Skip to content
Ads Advertisement

မိသားစုဝင်တိုးရင် ချင်းဖေဖေ၊ ချင်းမေမေတွေ လိုက်နာရတဲ့ ရိုးရာဓလေ့

မြန်မာနိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ ကျော် ရှိတဲ့အထဲမှာ ချင်းတိုင်းရင်းသားတစ်ခုတည်းမှာကို ၅၃ မျိုးတောင် ရှိပါတယ်။ မြန်မာပြည်ကို အခြေချလာတဲ့ မွန်-ခမာ၊ တိဗက်-ဗမာနဲ့ ခရာ-တိုင်း (ရှမ်း) အနွယ်တွေထဲမှာ တိဗက်-ဗမာအနွယ်ဝင်တွေ ဖြစ်တယ်လို့ သမိုင်းမှတ်တမ်း တင်ထားကြပါတယ်။ အရင့်အရင်ကတော့ ချင်းမျိုးနွယ်စု အများစုဟာ ရိုးရာနတ် ကိုးကွယ်တဲ့ဓလေ့ ရှိခဲ့ပေမယ့် အခုနောက်ပိုင်း ခရစ်ယာန်နဲ့ဗုဒ္ဓဘာသာကိုးကွယ်မှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ရိုးရာနတ်ကိုးကွယ်မှုကနေ ဆင်းသက်လာတဲ့ ရိုးရာထုံးစံတွေကတော့ မပျောက်ကွယ်သေးသလို ဒီအယူအဆတွေဟာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ကဏ္ဍတွေမှာ အမြစ်တွယ် နေကြတုန်းပါ။​ ခေတ်မီဆေးဝါးတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ…ရိုးရာဓလေ့တွေ၊ အယူအဆတွေကတော့ ဒီကနေ့ အချိန်ကာလအထိ ချင်းတောင်တန်းမှာ ရှင်သန်ဆဲ ဖြစ်ပါတယ်။​

​ဒီလိုမျိုး ရိုးရာဓလေ့၊ အယူအဆတွေကလည်း အမျိုးသားဖြစ်မှု၊ အမျိုးသမီးဖြစ်မှုအပေါ်မှာ မူတည်ပြန်ပါသေးတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ သားဖွားပြီးစ မိခင်တွေနဲ့ ပတ်သက်ပြီး လိုက်နာကြ၊ လုပ်ကြတဲ့ ရိုးရာထုံးတမ်းတွေက မျိုးနွယ်စုအလိုက် ကွဲပြားကြပြန်ပါတယ်။

– ကိုယ်ဝန်ဆောင်ထားရင် –

► လိုင်ဇိုး (ဖလမ်း) – ပန်းပဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်တွေကို မသွားဖို့ တားမြစ်ကြလေ့​​ရှိပြီး သွားရင် သံတွေ ကွဲအက်တယ်လို့ အယူ ရှိကြပါတယ်။​

► ဟွာလ် – ကိုယ်ဝန်ဆောင်စဉ် ခရမ်းသီးမစားဖို့ တားမြစ်ကြလေ့​ရှိပြီး စားမိရင် ကလေးရဲ့ အသားအရောင်ဟာ ခရမ်းရောင်ဖြစ်မယ်လို့ အယူ ရှိကြပါတယ်။

► ခမီ၊ အနူး၊ ခေါင်စို၊ ပနမ်း၊ ကလင်းကော့ (လုရှေ့) – မြွေသား၊ မျောက်သား၊ ဖွတ်သား၊​ လိပ်သားကို ကိုယ်ဝန်ဆောင်စဉ် မစားခိုင်းပါဘူး။ စားမိရင် မီးဖွားရခက်သလို ကလေးမွေးပြီး ကြီးလာရင်လည်း မကြီးပွား၊ မတိုးတက်ဘူးလို့ အယူရှိကြပါတယ်။

► ခွာလ်ဆင်းမ် (ဖလမ်း) – အမျိုးသမီးတွေ ကိုယ်ဝန်စရှိပြီး တစ်လ၊ နှစ်လအတွင်းမှာ မီးလှုံခိုင်းလေ့ရှိပြီး ဒါဟာ ကိုယ်ဝန်ခိုင်အောင်၊ မြဲအောင် လုပ်တာလို့ အယူရှိပါတယ်။​

► ဇန်ညပ် (ဇန်နိယပ်) – ကိုယ်ဝန်ဆောင် မိခင်ကော၊ ကလေးကော အားရှိစေဖို့ သစ်သီးများများ စားခိုင်းလေ့ရှိပြီး ကလေးမွေးလာရင် သစ်ပင်တက် ကျွမ်းကျင်ဖို့အတွက် မျောက်လက်ဝါး စားတဲ့ အလေ့​ရှိကြပါတယ်။

​ဒီအချက်အလက်တွေဟာ မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာဦးစီးဌာနက စုစည်းထားတဲ့ အချက်အလက်တွေ ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတုန်းက “မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဆေးပညာအစဉ်အလာ နှင့် ဓလေ့များကို လျှပ်တပြတ် လေ့လာခြင်း” အမည်နဲ့ ထုတ်ပြန်ထားတဲ့ စစ်တမ်းထဲက ဆိုင်ရာ ဆိုင်ရာအလိုက် ကောက်နုတ်ထားတာပါ။ မြန်မာနိုင်ငံမှာက ကွဲပြားတဲ့ မျိုးနွယ်စုတွေ၊ တည်ရှိရာ ဒေသတွေအလိုက် တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ကျန်းမာရေးအပေါ် သက်ရောက်တဲ့ ရိုးရာဓလေ့၊ အယူအဆတွေက အများကြီး ရှိနေပြန်ပါသေးတယ်။​ ချင်းတိုင်းရင်းသားမျိုးနွယ်စုတွေထဲက တချို့မျိုးနွယ်စုတွေမှာဆိုရင် ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ယောက်က မီးမဖွားနိုင်လို့ သေတယ်ဆိုတဲ့ သတင်းတွေ ကြားမိရင် သူတို့ ပုံမှန်စားနေတဲ့ ထမင်းစားချိန်ကို အချိန်လွှဲ စားလေ့ရှိကြပြန်ပါတယ်။ ဒါဟာ မကောင်းတဲ့ သတင်းကို ချေဖျက်ဖို့၊ ယတြာချေတဲ့ အနေနဲ့ လုပ်ကြတဲ့ ဓလေ့တစ်ခုပဲ​ ဖြစ်ပါတယ်။

– အမျိုးသမီးက ကိုယ်ဝန်ဆောင်ထားရင် အမျိုးသားက –

​ချင်းအမျိုးသားတွေဟာ ကိုယ့်ရဲ့ ဇနီးက ကိုယ်ဝန်ဆောင်ထားရင် ဖြစ်စေ၊ တစ်အိမ်ထဲနေ မိသားစုထဲက အမျိုးသမီးတစ်ယောက်ယောက် ကိုယ်ဝန်ဆောင်ထားရင်ဖြစ်စေ သူတို့ရှောင်ကြတဲ့ အလုပ်တွေ ရှိပါတယ်။ ဒါကတော့ လူသေအတွက် တွင်းတူးပေးတာ၊ မြေဖို့ပေးတာ၊ ပုံမှန်မဟုတ်ဘဲ သေဆုံးတဲ့ (အရပ်အခေါ် အစိမ်းသေ) တွေကို ကိုင်တွယ်တာတွေကို မလုပ်ကြပါဘူး။ ဒီလိုလုပ်မိရင် အမင်္ဂလာဖြစ်တယ်လို့ အယူရှိကြလို့ ဖြစ်ပါတယ်။

​မြိုလူမျိုးစုတွေဟာ အမျိုးသမီးဖြစ်သူက ကလေးမွေးဖွားခါနီး မွေးဖို့ခက်နေတယ်ဆိုရင် အိမ်ရှေ့ လှေကားနားမှာ နတ်စင်သေးသေးကလေးဆောက်၊ ပြီးရင် ဝက်ကလေးတစ်ကောင်ရဲ့အသားနဲ့ နတ်ပူဇော်ကြလေ့ရှိပြီး ပိုတဲ့အသားကိုလည်း ဘယ်သူမှ မစားဘဲ လွှင့်ပစ်တတ်ကြပါတယ်။

– ကလေးမွေးတဲ့အခါ မိခင်တွေက –

□ တီးတိန် – ကလေးမျက်နှာမြင်ပြီဆိုရင် ချင်း (ဂျင်း) ကိုထောင်းပြီး ရေနွေးနဲ့ သောက်လေ့​ရှိသလို နို့ထွက်စေဖို့အတွက် ခေါင်ရည် သောက်လေ့​ရှိပါတယ်။

□ ခမီး၊ အနူး၊ ခေါင်စို – မီးဖွားပြီးနောက် မိခင်တွေကို မီးကင်တာ (မြန်မာလို – မီးတွင်းဝင်စေခြင်း) လုပ်ပါတယ်။ ရက်ပေါင်း ၃၀ အတွင်း ထမင်းဖြူနဲ့ ရေပူပူကိုသာ စားစေ၊ သောက်စေသလို ဟင်းသီးဟင်းရွက် ကိုလည်း ဆား၊ငါးပိ မပါဘဲ​ စားစေပါတယ်။​ ဒါက ပထမဦးဆုံး ကလေးမွေးဖွားသူအတွက်ဖြစ်ပြီး ကလေးမွေးဖွားဖူးတဲ့သူဆိုရင်တော့ ၁၅ ရက်ပဲ လုပ်ရပါတယ်။ ဒါ့အပြင် မွေးဖွားပြီး ငါးရက်အတွင်း မြေကြီးပေါ် ဆင်းတာမျိုးကို တားမြစ်တဲ့ ဓလေ့ထုံးတမ်း ရှိပါတယ်။

□ မီးနေသည်တွေအတွက် ပထမဆုံး စားစေတဲ့ အသားဟင်းကတော့ ရှည့်သားခြောက်ဟင်းပါ။​ ဒါဟာ ရောဂါကင်းတယ်ဆိုတဲ့ အယူကြောင့်ဖြစ်ပါတယ်။​

□ ပနမ်း – ရှည့်ခြောက်အခြောက်ကို ဦးဆုံး စားစေပြီးမှ တခြားအသားတွေကို စားစေပါတယ်။​

□ ပလက်ဝနယ်ဘက် – မီးနေသည်တွေကို ငါးပိစားတာကို ခြောက်လကနေ တစ်နှစ်အထိ ရှောင်ကြဉ်ခိုင်းပါတယ်။​

​ရိုးရာဓလေ့ ထုံးတမ်း၊ ယုံကြည်မှုတွေဟာ မွေးဖွားလာတဲ့ ကလေးငယ်နဲ့ ပတ်သက်လို့ မိခင်ဖြစ်သူက လိုက်နာရတာတွေ ရှိသလို ဖခင်ဖြစ်သူလည်း လိုက်နာရတာတွေ ရှိပါတယ်။ ချင်းမျိုးနွယ်စုတိုင်းလိုလိုမှာ ကလေး မွေးဖွားပြီဆိုတာနဲ့ ဖခင်ဖြစ်သူက ကလေးကို ချက်ချင်းရေချိုးပေးလေ့ ရှိပါတယ်။

– ကလေးမွေးတဲ့အခါ ဖခင်တွေက –

● ခမီ၊ အနူး၊ ခေါင်စို – ကလေးမွေးပြီးပြီဆိုရင် အချင်းကို ဝါချည်နဲ့ ချည်ပြီး ဖြစ်စေ၊ ခြင်းတောင်းထဲ ထည့်ပြီး ရွာပြင်က သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲထားလေ့ရှိပြီး တချို့ကတော့ အချင်းကို ဝါးဓားနဲ့ ဖြတ်ပြီး ချက်ချင်း မြေမြှုပ်ပစ်လေ့ ရှိပါတယ်။​

● မြို၊ လေးတူ – အချင်းကို အိပ်ခန်းအောက်တည့်တည့်မှာ တွင်းနက်နက်တူးပြီး နံနက်နေမထွက်မီ​ ဒါမှမဟုတ် ငှက်မနိုးမီ နံနက်စောစောမှာ မြှုပ်လေ့​ရှိပါတယ်။ နေထွက်ချိန်မှာ လုပ်တာဟာ မလုပ်ကောင်းဘူးလို့ ယူဆကြတာကြောင့်ပါ။​

● မရာ – ကလေးမွေးပြီး မိခင်က အချင်းမကျလာဘူးဆိုရင် “လုပ်ရပါရှေကီးတောက်” လို့ ခေါ်တဲ့ အပင်ရဲ့ အမြစ်ကို ထောင်းကြိတ်ပြီး ရတဲ့ အရည်ကို တိုက်ကျွေးရင် အချင်းကျတယ်လို့ ကနေ့အထိ ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။

● ပနမ်း – ကလေးရဲ့ အချင်းကို ရေဗူးဟောင်းထဲ ထည့်ပြီး ရွာပြင်က သစ်ပင်မှာ ချိတ်ဆွဲထားလေ့​ရှိပါတယ်။

● တီးတိန် – မိခင်ဖြစ်သူက ကလေးမွေးပြီး သွေးတက်တာ၊ သွေးလွန်တာ ဖြစ်ရင် ရှေးရိုးအစဉ်အလာအရ နတ်ဆရာပင့်ပြီး မန်းမှုတ်ကုသကြလေ့​ရှိပါတယ်။

● လိုင်ဇို – ဇနီးသည် ကိုယ်ဝန်ရှိစဉ်ကတည်းက ယောကျ်ားဖြစ်သူဟာ ခေါင်ရည်အိုး တည်ထားလေ့ရှိပြီး ကလေးမျက်နှာမြင်ပြီ (ကလေးမွေးပြီးပြီ) ဆိုတာနဲ့ ဇနီးသည်ကို ခေါင်ရည်တိုက်လေ့​ ရှိပါတယ်။

​ချင်းတိုင်းရင်းသူ၊ ချင်းတိုင်းရင်းသားတွေမှာ မိသားစုဝင်တစ်ဦး တိုးလာတော့မယ်ဆိုရင် ကလေးငယ် ကိုယ်ဝန်ဆောင်စဉ်ကတည်းက မွေးဖွားချိန်အထိ ရိုးရာဓလေ့ထုံးတမ်းတွေအရ မိခင်ကော၊ ဖခင်ဖြစ်သူတို့ လိုက်နာရမယ့် အရာတွေက အများကြီးပါ။ တချို့အရာတွေဟာ ဒီကနေ့ခေတ် အယူအဆတွေ၊ ဆေးပညာရှုထောင့်တွေက နေကြည့်ရင် လက်သင့်မခံနိုင်စရာတွေ ရှိနိုင်ပေမယ့်လည်း ဒါတွေဟာ တကယ်ပဲ​ရှိခဲ့တဲ့ ရိုးရာဓလေ့၊ ယုံကြည်မှု တွေဆိုတာကိုတော့ လက်ခံကြရမှာ ဖြစ်ပါတယ်။​

# ချင်း

#ခေါင်ရည်

#ကိုယ်ဝန်ဆောင်

#နတ်ဆရာ

ကိုးကား – A Glimpse at Traditional Medical Practices and Customs of Ethnic Groups in Myanmar

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement