန်းထားတတ်ဖို့တွေနဲ့ ရေရှည်မှာရော ရလာမယ့် ရလဒ်နဲ့ တကယ်စိတ်ချမ်းသာနိုင်မှာလား ဆိုတဲ့ အချက်တွေကိုလည်း ကြိုတွေးထားဖို့ အရေးကြီးပါတယ်။

ဒါကြောင့် လှချင်လို့ ခွဲစိတ်ကာမှ စိတ်ဆင်းရဲစရာ မဖြစ်ဘဲ စိတ်ကျေနပ်မှုအပြည့်အ၀ရအောင် ဘယ်လိုအချက်တွေကို သတိထားရမလဲဆိုတာ ဆက်ပြီး ပြောပြပေးချင်ပါတယ်။

​အလှအပနဲ့ပတ်သက်တဲ့ ခွဲစိတ်မှု တစ်ခုခု လုပ်တော့မယ်လို့ တွေးမိနေပြီဆိုရင် “ငါ ဒါကို ဘာကြောင့် လုပ်ချင်တာလဲ” ၊ “လုပ်ပြီးရင်ကော ဘာတွေဖြစ်လာမှာလဲ” ဆိုတာ ကိုယ့်ကိုကိုယ် အရင်ဆုံးအချိန်ပေးပြီးသေသေချာချာ တွေးကြည့်၊ မေးကြည့်ပါ။ “ငါဒါကိုလုပ်ကိုလုပ်မှရ တော့မယ်”လို့ဆုံးဖြတ်ပြီးရင်လည်း ကိုယ်ရွေးချယ်ထားတဲ့ ဆရာဝန်နဲ့ ထပ်ပြီး တိုင်ပင် ဆွေးနွေးရပါမယ်။ ​တစ်ခါတလေကျရင် လူတွေက ကိုယ့်ဘေးပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှုကြောင့်ဖြစ်စေ၊ တခြားလူတွေနဲ့ နှိုင်းယှဉ်မိလို့ဖြစ်စေ၊ ကိုယ့်ရုပ်ရည်အပေါ် စိတ်အလိုမကျလို့ ဖြစ်စေ ခွဲစိတ် ပြောင်းလဲပစ်လိုက်ဖို့ ဆုံးဖြတ်တတ်ကြပါတယ်။

ဒီလိုစိတ်ခံစားချက်တွေ ရှိလာတာက သဘာဝကျပေမဲ့၊ ခွဲစိတ်ပြောင်းလဲပစ်လိုက်တာကပဲ တကယ့်အဖြေလား ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အရင်ဖြေရှင်းဖို့ပဲ လိုနေသလားဆိုတာကို သေချာခွဲခြားသိဖို့ လိုပါတယ်။ ဒီလိုအခြေအနေေတွမှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ခြင်းက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုအတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်အောင် ကူညီပေးနိုင်ပါတယ်။

​ကဲ…ကိုယ်ကလည်း ခွဲစိတ်ဖို့ ဆုံးဖြတ်ပြီးပါပြီဆိုတဲ့အခါ.. ကိုယ့်ကိုခွဲစိတ်ပေးမယ့် ဆရာ၀န်ကရော ဆရာ၀န်လိုက်နာရမယ့် ကျင့်၀တ်တွေကို စောင့်ထိန်းရဲ့လားဆိုတာ သိဖို့ လိုအပ်လာြပန်ပါရော.. “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” မဖြစ်ရအောင် ငွေကြေးအမြတ်အစွန်းထက် လူနာရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးတဲ့၊ ကိုယ့်ရဲ့ပညာရပ်နယ်ပယ်မှာ ကျွမ်းကျင်ပါးနပ်တဲ့ ဆရာဝန်ကောင်းတစ်ယောက်ကို ရွေးချယ်ဖို့ အရေးကြီးပြန်ပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့ ဆရာ၀န်က ခွဲစိတ်မှုအကြောင်း သေချာရှင်းပြပြီးမှ သဘောတူညီချက် လက်မှတ်ထိုးခိုင်းတာလား? ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကိုကော သေချာရှင်းပြရဲ့လား? တကယ်ဖြစ်နိုင်မယ့် ရလဒ်အမှန်ကို ပွင့်ပွင့်လင်းလင်းရှင်းပြသလား? ထင်ေရာင်ထင်မှားဖြစ်အောင် မဟုတ်မမှန်တွေ ပြောြပီး ခွဲစိတ်ဖို့ ဖျားယောင်းဆွဲဆောင်တာမျိုး ရှိလား?… ဆိုတဲ့ အချက်တွေကို ကာယကံရှင်လူနာကိုယ်တိုင်ကပါ မဖြစ်မနေ သိထားရပါမယ်။​

​ကိုယ်လိုချင်တဲ့ ရလဒ်ကို အနီးစပ်ဆုံးနဲ့ အသေသပ်ဆုံးဖြစ်ဖို့အတွက် တရားဝင်လိုင်စင်ရပြီး အတွေ့အကြုံရှိတဲ့ အထူးကုဆရာဝန်ကြီးတွေကိုပဲ ရွေးချယ်ပါ။ ဆရာဝန်နဲ့ တိုင်ပင်တဲ့အခါ ကိုယ်က ဘယ်လိုရလဒ်မျိုး ရချင်တာလဲ၊ ဘာတွေစိုးရိမ်တာလဲ ၊ ဘာရောဂါအခံရှိလဲ ၊ အရင်ကရော ခွဲစိတ်ဖူးလား … စတဲ့ အကြောင်းေတွကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ ဆွေးနွေးပါ။ အလှအပနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှုမျိုးဖြစ်တဲ့ အတွက် “ ခုတ်ရာတခြား၊ ရှရာတလွဲ “ မဖြစ်ဖို့ လိုပါတယ်။ နောက်ပြီး ခွဲစိတ်မှုဟာ ရုပ်ရည်ကို ပိုကောင်းအောင် လုပ်ပေးနိုင်ပေမဲ့ ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့အလှကို မပေးနိုင်သလို၊ ဘဝတစ်ခုလုံးကိုလည်း လုံးဝပြောင်းလဲပစ်မှာမဟုတ်ဘူးဆိုတဲ့ လက်တွေ့ကျတဲ့ အတွေးမျိုး ရှိထားရပါမယ်။

ခွဲစိတ်ပြီးသွားတဲ့အချိန်မှာလည်း ဆရာဝန်ညွှန်ကြားတဲ့ အစားအသောက်ကစ နေထိုင်မှုအဆုံး အတိအကျ လိုက်နာဖို့ လိုပါတယ်။

ဆရာဝန်နဲ့ ရက်ချိန်းပုံမှန်ပြရပါမယ်။ ခွဲစိတ်ထားတဲ့ အနာကျက်ပြီး ပုံမှန်ပြန်ဖြစ်ဖို့ အချိန်တစ်ခုကြာမှာဖြစ်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီးမှ ရလဒ်ကို စောင့်ကြည့်ပါ။ ပုံမှန်မဟုတ်တဲ့ လက္ခဏာ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတစ်ခုခု ခံစားရရင်၊ သံသယရှိနေရင် တော့ ဆရာဝန်နဲ့ ချက်ချင်း ပြန်ပြဖို့လိုပါတယ်။

​ကျွန်တော်တို့ရဲ့ ရုပ်ရည်သွင်ပြင် ကြည့်ကောင်းသပ်ရပ်နေနရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေနိုင်တယ်လို့ ပြောမယ်ဆိုရင် ငြင်းဖွယ်ရာမရှိတာတော့ အမှန်ပါ။ ဒါပေမယ့် “ပိုလို့ကြည့်ကောင်းလာမလား” ဆိုတဲ့ အတွေးနဲ့ ခွဲစိတ်ပြောင်းလဲပစ်လိုက်တာက စိတ်ပိုင်းဆိုင်ရာ ခံစားချက် ပြဿနာအားလုံးကို ကုသပေးနိုင်တဲ့ ဆေးတစ်ခွက်တော့ မဟုတ်ပြန်ဘူး။ အချို့လူတွေအတွက် ခွဲစိတ်ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ပဲလုပ်လုပ် ကိုယ့်သွင်ပြင် ကိုကိုယ်အမြဲအားမရဘဲ စိတ်အလိုမကျတာတွေ ဖြစ်နေတတ်ကြတယ်။ ဥပမာပြောရရင် “Body Dysmorphic Disorder” လို့ခေါ်တဲ့ “ကိုယ်ခန္ဓာပုံပန်းမကျသလိုခံစားပြီး ပူပန်စိုးရိမ်တဲ့စိတ်ဝေဒနာ” ရှိသူတွေဟာ ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တခုခုချို့ယွင်းနေတယ်လို့ အမြဲထင်နေတတ်ကြပြီး တကယ်မရှိတဲ့ အပြစ်အနာအဆာတွေကို လွန်လွန်ကဲကဲ တွေးတောပူပန်နေတတ်ကြပါတယ်။

ဒီလိုစိတ်ပိုင်းဆိုင်ရာ ပြဿနာခံစားနေရရင် ခွဲစိတ်မှုဘယ်နှစ်ကြိမ်ပဲလုပ်လုပ် စိတ်အလိုမကျတာနဲ့ စိုးရိမ်ပူပန်နေတာတွေက ပျောက်သွားမှာ မဟုတ်တဲ့အတွက် ခွဲစိတ်မှုမလုပ်ခင်ကတည်းက ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားနေရတာလားဆိုတာ သိဖို့အတွက် စိတ်ကျန်းမာရေးဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ အလွန်အရေးကြီးပါတယ်။

“ငါးသိုင်းများ ဟင်းဟုံ” ဆိုတဲ့ဆိုရိုးအတိုင်း… “နောက်တစ်ကြိမ် ထပ်ပြင်လိုက်ရင် ပြီးပြည့်စုံသွားမှာပါ” ဆိုတဲ့ မှားယွင်းတဲ့ အယူအဆနဲ့ မလိုအပ်ဘဲ ခွဲစိတ်ဖို့အတွက် အမြဲတွေးနေမိပြီး လုပ်နေမိပြီ ဆိုရင်တော့ “Obsession” လို့ဆိုရမယ့် မကျန်းမာတဲ့ စွဲလမ်းမှု ဖြစ်နေပါြပီ။ အဲဒီလိုလူတွေက ခွဲစိတ်ပြီးစမှာ ခဏတာ စိတ်ကျေနပ်မှုရပြီး မကြာခင်မှာပဲ အခြားတစ်နေရာကို ထပ်ပြင်ဖို့ ခဏခဏဆုံးဖြတ်မိတတ်ကြတာကြောင့် စိတ်ကျန်းမာရေး၊ ငွေကြေးအခြေအနေနဲ့ မိသားစု၊ ပတ်ဝန်းကျင် ဆက်ဆံရေးတွေကိုပါ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

လှချင်ပချင်လို့ ခွဲစိတ်ပြုပြင်ပြောင်းလဲရခြင်းရဲ့ ပင်မရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြစ်ဖို့ပဲ ဖြစ်သင့်ပါတယ်။ အဆုံးမရှိနိုင်တဲ့ “ပြီးပြည့်စုံတဲ့အလှ” နောက်ကို မက်မက်မောမော လိုက်ရှာနေတာမျိုး မဖြစ်သင့်ပါဘူး လို့မြင်မိပါတယ်။

စစ်မှန်တဲ့အလှတရားဆိုတာ ရုပ်ရည်သွင်ပြင်တစ်ခုတည်းပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ အပြင်ပန်းအလှအပကို ဂရုစိုက်သလို ကိုယ့်ရဲ့ စိတ်ကျန်းမာရေး နဲ့ ကိုယ့်ကိုယ်ကို ချစ်ပြီး လက်ခံနိုင်ဖို့ကိုလည်း ဂရုတစိုက် အားထုတ်လေ့ကျင့်ရပါမယ်။ အလှအပအတွက် ခွဲစိတ် ပြုပြင်ကြရာမှာ “တန်ဆေး၊လွန်ဘေး” မဖြစ်ရလေအောင် အစစ အရာရာကို အသိ သတိ ရှိရှိ နဲ့ စဉ်းစား ချင့်ချိန် ဆုံးဖြတ်တတ်ပြီး ပြည့်စုံတဲ့ ရုပ်ရည်ရော ကြံအင်ပါ ပိုင်ဆိုင်ကြစေဖို့ ဆန္ဒပြုရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ် ခင်ဗျာ။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement