Skip to content
Ads Advertisement

သည်းခြေကျောက်ရှိရင်ခွဲရတော့မှာလား

သည်းခြေကျောက်ဆိုတာ သွေးတွင်းကိုလက်စထရောများတာ၊ သည်းခြေအိတ်က ပုံမှန်မညစ်နိုင်တာ နဲ့ မကျန်းမာတဲ့လူနေမှုဘဝပုံစံတွေနဲ့ ဆက်စပ်နေတဲ့ ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များတဲ့ ရောဂါတစ်ခုလဲ ဖြစ်ပါတယ်။ သည်းခြေကျောက်တည်တဲ့ရောဂါဟာ ရောဂါလက္ခဏာတွေသာ မပြခဲ့ဘူးဆိုရင်ရင် မခွဲစိတ်လဲရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေ ပြလာရင်တော့ ခွဲစိတ်ဖို့ လိုပါတယ်။

သည်းခြေကျောက်တည်တဲ့သူတိုင်းခွဲစိတ်စရာမလိုဘဲ စောင့်ကြည့်နိုင်ပါတယ်

လေ့လာတွေ့ရှိချက်တွေအရ သည်းခြေကျောက်ရှိသူ ၁၀ ယောက်မှာ ၇ ယောက်၊ ၈ ယောက်လောက်က တစ်သက်လုံး ဘာရောဂါလက္ခဏာမှ မပြတတ်ကြပါဘူး။ ရောဂါလက္ခဏာ လုံးဝမရှိတဲ့သူတွေ (ဗိုက်အောင့်တာ၊ နာတာ၊ ရင်ခေါင်းပူတာမျိုး လုံးဝ မဖြစ်ဖူးတဲ့သူတွေ) နဲ့ တခြားရောဂါတစ်ခုခုကို စစ်ဆေးရင်း အာထရာဆောင်းမှာ မတော်တဆ ကျောက်တွေ့ရသူတွေဟာ နောက်နှစ် ၂၀ အတွင်း ရောဂါလက္ခဏာပြလာနိုင်ချေက ၂၀% လောက်ပဲ ရှိတာကြောင့် အလောတကြီး မခွဲစိတ်ဘဲ ကျောက်ရှိနေတဲ့ အနေအထားအတိုင်း ပိုမဆိုးလာအောင် ကျန်းမာတဲ့ လူနေမှုဘဝပုံစံကို ပြောင်းလဲနေထိုင်ရင်း စောင့်ကြည့်လို့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ခွဲစိတ်ရမယ့်အခြေအနေများ

ဒါပေမယ့် သည်းခြေကျောက်ကြောင့် မကြာခဏ ဗိုက်အောင့်တတ်တဲ့ သူတွေကတော့ အချိန်သိပ်မဆိုင်းဘဲ ခွဲဖို့ စဉ်းစားသင့်ပါတယ်။ သည်းခြေကျောက်ရှိတဲ့သူတွေမှာ အဆီများတဲ့အစားအစာ စားပြီးရင် ညာဘက်နံရိုးအောက် (သို့) ရင်ခေါင်းတည့်တည့်က ထိုးပြီးအောင့်မယ်၊ ညာဘက်ပခုံးထိ ပြန့်ပြီး နာမယ်ဆိုရင် ခွဲစိတ်ဖို့ လိုအပ်ပါပြီ။ အဲ့လို ဗိုက်အောင့်တာက ၆ နာရီထက်ပိုကြာမယ်၊ ဖျားမယ်၊ အန်မယ်ဆိုရင် သည်းခြေအိတ်ရောင်ရမ်းတာ ဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေနဲ့ ရက်ကြာကြာနေမယ်ဆိုရင် ခွဲစိတ်ရခက်ပြီး အန္တရာယ်ပိုများနိုင်ပါတယ်။ နောက်အခြေအနေတစ်ခုကတော့ သည်းခြေကျောက်သမားမှာ မျက်လုံးနဲ့ အသားတွေ ဝါလာမယ်၊ ဆီးအရောင် ရင့်သွားမယ်ဆိုရင် ကျောက်က သည်းခြေပြွန်မှာပိတ်ပြီး အသက်အန္တရာယ်ရှိတဲ့ ပြွန်ပိုးဝင်ခြင်း (Cholangitis) ဖြစ်စေနိုင်လို့ ချက်ချင်း ကုသဖို့ လိုပါတယ်။

သည်းခြေကျောက်တည်နေရင်ဆေးသောက်ရုံနဲ့မပျောက်နိုင်ပါဘူး

သည်းခြေကျောက်ဆိုတာ အခြားကျောက်တွေနဲ့ မတူဘဲ ဆေးသောက်လို့ မပျောက်နိုင်ပါဘူး။ အစားအသောက် ဆင်ခြင်တာက ဗိုက်နာ၊ ဗိုက်အောင့်တာ သက်သာအောင် ကူညီပေးနိုင်ပေမယ့် ရှိပြီးသားကျောက်ကို ပျော်သွားအောင် မလုပ်နိုင်ပါဘူး။ သည်းခြေကျောက်ပျော်ဆေး ဆိုတာမျိုးတွေကလည်း ကျောက်အသေးစားလေးတွေ အတွက်ပဲ အကျိုးရှိနိုင်သလို ဆေးရပ်လိုက်ရင် ကျောက်ပြန်တည်နှုန်းက ၅၀% ကျော်ရှိလို့ လက်တွေ့မှာ သိပ်အသုံးမဝင်လှပါဘူး။ ဆေးသောက်ရမယ့် ကြာချိန်ကလည်း ၆ လကနေ တစ်နှစ်လောက်ထိ ဖြစ်နိုင်ပါတယ်။

တွေ့ရှိချက်တွေအရ သည်းခြေကျောက်ရှိတဲ့ လူနာတွေမှာ ဗိုက်မနာခင်၊ သည်းခြေအိတ် မရောင်ခင် အေးဆေးဆေး ကြိုတင်စီစဉ်ပြီး ခွဲစိတ်တာက အရေးပေါ်ခွဲစိတ်တာထက် အန္တရာယ် ၂-၃ ဆ ပိုနည်းသလို၊ ဆေးရုံတက်ရက်လည်း တိုစေနိုင်ပါတယ်။ အခုခေတ်မှာဆိုရင် ဗိုက်ခွဲစရာမလိုဘဲ ဝမ်းဗိုက်မှာ အပေါက်သေးလေးတွေ ဖောက်ပြီး မှန်ပြောင်းလျှိုခွဲစိတ်တဲ့ ခေတ်မီနည်းလမ်းတွေနဲ့လဲ ခွဲလို့ ရနိုင်နေပြီ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင် သည်းခြေကျောက်ဟာ ရှိတိုင်း/တွေ့တိုင်း စိုးရိမ်စရာ မလိုဘဲ ရောဂါလက္ခဏာမပြရင် စောင့်ကြည့်လို့ ရပါတယ်။ ဒါပေမယ့် ဗိုက်အောင့်တာ ၆ နာရီကျော်ခြင်း၊ ဖျားနာခြင်း၊ အသားဝါခြင်းတွေ ဖြစ်လာရင်တော့ မပေါ့ဆသင့်ပါဘူး။ အကောင်းဆုံးကတော့ ရောဂါမရင့်ခင်၊ အရေးပေါ် မဖြစ်ခင် ကြိုတင်စီစဉ်ပြီး ခွဲစိတ်ကုသတာက အန္တရာယ်ကင်းပြီး စိတ်အချရဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

References

1. Tokyo Guidelines for Acute Cholecystitis Management.

2. Society of American Gastrointestinal and Endoscopic Surgeons (SAGES) Guidelines.

3. NICE Guidelines on Gallstone Disease.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement