• နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှာ ဇွန် ၂၀ ရက်နေ့က နိုင်ငံ့ဝန်ထမ်းတွေကို ဆီးချို၊ သွေးတိုးနဲ့ မကူးစက်နိုင်တဲ့ရောဂါတွေ စစ်ဆေးပေးတဲ့ အစီအစဉ်တစ်ခု လုပ်ခဲ့ပြီး ပြည်ထောင်စု အဆင့်အဖွဲ့တွေနဲ့ ဝန်ကြီးဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်း ၂၇၇ ဦးကို ဆီးချို၊ သွေးတိုးစစ်ဆေး ပေးခဲ့ သလို နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကိုလည်း ဆန်းစစ်ပေးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိ ပညာပေးမှုတွေ လုပ်ခဲ့ပြီး စစ်ဆေးလိုသူ ၂၅၀ ဦးကို ရင်သားကင်ဆာ စမ်းသပ် ပေးခဲ့ရာမှာ ၃၀ ဦးကိုတော့ ဆက်လက်စစ်ဆေးကုသနိုင်ဖို့ ခုတင် ၁၀၀၀ ဆေးရုံကြီးကို ညွှန်းပို့ ခဲ့တယ်လို့ သိရပါတယ်။
• ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ခြင်ဆီအစားထိုးဌာနမှာ ၂၀၂၆ ခုနှစ် မေလအတွင်း ဆေးရုံတက် ရောက်ခဲ့တဲ့ ခြင်ဆီကင်ဆာလူနာ ၄ ဦးကို ခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာ လုပ်ဆောင် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူနာတွေကတော့ သာပေါင်းမြို့နယ်က အသက် ၃၈ နှစ်အရွယ် အမျိုးသမီး၊ လှိုင်မြို့နယ်က အသက် ၅၇ နှစ်အရွယ် အမျိုးသမီး၊ ကျောက်ဆည် မြို့နယ်က အသက် ၄၇ နှစ်အရွယ် အမျိုးသားနဲ့ ရွှေဘိုမြို့နယ်က အသက် ၅၃ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပြီးလူနာအားလုံး ကျန်းမာရေးကောင်းမွန်လာတာကြောင့် ဇွန်လ ၁၂ ရက်နေ့မှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
• သွေးလွန်တုပ်ကွေးရာသီ ရောက်ရှိလာပြီဖြစ်လို့ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတွေအနေနဲ့ ကြိုတင်သတိပြုနေထိုင်ကြဖို့ လိုအပ်နေကြောင်း WHO Myanmar က ထုတ်ပြန်ထားပါတယ်။ဒါအပြင် WHO Myanmar က ထုတ်ပြန်ထားတဲ့ သွေးလွန် တုပ်ကွေး ရောဂါ အန္တရာယ်မှတားဆီးကာကွယ်နိုင်ဖို့ ထုတ်ထားတဲ့စာစောင်တွေကိုလည်း WHO Myanamr ရဲ့ လူမှုကွန်ရက်တွေမှာ ဝင်ရောက်ဖတ်ရှုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
• ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ရာဒေသများတွင် အသည်းရောင်အသားဝါ (အေ) ရောဂါ အဖြစ်တွေနေပြီး သေဆုံးသူတွေလည်း ရှိလာနေတာကြောင့် အထူးဂရုစိုက်ရန် လိုအပ်နေ တယ်လို့ ဒေသအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကား၍ ရခိုင်ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
• ကရင်နီပြည်နယ်က ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ မေလကစပြီး ဒေသခံတွေနဲ့ စစ်ဘေး ရှောင်ပြည်သူတွေ နေထိုင်နေတဲ့ ကျေးရွာတွေထဲမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော်ရှိလာတယ်လို့ ကျန်းမာရေးကူညီစောင့်ရှောက်သူတွေပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာဖြစ်တဲ့ မဲခေါင်သတင်းမှာ ဖော်ပြထားပါတယ်။
• ထိုင်းနိုင်ငံမှာ တစ်ဦးချင်းအလိုက် ကင်ဆာကာကွယ်ဆေးကို လူနာတွေအပေါ် စမ်းသပ်သုံးစွဲမှု စတင်လိုက်ပြီး၊ ဒါဟာ တိကျညှိနှိုင်းကုသရေး နဲ့ အဆင့်မြင့် ဇီဝနည်း ပညာအခြေပြု ကင်ဆာကုသမှုဘက်ကို နိုင်ငံအနေနဲ့ တိုးမြှင့်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်လာတယ်လို့ The Nation သတင်းမှာဖော်ပြထားပါတယ်။
• ပြင်သစ်နိုင်ငံတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အတည်ပြု အီဗိုလာလူနာတစ်ယောက် တွေ့ရှိရ ကြောင်း ပြင်သစ်အစိုးရက ဇွန် ၂၄ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီလူနာ ဟာ အီဗိုလာရောဂါ အပြင်းအထန် ဖြစ်ပွားနေတဲ့ ကွန်ဂိုနိုင်ငံကနေ လေယာဉ်နဲ့ ပြန်လာတဲ့ ဆရာဝန် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
• အင်အားပြင်း အယ်လ်နီညို (El Niño) ရာသီဥတုလက္ခဏာကြောင့် ဒီနွေရာသီမှာ အပူချိန် စံချိန်တင် မြင့်တက်လာနိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှား မှုလုပ်တာက ပိုပြီးခက်ခဲလာနိုင်တယ်လို့ ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။ အဲဒါကြောင့်ပဲ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစား သမားတွေကို တစ်ပိုင်းစီရဲ့ ၂၂ မိနစ်အရောက်မှာ ရေဓာတ်ဖြည့်နားချိန် ထပ်မံပေးထားတာ ဖြစ်ပါတယ်။ အရမ်းပူတဲ့နေ့တွေမှာ လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကိုလျှော့ပြီး နားချိန်ပို ထည့်ပေး တာကို စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။တခါတလေ မနက်ပိုင်းမှာ အချိန်တိုတို လမ်းလျှောက် တာ၊ ဒါမှမဟုတ် အိမ်ထဲမှာ ပေါ့ပေါ့ပါးပါး လှုပ်ရှားတာတွေ လုပ်သင့်တယ်လို့ ပညာရှင်တွေ ပြောဆိုချက်တွေကို ကိုးကားပြီး ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
• အလုပ်ခွင်နေ့စဉ်ဘဝမှာ အချိန်ကြာကြာထိုင်နေတာဟာ ကျန်းမာရေးအတွက် ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန်တက်လာတာ၊ နှလုံးရောဂါနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေကို မြင့်တက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ British Journal of Sports Medicine မှာ ထုတ်ပြန်ထားတဲ့ သုတေသနအသစ်တစ်ခုအရတော့ တစ်နာရီခြားတခါ ၅ မိနစ်ခန့် လှုပ်ရှားအနားယူခြင်း က ကျန်းမာရေးကောင်းစေပြီး အလုပ်ထိရောက်မှုကို မထိခိုက်ဘဲ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
• အင်္ဂလန်မှာ အဝလွန်ရောဂါ အသစ်ဖြစ်ပွားမှုက လူငယ်အရွယ်ရောက်သူတွေထဲမှာ အမြန်ဆုံး မြင့်တက်လာနေတယ်လို့ လေ့လာမှုတစ်ခုကို ကိုးကားပြီး ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။အဲဒီလေ့လာမှုအရ အသက် ၃၀ ကျော်အရွယ်အုပ်စုမှာ ၂၀၂၄-၂၅ ခုနှစ်အတွင်း အဝလွန်ရောဂါအသစ် သတ်မှတ်ခံရသူနှုန်းဟာ ၂၀၁၉-၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။ အသက် ၂၀ ကျော်အရွယ်အုပ်စုမှာလည်း အသစ်ဖြ စ်ပွားမှု ၁၆ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဝလွန် ရောဂါကို အသက်ငယ်ငယ်နဲ့ စတင်တွေ့ရှိလာတဲ့ လမ်းကြောင်းက စိုးရိမ်စရာဖြစ်တယ်လို့ သတိပေးထားပြီး၊ အဝလွန်မှုဟာ ဆီးချို၊ နှလုံးရောဂါနဲ့ ကင်ဆာလို ရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။
• ဘန်ကောက်မြို့ရဲ့ အပူညွှန်းကိန်းဟာ “အန္တရာယ်ရှိ” အဆင့်အထိ မြင့်တက်လာပြီး ၅၁.၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ဌာနနဲ့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်းအာဏာပိုင်တွေကလည်း “တကယ်ခံစားရမယ့် အပူချိန်” မြင့်မားနေတာနဲ့ heatstroke ဖြစ်နိုင်ခြေရှိတာကြောင့် ပြည်သူတွေကို မနက် ၁၁ နာရီကနေ မွန်းလွဲ ၃ နာရီအတွင်း အပြင်ထွက်လှုပ်ရှားမှုတွေ လျှော့ချဖို့ သတိပေးထားပါတယ်။