မြန်မာပြည်က တချို့ဒေသတွေမှာ မိုးကြီးပြီး ရေကြီးတဲ့ ပြဿနာက ရက်သတ္တပတ် နှစ်ပတ်ကျော် ကြာလာတာကြောင့် နေမှုထိုင်မှု ပြဿနာအပြင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုနဲ့ စိုးရိမ်မှုတွေက မြင့်တက်လာပါတယ်။ ကချင်ပြည်နယ် အထက်ပိုင်းက ပူတာအို၊ ချီဖွေနဲ့ ဆွမ်ပရာဘွန်လို မြို့တွေမှာ ဇွန်လဆန်း ကတည်းက မိုးကောင်းခဲ့တာကြောင့် မြို့နယ်ထဲက တချို့ဒေသတွေမှာ ရေကြီး၊ ရေလျှံမှုတွေ စတင် ကြုံတွေ့ခဲ့တာပါ။ ဒါ့အပြင် ဖားကန့်၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်တွေမှာလည်း ရေဘေးနဲ့ ကြုံနေရပြီး ဖားကန့်မြို့ပေါ်ဖြစ်တဲ့ ငှက်ပျောတာ၊ မြို့မ၊ မရှီကထောင်၊ အေးမြသာယာရပ်ကွက်အပြင် တချို့ ကျေးရွာအုပ်စုနဲ့ ရွာတွေမှာ ဇွန် ၁၃ ရက်ကတည်းက မိုးကြီးလို့ ရေကြီး နစ်မြုပ်တာတွေကို ဒေသခံ ၁၀,၀၀၀ ကျော် ကြုံတွေ့နေရပြီး ရေကြီး ကာလ ကြာလာတာနဲ့အမျှ ဖျားနာတာတွေ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရသူတွေ ရှိလာနေပြီလို့ ဒေသခံတွေက MyanHealth ကို ပြောပြပါတယ်။
“ရေမြုပ်တဲ့ရက်က ကြာသွားတော့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ကြုံရတာ။ အရမ်းကို စိတ်ပျက်ဖို့ကောင်းတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တဲ့သူတွေလည်း ရှိတယ်။ တုပ်ကွေးတွေလည်း ဖြစ်ကြတယ်။ ရေဘေးနဲ့လွတ်တဲ့ ဆေးခန်းတွေကိုတော့ သွားပြကြတယ်။ သွားရေးလာရေး အခက်အခဲ ကြုံတာရယ်၊ ငွေကြေးအခက်အခဲရှိတာတွေရယ်ကြောင့် ဆေးခန်းမပြနိုင်သူတွေလည်း ရှိတယ်။ ကျနော် ကိုယ်တိုင်လည်း ဖျားနေတာ သုံးရက်ရှိပြီ။ ဆေးခန်းမပြနိုင်လို့ပေကပ်နေတာ” လို့ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ရေကြီးမှုဒဏ်ကို ခံနေရတဲ့ ကချင်ပြည်နယ်ထဲက သူတွေဟာ ရေလွတ်တဲ့ နီးစပ်ရာဆွေမျိုးတွေ အိမ်မှာ ယာယီ နေနေကြရသလို နေအိမ်အတည်တကျ မရှိတဲ့ ကျူးကျော်တဲနဲ့ နေခဲ့သူတွေက ရေလွတ်တဲ့ ကုန်းမြင့်တွေဆီ သွားပြီး ယာယီတဲထိုး နေနေကြရပါတယ်။ ရေဘေးသင့်သူတွေ အရေးကြီးတဲ့ ဆန်နဲ့ အသင့်ချက်ပြီး ထမင်းနဲ့ ဟင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကူညီပေးတာ ရှိပေမယ့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ ရေကြီးမှုနဲ့အတူ ပလပ်စတစ်နဲ့ စက္ကူပုံးလို စွန့်ပစ်ပစ္စည်းတွေလည်း အများအပြား ပါဝင်လာတာဟာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်အပေါ် ဖိအားတစ်ခု ဖြစ်လာနေပါတယ်။ ရေလျှံတဲ့အခါ မျှောပါလာနိုင်တဲ့ ဆေးထိုးအပ်တွေ၊ မြွေအပါအဝင် အခြား အဆိပ်ရှိ အင်းဆက် ပိုးမွှားအန္တရာယ်တွေဟာလည်း သတိထားစရာ ပြဿနာတွေပါ။
“ဖားကန့်မှာ အရင်ကဆို နှစ်ရက်လောက်နဲ့ ရေပြန်ကျတာ။ အခုနှစ်မှာ နှစ်ပတ်နီးပါး ရှိလာပြီဆိုတော့ အခက် အခဲက များတယ်။ ကူးစက်ရောဂါ အသေးစားတွေ ကြုံနေရတယ်။ အခြေအနေမဆိုးသေးပေမယ့် ပြင်ပဆေးခန်းတွေမှာ ဆေးလာပြသူတွေ အများကြီးရှိလာတယ်” လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။
ဖားကန့်မြို့ပေါ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း “တစ်နှစ်လုံး စည်းမဲ့ကမ်းမဲ့ပစ်ထားတဲ့ ပစ္စည်းတွေက အကုန် မျောပါလာတာ။ အိမ်ကြိုအိမ်ကြားတွေမှာလည်း ကျန်နေခဲ့တယ်။ နွံတွေ တင်ကျန်ခဲ့တာတွေလည်း ရှိတယ်။ နောက်ပြီး မိုးရွာသီဆိုတော့ တုပ်ကွေးရာသီ၊ ငှက်ဖျားရာသီ၊ အသီးအနှံမှည့်တဲ့ရာသီဆိုတော့ ဝမ်းလျှောဝမ်းပျက် ဖြစ်ကြတာ။ ဝမ်းလျှောပြီး ဖျားကြတယ်” လို့ ဒေသအခြေအနေကို ရှင်းပြပါတယ်။
ဖားကန့်မြို့နယ်ထဲ ကြုံနေရတဲ့ ရေဘေးနဲ့ နောက်ဆက်တွဲပြဿနာကြောင့် ဇွန် ၂၁ ရက် မနက်ပိုင်းက အေးမြသာယာရပ်ကွက်ထဲမှာ တောင်မြေပြိုကျလို့ နေအိမ်ထဲက အမျိုးသားတစ်ဦး သေဆုံးထားရသလို ဇွန် ၁၆ ရက်ကလည်း ကုဋေမှော်ရွာဘက်မှာ တောင်ကျရေနဲ့အတူ လူတစ်ဦး မျောပါပြီး သေဆုံးထားရပါသေးတယ်။ ဒီလိုအခြေအနေမှာ ဒေသတွင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဖားကန့် – ကာမိုင်းလမ်းက နန့်ယားနဲ့ နန့်တိန်ရွာကြား ကားလမ်းပျက်တာ၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနဲ့ ဆက်စပ်တဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ဟုမ္မ လင်း၊ နန့်တောလမ်းပေါ်မှာလည်း တံတားတစ်စင်း ရေမြောသွားလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြန်ပါသေးတယ်။
လက်ရှိမှာ ရေဘေးသင့်သူတွေအတွက် ရေသန့်နဲ့ ဆေးစိမ်ခြင်ထောင် လိုအပ်နေသလို ဝမ်းပျက်ဝမ်းလျှောသူတွေအတွက် ဓာတ်ဆားထုပ်နဲ့ ဖျားနာသူတွေအတွက် အကိုက်အခဲပျောက်ဆေးလိုဟာတွေက အဓိက လိုအပ်ချက် ဖြစ်နေပြီး “ဆေးပြဖို့လည်း ခက်တယ်။ ဝယ်ချင်တဲ့ ဆေးလည်း ဝယ်မရ။ လမ်းတွေ ပြန်ပွင့်မှပဲ အဆင်ပြေမယ်” လို့ ဖားကန့်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
တကယ်တော့ ရေဘေးသင့်မှုကို မိုးကောင်းမြို့နယ်ထဲမှာလည်း ရှိနေပြီး နန့်ယင်းနဲ့ နန့်ကောင်းချောင်းဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး မြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းတွေမှာ ရေကြီးမှုတွေ ကြုံနေရပါတယ်။ ရေကြီးတာ အပြင် မိုးဆက်တိုက်ရွာနေတာကလည်း တစ်ပူပေါ် နောက်တစ်ပူဆင့်တဲ့ အခြေအနေပါ။
“နေမထွက်တာ တစ်လ ရှိတော့မယ်။ ပိုဆိုးလာတော့မှာ။ မိုးလုံးဝ မပြတ်တာ။ မျက်စေ့မဖွင့်တမ်း ရွာနေတာ။ စိုစိုစွတ်စွတ် ရက်တွေချည်း ဖြစ်နေတာ။ ရောဂါတွေ ကပ်လိုက်လာတော့မှာ။ ဝမ်းကိုက်ကြမယ်။ ရေသန့်မရှိ။ ယားနာဖြစ်ကြမယ်။ တုပ်ကွေး ဆက်လာကြမယ်။ အခုက ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ ကြားနေရပြီ” လို့ မိုးကောင်းဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဝမ်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေအပြင် ကူးစက်ရောဂါတွေကြောင့် ရေဘေးသင့်သူတွေ ကျန်းမာရေးအတွက် စိုးရိမ်သောက ရောက်မှုတွေ ရှိတဲ့အပြင် မြို့ပေါ် ရွာသစ်ရပ်ကွက်ဘက်မှာဆိုရင် ရေနဲ့အတူ မူးယစ်ဆေးသုံးတဲ့ နေရာမှာ သုံးတဲ့ ဆေးထိုးအပ်တွေ မျောပါလာတာတွေကလည်း စိန်ခေါ်မှု တစ်ခု ဖြစ်နေပါတယ်။
“ကျွန်မတို့ မြို့မှာက မူးယစ်ဆေးသုံးသူတွေ ပိုများလာတယ်။ ရေထဲ ဆေးထိုးအပ်တွေ မျောလာတာ ကြောက်စရာကောင်းတယ်။ ထိမိရင် သေချာပေါက် ကူးစက်ရောဂါ ပြဿနာ ရှိတယ်။ ရှင်းလင်းရေးလုပ်ပေးဖို့ ကျွမ်း ကျင်သူတွေ လိုတယ်” လို့ တခြားဒေသခံတစ်ဦးကလည်း ပြောပါတယ်။
မိုးကောင်းမြို့ နန့်ယင်းနဲ့ နန့်ကောင်းချောင်းတွေဟာ စိုးရိမ်ရေမှတ်မှာပဲ ဆက်ရှိမယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၅ ရက်မှာ သတိပေးထားဆဲ ဖြစ်ပြီး မိုးကောင်းမြို့အနီး နမ္မတီးက အိမ်ထောင်စု ၃,၀၀၀ နီးပါးဟာ ရေဘေးသင့်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တကယ်တော့ ကချင်ပြည်နယ်မှာတင် မဟုတ်ပါဘူး။ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကမ်းဘေး ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲ မြို့နယ်တချို့က မြေနိမ့်ဒေသတွေမှာလည်း ရေဝင်များလာနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေကြောင့် ရေဘေးသတိရှိကြဖို့ ဌာနဆိုင်ရာနဲ့ လူမှုရေးအဖွဲ့တွေက ဇွန် ၂၅ ရက်မှာ သတိပေးထားပါတယ်။ ဧရာဝတီမြစ်ကလည်း ဇွန်လလယ်ကတည်းက မြစ်ရေတက်နေပြီး အခုလို မိုးဆက်ရွာနေရင် စိုးရေရိမ်မှတ်ကို ကျော်နိုင်လို့ သပိတ်ကျင်း၊ မန္တလေး၊ မကွေးနဲ့ အောင်လံမြို့ခံတွေက စိတ်ပူနေကြပါတယ်။ မကွေးမှာဆိုရင် ဇွန် ၂၅ ရက်က မြစ်ရေတက်ပြီး အထက်တန်း ကျောင်းသူတစ်ဦး ရေနစ်သေဆုံးမှု ရှိထားတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားပါသေးတယ်။
ဇွန်လ နှောင်းပိုင်းနဲ့ ဇူလိုင်လထဲမှာ ဘင်္ဂလားပင်လယ်အော်ထဲ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တာကြောင့် မြန်မာနိုင်ငံဟာ မိုးကြီးမယ့် အခြေအနေမှာ ဆက်ရှိနေပြီး ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်း၊ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတို့မှာ မိုးသည်းထန်စွာ ရွာတာအပြင် ရုတ်တရက် ရေကြီးမှုတွေ ကြုံနိုင်လို့ ဒေသအလိုက် ပြင်ဆင်မှုတွေကို စတင်လုပ်ထားသင့်တယ်လို့ မိုးလေဝသအရေး လေ့လာသူ ဦးဝင်းနိုင်က MyanHealth ကတဆင့် သတိပေးထားပါတယ်။
လတ်တလော ပဲခူးတိုင်းမှာ မိုးသည်းထန်စွာ ရွာလို့ စစ်တောင်းမြစ်နဲ့ ဆက်စပ်တဲ့ ချောင်းတွေ ရေတက်လာလို့ တောင်ငူအပါအဝင် မြစ်ကမ်းဘေးမြို့တွေမှာ ရေဝင်၊ နစ်မြုပ်တာတွေ စတင်ကြုံနေရပြီလို့ ဒေသခံတွေဆီက သိရပြီး မိုးဆက်ရွာရင်တောင့် စားဝတ်နေရေး ပြဿနာအပြင် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ကြုံလာနိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြဖို့ကိုလည်း နှိုးဆော်နေကြပါတယ်။
ရေကြီးမှုနဲ့ ပါလာတဲ့ ကျန်းမာရေးပြဿနာတွေကို ဂရုပြုဖို့ လို
မိုးကောင်းလို့ ရေကြီးလာပြီဆိုရင် ဖြစ်တတ်တာတွေက ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လို့ ရေဘေးသင့်ဒေသတွေမှာ ဒါတွေကို ဂရုစိုက်ကြဖို့ လိုတယ်လို့ မန္တလေးမြို့က အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမိုးသူက သတိပေးထားပါတယ်။
ရာသီတုပ်ကွေးဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ရေကြီးရေလျှံလို့ လူအများကြီး တစ်နေရာတည်း စုဝေးနေထိုင်ရတဲ့အခါ ကူးစက်မှုကို ပိုမို အားကောင်းစေနိုင်ပါတယ်။ လူက ဖျားပြီး ချမ်းတုန်မယ်၊ ချောင်းဆိုးမယ်၊ နှာရည်ယို ခေါင်းကိုက်မယ်၊ ကိုယ်လက် ကိုက်ခဲပြီး ပင်ပန်းနွမ်းနယ်မယ်၊ အန်မယ်၊ ဝမ်းလျှောတာတွေ စဖြစ်လာပြီဆိုရင် ဒါဟာ တုပ်ကွေးလက္ခဏာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
ရေကြီးလို့ သောက်ရေ၊ သုံးရေတွေ မသန့်ရှင်းတော့ရင် ကြောက်ဖို့ ကောင်းတာက ဝမ်းပျက်ဝမ်းလျှောပါ။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ခံအားနည်းတဲ့ သူတွေမှာ ရေဓာတ်ခမ်းခြောက်ပြီး ရောဂါဖြစ်နိုင်ခြေ များတယ်လို့ ဒေါက်တာမိုးသူက ပြောပြပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အန်တာ၊ ဗိုက်နာတာ အပြင် အဖျားတက်တာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝမ်းသွားရင် သွေးပါတာ၊ အဖျားက ပုံမှန်ထက် ကြီးတာ၊ အန်တာများပြီး ရေမသောက်နိုင်လို့ ဆီးနည်းလာတာ၊ ပါးစပ်တွေ ခြောက်ပြီး မျက်တွင်းတွေပါ ချိုင့်လာတာ၊ ကလေးတွေမှာဆိုရင် ငြိမ်ပြီး မှိန်းသွားတာ၊ အသက်ကြီးသူနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ဝမ်းလျှော တာက နှစ်ရက်၊ သုံးရက်ထက် ကျော်ပြီး မသက်သာတော့ဘူးဆိုရင် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားကြဖို့ လည်း ဒေါက်တာမိုးသူက အကြံပြုပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးရုံ၊ ဆေးခန်းသွားဖို့ လမ်းပန်းဆက် သွယ်ရေး ခက်ခဲတာမျိုး ရှိနေရင် ဓာတ်ဆားရည် မကြာခဏသောက်ပေးဖို့ မြစ်ကြီးနားမြို့က အထူးကုဆရာ ဝန်တွေက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ဓာတ်ဆားထုပ်ရဖို့ ခက်ခဲနေရင်တော့ ရေသန့် (ဒါမှမဟုတ်) ကြိုချက်ထားတဲ့ ရေနဲ့ အိမ်တွင်းဖြစ် ဓာတ်ဆားရည်လုပ်နိုင်ပါတယ်။ လုပ်နည်းကတော့ ရေ တစ်လီတာမှာ စားပွဲစားဇွန်းနဲ့ သကြား ခြောက်ဇွန်း၊ ဆား တစ်ဇွန်းထည့်ပြီး သမအောင် မွှေပြီး သောက်သုံးပေးနိုင်ပါတယ်။ ဒါ့အပြင်ရေကြီးရေလျှံမှုတွေကြောင့် ရေတွေညစ်ညမ်းသွားနိုင်တဲ့အတွက် တွင်းရေ၊ ကန်ရေတွေ သောက်သုံးသူတွေအနေနဲ့ ရေကို မဖြစ်မနေ ကြိုချက်သောက်သုံးရပါမယ်။
ရောဂါဆိုတာ ဖြစ်မှ ကုတာထက်၊ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ဖြစ်ပြီး မိုးများဒေသ ဒါမှမဟုတ် ရေသင့်ဒေသတွေမှာ တုပ်ကွေးအစ ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေ အဖြစ်များနေပြီတာမို့ အပြင်ထွက်ရင် မျက်နှာဖုံး (Mask) တပ်ဖို့၊ လူစုလူဝေးရှောင်ဖို့နဲ့ ကိုယ်ခံအားကောင်းကောင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။
ဇွန် ၃၀ ရက်အထိ မိုးလေဝသ သတိပေးချက်တွေအရ မြန်မာပြည် ဒေသအများအပြားမှာ မိုးရွာနိုင်သလို ကချင်အပါအဝင် အထက်ပိုင်းဒေသတွေက ပုံမှန်ထက် မိုးများနိုင်ပါတယ်။ မိုးကြောင့် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအထက်ပိုင်းနဲ့ ဧရာဝတီ၊ ကချင်၊ မွန်နဲ့ ရခိုင်မှာလည်း မိုးကြီးနိုင်တဲ့ အခြေအနေရှိနေပါ တယ်။ အခုဆိုရင် နေပြည်တော်က တပ်ကုန်၊ လယ်ဝေးနဲ့ ဥတ္တရသီရီမြို့နယ်ထဲက မြေနိမ့်ပိုင်းတွေမှာ မိုးများလို့ ရေဝင်မှုတွေ ရှိနေပြီး မိုးရွာကာလ ကြာလာရင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ တပ်ကုန်းမြို့နယ်နေ နေထိုင်သူတစ်ဦးက MyanHealth ကို ပြောပါတယ်။
မိုးရွာလို့ ရေဝင်၊ မိုးမရွာပေမယ့် ရေဝင်တာတွေက ထွက်ပေါက်မရှိဘဲ လူနေရပ်ကွက်တွေထဲ အိုင်ကျန်ခဲ့ရင် ဒါဟာ ရောဂါပိုးမွှား ပေါက်ဖွားမှုကို အားပေးပြီး ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက တဆင့် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ ထူးသဖြင့် ခြင်၊ ယင်နဲ့ မသန့်ရှင်းတဲ့ ပတ်ဝန်း ကျင်က တဆင့် ဖြစ်ပွားနိုင်တဲ့ ကူးစက်ရောဂါမျိုးတွေဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်၊ စားသောက် မှုပုံစံနဲ့သာ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။