အလုပ်ခွင်ဆိုတာ အောင်မြင်မှုတွေဆီ သွားဖို့ လှေကားထစ်တစ်ခုပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဒီလှေကားထစ်တွေကို တက်ရတာ အရမ်းပင်ပန်းပြီး စိတ်တွေ မောဟိုက်လာတတ်ပါတယ်။ ဖိအားတွေ၊ တာဝန်တွေကြားမှာ အားလုံး ရုန်းကန်နေတဲ့အချိန်မျိုးမှာ တစ်ယောက်တည်း စိတ်ဖိစီးမှုတွေကို ထမ်းပိုးထားမယ့်အစား Healing လုပ်ပြီး စိတ်ကို ကုစားနိုင်ဖို့ အလွန်ကို အရေးကြီးပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ ကျင်းပခဲ့တဲ့ MyanHealth ၏ “Stronger Together” Panel Discussion မှာတော့ လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ဗဟုသုတတွေကို ပညာရှင်များနှင့်အတူ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ Panel Discussion တွင် ဆရာမ Yuko (Founder, Art of Healing နှင့် Art Therapy Practitioner)၊ ဆရာမ ပိုးရည် (Founder of Inner Harmony by Poe Yee, Mental Health Counsellor and Energy Healer)၊ ဒေါ်ဝင်းပြည့်ပြည့်အောင် (MD, Lean Food Partners) နှင့် သရုပ်ဆောင်/မော်ဒယ် ထက်ထက်ထွန်းတို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ Moderator အဖြစ် MyanHealth ၏ Mentor (Editorial Team) ဒေါ်သဲသဉ္ဇာမှ ဆောင်ရွက်ပေးခဲ့ပါတယ်။
“လုပ်ငန်းခွင် စိတ်ဖိစီးမှုများကို လက်တွေ့ကျကျ ဘယ်လိုကျော်လွှားမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အလုပ်ခွင်မှာ ဘာကြောင့် စိတ်ဖိစီးရသလဲ၊ ဘယ်လိုသတိထားသင့်သလဲဆိုတာကအစ၊ ကုစားဖို့ နည်းလမ်းများ၊ စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေမည့် အစားအစာ အလေ့အကျင့်များအကြောင်းကို အသေးစိတ် ဆွေးနွေးမျှဝေခဲ့ကြပါတယ်။
စိတ်ဖိစီးမှုတွေကို ဘယ်လိုသတိထားမိနိုင်မလဲ
အလုပ်ခွင်ထဲမှာ “Burnout ဖြစ်နေပြီ” လို့ မပြောဖြစ်ခင်အထိ ဖိအားတွေကို “ပုံမှန်ပါပဲ” လို့ ထင်ပြီး လျစ်လျူရှုထားတတ်ကြတာ များပါတယ်။ ဆရာမ ပိုးရည်က လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှုတွေဟာ တဖြည်းဖြည်းနဲ့ ဘယ်လိုမျိုး အမြစ်တွယ်တတ်လဲဆိုတာကို အခုလို သတိပေးထားပါတယ်။
“လုပ်ငန်းခွင်မှာ စိတ်ဖိစီးတာကို မသိပဲ ပုံမှန်လို့ထင်ပြီး နေတတ်ကြတာများတယ်။ ဘာတွေက စိတ်ဖိစီးစေတာလဲဆိုတော့ Workload တွေများတာ၊ deadline တွေ ကပ်နေတာ၊ နောက်ပြီး ကိုယ်ရဲ့ ဆုံးဖြတ်ခွင့်ကို လုပ်ခွင့်မရပဲ လုပ်ပိုင်ခွင့် (Control) လျော့နည်းလာတဲ့အခါ၊ Management pressure တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Conflict တွေ၊ ဝင်ငွေမလောက်ငှတာနဲ့ အနာဂတ်မသေချာတာတွေက စိတ်ဖိစီးမှုတွေကို ပိုဆိုးစေပါတယ်။ အဆိုးဆုံးကတော့ လုပ်ငန်းခွင်ထဲက လူတွေကြောင့်ဖြစ်တဲ့ ဖိအားတွေပါပဲ။”
ဆရာမ ပိုးရည်က စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူအများစု ကျင့်သုံးတတ်တဲ့ “Avoiding coping” (ရှောင်လွှဲခြင်း) နည်းလမ်းရဲ့ အန္တရာယ်ကိုလည်း ထောက်ပြပါတယ်။ အလုပ်ပင်ပန်းလာတဲ့အခါ အလွန်အကျွံစားခြင်း (Overeating)၊ shopping ထွက်ခြင်း၊ ဆိုရှယ်မီဒီယာမှာ အချိန်ကုန်ခြင်း သို့မဟုတ် အလွန်အကျွံ ဂိမ်းဆော့ခြင်းမျိုးတွေ လုပ်လိုက်ကြပါတယ်။ ဒါတွေက လတ်တလောမှာ သက်သာသွားသလို ခံစားရပေမဲ့ ရေရှည်မှာတော့ Stress တွေ ပိုပိလာပြီး အလုပ်လုပ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းလာပါတယ်။ နောက်ဆုံးမှာတော့ အလုပ်အပေါ် စိတ်ကုန်လာတဲ့ Burnout အဆင့်ထိ ရောက်သွားပြီး အစာအိမ်ရောဂါ၊ ခေါင်းကိုက်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် အသင်းအဖွဲ့အတွင်း ဆက်ဆံရေးတွေပါ ပျက်စီးသွားတတ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် အလုပ်ကို ပစ်ထားပြီး ထွက်ပြေးဖို့ ကြိုးစားမယ့်အစား လက်တွေ့ကျသည့် နည်းလမ်းများကို အသုံးပြုသင့်ကြောင်း Mental Health Counsellor တစ်ယောက်အနေနဲ့ အကြံပြုထားပါတယ်။
စိတ်ဖိစီးပြီး စိတ်ပင်ပန်းလာသည့်အခါ “Pause – Breath – Reset” နည်းလမ်းကို ကျင့်သုံးခြင်းဖြင့် ခဏတာ ရပ်တန့်ခြင်း (Pause)၊ အသက်ရှူခြင်း (Breath) နှင့် လက်ရှိဖြစ်နေတဲ့ စိတ်အခြေအနေကို လက်ခံပြီး စိတ်ကို တည်ငြိမ်စေခြင်း (Reset) တို့ဖြင့် စိတ်ဖိစီးမှုလျော့ကျဖို့ ကြိုးစားနိုင်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို အချိန်မီ သတိပြုမိရန်၊ အလုပ်ခွင်တွင်းရော ကိုယ့်နေ့စဉ်ဘဝမှာပါ စိတ်ကျန်းမာရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း အသိအမှတ်ပြုကာ စနစ်တကျ ပြန်လည်ချိန်ညှိမှုများ ပြုလုပ်သွားရန် ဆရာမ ပိုးရည်က တိုက်တွန်းထားပါတယ်။
စိတ်ဖိစီးမှုတွေကို Art နဲ့ ဘယ်လိုကုစားမလဲ?
အလုပ်ခွင်မှာ တစ်ယောက်တည်း ရုန်းကန်မည့်အစား အသင်းအဖွဲ့အတွင်း ယုံကြည်မှု၊ ကိုယ်ချင်းစာတရားနဲ့ အပြန်အလှန်ဆက်သွယ်ခြင်းတို့ဖြင့် တည်ဆောက်ရန် လိုအပ်ပါတယ်။
Art of Healing ၏ Founder နှင့် Art Therapy Practitioner ဆရာမ Yuko က လုပ်ငန်းခွင် ရေရှည်တည်တံ့ဖို့အတွက် ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးရမည့်အကြောင်း၊ အထူးသဖြင့် အလုပ်ခွင်အတွင်း စကားလုံးများဖြင့် ထုတ်ဖော်မပြောပြဖြစ်တဲ့ ခံစားချက်တွေကို ကုသဖို့အတွက် အနုပညာရဲ့ အခန်းကဏ္ဍကို အခုလို အကြံပြုပါတယ်။
“Art Therapy Practitioner တစ်ယောက်အနေနဲ့ ပြောရရင် ပန်းချီရေးဆွဲတာက ကိုယ့်စိတ်ခံစားတွေကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ပန်းချီရေးဆွဲတဲ့ အတွေ့အကြုံမရှိဘူးဆိုရင်တောင်မှ ကိုယ့်စိတ်ခံစားချက်တွေကို မျဉ်းကြောင်းတွေ၊ ပုံသဏ္ဍာန်တွေ၊ အရောင်တွေနဲ့ ဖော်ထုတ်လို့ရပါတယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုလည်း အရမ်းဖြစ်တယ်။ ဦးနှောက်က ဝန်ပိဖြစ်လာတဲ့အချိန်ကျရင် စကားပြောတာထက် အာရုံခံစားမှုက ပိုကောင်းတယ်။ Stress ဖြစ်လာရင် Art Therapy လုပ်ခြင်းအားဖြင့် အာရုံကြောစနစ်ကို ထိန်းညှိပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုအဆင့်တွေ၊ စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားတာပါ။”
အလုပ်ခွင်မှာ ပျော်ဖို့ တစ်ဦးတစ်ယောက်တည်း ကြိုးစားလို့မရတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး Mental healing လုပ်ပေးခြင်းက လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး စွမ်းဆောင်မှုတွေလည်း မြင့်တက်စေကြောင်း သူမက ဆိုပါတယ်။
အလုပ်ခွင်ထဲမှာ စိတ်ဖိစီးလာပြီး စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ခဲတဲ့အခါ စာရွက်နဲ့ ခဲတံ သို့မဟုတ် ဘောပင်နဲ့ ရေးခြစ်တာမျိုး၊ စားပွဲ၊ ထိုင်ခုံ သစ်သားတွေကို ထိကိုင်ထားတာမျိုး၊ အခန်းတွင်းသို့မဟုတ် ပတ်ဝန်းကျင်က အရောင်ရှိတဲ့ ပစ္စည်းတွေကို လိုက်လံ ရှာဖွေကြည့်တာမျိုးတွေ လုပ်ပေးပြီး စိတ်ဖိစီးမှုကို လျော့ကျအောင် လုပ်နိုင်ကြောင်းကိုလည်း Art Practitioner တစ်ဦးအနေနဲ့ အကြံပြုပါတယ်။
လက်ခံတတ်ခြင်းကနေ စတင်တဲ့ ခံနိုင်ရည် စိတ်ခွန်အား
ထင်ရှားသည့် အနုပညာရှင်တစ်ဦးဖြစ်သူ သရုပ်ဆောင်/မော်ဒယ် ထက်ထက်ထွန်းကလည်း ဖိအားများသည့် လုပ်ငန်းခွင်အတွင်း မိမိကိုယ်ကို သတိပြုမိခြင်း (Self-awareness) နှင့် အပြုသဘောဆောင်သည့် တွေးခေါ်မှု (Growth mindset) တို့၏ အရေးပါပုံကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပါတယ်။ သူမသည် အနုပညာနယ်ပယ်၏ ဖိအားများအောက်တွင် စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် ကိုယ်ပိုင်အတွေ့အကြုံများကို အခုလို ဝေမျှပါတယ်။
“ဝေဖန်မှုတွေခံရလည်း ထက်ကတော့ ကိုယ့်ကိုကိုယ် accept လုပ်လိုက်တယ်။ စိတ်ဖိစီးမှုက ကိုယ့်မို့လို့ ဝင်လာတာလဲရှိတယ်၊ လမ်းကြုံလို့ ဝင်လာတာလည်းရှိတယ်။ မိဘကချစ်လို့ပေးတဲ့ ဖိအား၊ ရည်းစားက ချစ်လို့ပေးတဲ့ ဖိအားတွေရှိတယ်။ ဘုန်းကြီးဟောတဲ့ တရားနာတယ်၊ တရားထိုင်တယ်၊ ဆရာမတွေပြောပြသလိုပါပဲ ခဲတံတွေနဲ့ ခြစ်ပြီး အနုပညာ (Art) နဲ့ စိတ်ဖိစီးတာကို လျှော့ပါတယ်။”
ထို့အပြင် သူမသည် စိတ်ခံစားမှုလွန်ကဲခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကြုံတွေ့ရချိန်တွင် မည်သို့ကိုင်တွယ်သည်ကိုလည်း ထုတ်ဖော်ပြောကြားပါတယ်။
“ကိုယ်က စိတ်နုတော့ ဒဏ်ရာဟောင်းတွေကို ထိလိုက်ရင် မျက်ရည်ကျမိတယ်။ လူဆိုတော့ မကောင်းပြောလာရင် စိတ်ခံစားရတာပေါ့။ စိတ်ဒဏ်ရာပေးသူ မဖြစ်အောင် အရင်ဆုံး ကိုယ့်ကိုကိုယ် စိတ်မွေးရပါတယ်။ ထက်က သူတစ်ပါးအပေါ် စိတ်ဖိစီးမှုတွေ စိတ်ဒဏ်ရာတွေ ပေးသူ မဖြစ်အောင် နေပါတယ်”
လုပ်ငန်းခွင်တွင်း လူအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာတရားထားကာ အပြန်အလှန် ဖေးမပြီး အတူတူသန်မာအောင် ကြိုးစားကြရန် ထက်ထက်ထွန်းက တိုက်တွန်းသွားပါတယ်။
စိတ်ရောကိုယ်ပါ ကျန်းမာဖို့ ဘာတွေဆက်လုပ်မလဲ?
အလုပ်ခွင်မှာ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေတင်မကဘဲ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း အလွန်အရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ ကိုယ်စားသောက်တဲ့ အစားအစာတွေကလည်း ကိုယ့်ရဲ့ စိတ်ခံစားချက်အပေါ် တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာပြီး လုပ်ငန်းခွင်မှာ ပိုမိုစွမ်းဆောင်နိုင်ဖို့ Eat Safe, Live Healthy ဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုတာကို ဒေါ်ဝင်းပြည့်ပြည့်အောင် (MD, Lean Food Partners) က ကိုယ်ပိုင်အတွေ့အကြုံများနှင့် ယှဉ်တွဲအသိပေး ဆွေးနွေးပါတယ်။
“စိတ်ညစ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ညစ်တာလဲမသိဘူး၊ safety မဖြစ်တဲ့ မကောင်းတာတွေ စားမိတာလဲ မသိဘူး။ ကိုယ်စားချင်တာကိုပဲ စားလိုက်တဲ့အခါ လိုအပ်နေတဲ့အာဟာရတွေ မရတော့ဘဲ ကြာလာတော့ မကျန်းမာတော့ဘူး။ ကြိုက်တာတွေကို နေ့တိုင်းစားမယ့်အစား တစ်လတစ်ကြိမ်လောက် စားတာမျိုးလုပ်သင့်တယ်။ နိစ္စဓူဝ လုပ်တတ်တဲ့ အကျင့်တွေကို ပြင်လိုက်ပါ။ လေ့ကျင့်ခန်းလေး လုပ်နိုင်သမျှ လုပ်ပါ။ နောက်တစ်ခုက ၂ နာရီ ၄ နာရီ Rule ကို နားလည်ဖို့လိုတယ်။ တတ်နိုင်သမျှ ပူပူနွေးနွေးကို စားမယ်၊ စားပြီးတဲ့အခါ ၂ နာရီလောက်ပဲ အအေးခံတာကောင်းတယ်။ ၄ နာရီကျော်သွားတဲ့ အစားအစာကို ရေခဲသေတ္တာထဲ ပြန်သိမ်းပြီး မစားတာက ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တယ်”
အစားအစာများကို အမြဲလတ်လတ်ဆတ်ဆတ် စားသုံးခြင်းက ရောဂါပိုးများကို ကာကွယ်ပေးပြီး အာဟာရကို အပြည့်အဝ ရရှိစေပါတယ်။ ငွေကုန်ကြေးကျများမှ ကျန်းမာရေးနှင့်ညီညွတ်သည် မဟုတ်ဘဲ ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် မျှတသော အစားအစာများကို မိမိဝင်ငွေနှင့်ကိုက်ညီအောင် ရှာဖွေစားသုံးခြင်းကသာ ရေရှည်တွင် အကျိုးရှိစေပါသည်။ ထို့ပြင် မြန်မာတို့၏ အရသာပြင်း၊ အစပ်ကြိုက်သည့် အလေ့အထနှင့် တာရှည်ခံအစားအစာများကို အကန့်အသတ်ဖြင့်သာ စားသုံးရန် လိုအပ်ကြောင်းကိုလည်း Food Safety ပညာရှင်တစ်ဦးအဖြစ် အသိပညာများ မျှဝေပါတယ်။
ထို့အပြင် MyanHealth မှ တတ်ကျွမ်းသော ဆရာဝန်များ၏ အကြံပြုချက်ဖြင့် ပြုစုထားသည့် Stress Level Test Quiz များကိုလည်း ပွဲသို့ တက်ရောက်လာသူများအား ဝေငှပေးခဲ့ပြီး၊ မိမိတို့၏ စိတ်ကျန်းမာရေးအခြေအနေကို ကိုယ်တိုင်ဆန်းစစ်ကာ ပိုမိုအလေးဂရုပြုမိစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။
အလုပ်ခွင်မှာ Mental Health Awareness တွေကို ယခုထက်ပိုမို ကျယ်ပြန့်စေလိုပြီး သင်တန်းများ ပံ့ပိုးပေးခြင်း၊ စိတ်ဖိစီးမှု စစ်ဆေးခြင်းများ ပြုလုပ်ခြင်းစသည့် လုပ်ငန်းခွင် စွမ်းဆောင်ရည် တိုးတက်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားမြှင့်တင်သည့် အစဉ်အလာကောင်းများ တည်ဆောက်သွားစေလိုကြောင်းလည်း ပါဝင်ဆွေးနွေးကြသူများက တိုက်တွန်းမှတ်ချက်ပြုခဲ့ကြပါတယ်။
“Stronger Together” ဆိုတာ အလုပ်ခွင်မှာ အတူတူရုန်းကန်ဖို့တင် မဟုတ်ပါဘူး။ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် နားလည်ပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းတဲ့ လုပ်ငန်းခွင်ဖြစ်လာဖို့ အတူတူကြိုးစားခြင်းပါပဲ။ မေလသည် Mental Health Awareness Month (စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးလ) ဖြစ်သည်နဲ့အညီ၊ MyanHealth ၏ Community Day အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့ “Stronger Together” အခမ်းအနား၏ Panel Discussion ကနေ ရရှိခဲ့တဲ့ စိတ်ကျန်းမာရေးဗဟုသုတတွေနဲ့အတူ ရှေ့ဆက်မယ့် လုပ်ငန်းခွင်ခရီးကို ပိုမိုပေါ့ပါးစွာ၊ ပိုမိုအောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေ။
အလုပ်ခွင်မှာ စိတ်ဖိစီးမှုတွေ ကြုံလာတိုင်း “တစ်ယောက်တည်း မဟုတ်ဘူး” ဆိုတာကို အဲဒီအခါတိုင်းမှာ အမြဲသတိရပြီး အတူတူ Healing လုပ်ကြဖို့ မမေ့ပါနဲ့နော်။