ယနေ့ခေတ်မှာ အရွယ်ရောက်ပြီးသူတိုင်း တူညီတဲ့ စကားတခွန်းတော့ ပြောဖူးကြပါလိမ့်မယ်။ “ ဆံပင်တွေ အရမ်းကျွတ်တာပဲ“ တဲ့။ ဟုတ်ပါတယ်။ ဆံပင်ကျွတ်ခြင်းဟာ အမျိုးသားများနဲ့ အမျိုးသမီးများကြားမှာ ခပ်စိပ်စိပ်တွေ့လာရတဲ့ ကျန်းမာရေးနဲ့အလှအပဆိုင်ရာ စိုးရိမ်မှုတစ်ခု ဖြစ်နေပါတယ်။ မျိုးရိုးဗီဇ နဲ့ အသက်အရွယ်အိုမင်းလာမှူက ဆံပင်ကျွတ်ခြင်းရဲ့ အဓိက အကြောင်းရင်းများ ဖြစ်ပေမယ့် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကလည်း ကျန်းမာရေးနဲ့အလှအပဆိုင်ရာ ရှုထောင့်မှာ အရေးကြီးတဲ့အကြောင်းအရင်းတစ်ခု ဖြစ်လာပါတယ်။ ယနေ့ခေတ် လူမှုဘဝမှာ အလုပ်အကိုင်၊ ပညာရေး၊ မိသားစုရေး နဲ့ ငွေကြေးပြဿနာတွေကြောင့် ကျွန်တော်တို့ လူတစ်ယောက်ချင်းစီတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို နိစ္စဓူဝ ကြုံတွေ့နေရပါတယ်။ ထိုကဲ့သို့ အမျိုးမျိုးအဖုံဖုံသော ဖိစီးမှုတိုင်းက ခန္ဓာကိုယ်ကျန်းမာရေးသာမက ဆံပင်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဆံပင်ရှင်သန်ကြီးထွားမှု စက်ဝန်းမှာ Anagen ,Catagen ,Telogen နဲ့ Exogen ဆိုတဲ့ အဓိကအဆင့် လေးဆင့် ပါဝင်ပါတယ်။ ပထမအဆင့်သုံးဆင့်မှာ ဆံပင်ကြီးထွားခြင်း၊ ဖွံ့ဖြိုးခြင်း၊ ဆံပင်အမြစ်များ အနားယူခြင်းတို့ အလှည့်ကျဖြစ်ပေါ်ပြီး နောက်ဆုံးအဆင့်မှာတော့ ဆံပင်ဟောင်းများ ကျွတ်ကာ ဆံပင်အသစ်များ စတင်ပေါက်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း ဖိစီးလာတဲ့အခါ ဆံပင်အမြစ်အများအပြားက ပုံမှန်ထက်စောြပီး အနားယူတဲ့အဆင့်ကို ဝင်ရောက်သွားပြီးနောက် ဆံပင်အလွန်အကျွံ ကျွတ်လာတတ်ပါတယ်။ ဒီလိုမျိုးအခြေအနေကြောင့် ဆံပင်ကျွတ်ခြင်း အမျိုးအစားတစ်ခုကို “Telogen Effluvium” လို့ခေါ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကနေ လအနည်းငယ်အတွင်းမှာပဲ အိပ်ရာပေါ်၊ ကြမ်းပြင်ပေါ်၊ ခေါင်းဖြီး၊ ခေါင်းလျှော်ချိန်တွေမှာ ဆံပင်အကျွတ်ပိုများလာတာကို သတိပြုမိကြတတ်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဒီလိုမျိုးအခြေအနေတွေက များသောအားဖြင့် ယာယီသာဖြစ်ပြီး စိတ်ဖိစီးမှုကို ကောင်းစွာထိန်းချုပ် လျှော့ချနိုင်ရင် ဆံပင်ရှင်သန်ကြီးထွားမှု အဆင့်ပုံမှန်အခြေအနေကို ပြန်ရောက်ပြီး ဆံပင်ကျွတ်တာ လျော့နည်းလာတတ်ပါတယ်။
စိတ်ဖိစီးမှုက လူ့ခန္ဓာကိုယ်ကထွက်တဲ့ ဟော်မုန်းနဲ့ ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိတဲ့အတွက် ဆံပင်ကြီးထွားမှုကိုလဲ ထိခိုက်စေပါတယ်။ လူတစ်ယောက် စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ်က Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း Stress Hormone တွေကို ပိုထုတ်လာတတ်ပါတယ်။ ခန္ဓာကိုယ်တွင်း Cortisol ပမာဏများလာခြင်းက ဆံပင် ရှင်သန်ကြီးထွားမှု ပုံမှန်စက်ဝန်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုက ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး “Alopecia Areata” လို့ခေါ်တဲ့ Autoimmune ရောဂါကြောင့် ဆံပင်အကွက်လိုက်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုအမျိုးမျိုးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများအနေနဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါ၊ ပြင်းထန်တဲ့စိတ်ဒဏ်ရာ နဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတို့ ပါဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေမှာတော့ ခွဲစိတ်ကုသမှုခံရခြင်း၊ ပြင်းထန်သောရောဂါများ၊ ကိုယ်အလေးချိန် လျင်မြန်စွာကျဆင်းခြင်း၊ အပြင်းအထန်ဖျားနာခြင်း နဲ့ လုံလောက်တဲ့ အိပ်စက်ချိန်မရှိခြင်းတို့ ပါဝင်နိုင်ပါတယ်။ ဒါ့အပြင် အာဟာရချို့တဲ့ခြင်း၊ ဆေးလိပ်သောက်ခြင်း နဲ့ အရက်အလွန်အကျွံသောက်ခြင်း တို့ကလည်း ဆံပင်ကျန်းမာရေးကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ဆံပင်ကျွတ်ခြင်းက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ မိမိကိုယ်မိမိယုံကြည်မှု နဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနေနိုင်ပါတယ်။ အလွန်အမင်းဆံပင်ကျွတ်ခြင်းကြောင့် မိမိကိုယ်မိမိယုံကြည်မှု အားနည်းလာခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ကျ၀ေဒနာတို့ကိုပါ ခံစားရလာနိုင်ပါတယ်။ တချို့အခြေအနေတွေမှာ ဆံပင်ကျွတ်ခြင်းကိုယ်တိုင်ကလည်း စိတ်ဖိစီးမှုအသစ်တစ်ခုလိုဖြစ်လာပြီး မပြီးဆုံးနိုင်သော ဆံပင်ကျွတ်ခြင်း သံသရာလည်နေနိုင်ပါတော့တယ်။ ဒီလိုအခြေအနေမျိုးမှာ စိတ်ပိုင်းဆိုင်ရာ ဖေးမအားပေးမှု ( Emotional Support ) နဲ့ စိတ်ဖိစီးမှုကို စီမံထိန်းချုပ်ခြင်း ( Stress Management ) တို့ကလည်း ကုသမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းများဖြစ်လာပါတော့တယ်။
စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်ခြင်းကို မှန်ကန်တဲ့ နေထိုင်မှုပုံစံတွေ ၊ နည်းစနစ်မှန်တဲ့ စိတ်ဖိစီးမှု ထိန်းချုပ်လျှော့ချတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဦးရေပြားကို နှိပ်နယ်ပေးခြင်း နဲ့ အသက်ရှူသွင်းရှူထုတ် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက စိတ်ဖိစီးမှုဟော်မုန်းများကို လျော့ကျစေပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်လာစေပါတယ်။ အိပ်ရေးပျက်ခြင်းကလည်း စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေပြီးတော့ ဆံပင်သစ်ပြန်ပေါက်ခြင်းကို ထိခိုက်စေနိုင်တဲ့အတွက် လုံလောက်တဲ့ အိပ်ချိန်ရဖို့ကလည်း အရေးကြီးလာပြန်ပါတယ်။ ခုနကပြောပြခဲ့တဲ့ နည်းလမ်းတွေအပြင် ကိုယ်ချစ်ရတဲ့မိသားစု၀င်တွေ ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အတူတူအချိန်ကုန်စေမယ် ၊ အလုပ် နဲ့ မိမိကိုယ်ပိုင်လူမှုရေးဘဝကို မျှတအောင် နေထိုင်မယ် ၊ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေကို အားလပ်ချိန်တွေမှာ လုပ်မယ် ၊ ဒီလို နည်းလမ်းတွေနဲ့လဲ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို လျှော့ချလို့ရပါသေးတယ်။
အလွန်အမင်း ဆံပင်ကျွတ်ခြင်း ကို ကာကွယ်တဲ့ အပိုင်းပြောရရင် ဆံသား နဲ့ ဦးရေပြားကို စနစ်တကျ ဂရုစိုက်ခြင်းကလည်း ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။ ဆံပင်ဆိုးဆေးတွေ ၊ အရောင်ချွတ်ဆေးတွေ နဲ့ အပူပေးစက်တွေကို အလွန်အကျွံ အသုံးပြုနေမယ် ဆိုရင်လည်း ဆံသား နဲ့ ဦးရေပြားကို ပျက်စီးစေနိုင်သေးတဲ့အတွက် ရှောင်ကြဉ်ဖို့လိုပါတယ်။ ဆံပင်ကို တင်းတင်းကျပ်ကျပ် စည်းတာ သို့မဟုတ် ကျစ်ဆံမြီးကျစ်တာ တွေကလည်း ဆံပင်ကျိုးကြေစေတဲ့အတွက် ဆံပင်ပိုကျွတ်စေပါတယ်။ နူးညံ့ပြီး ဓာတုရောစပ်ပစ္စည်းပါဝင်မှုနည်းတဲ့ ခေါင်းလျှော်ရည်တွေကို ရွေးချယ်သုံးတာ ၊ ပြင်းထန်တဲ့ ဓာတုဆိုးဆေးပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပြီး ဆံသားကို ညင်ညင်သာသာ ကိုင်တွယ်တာတွေက ဆံသားကျန်းမာရေးကို ကာကွယ်နိုင်ပါတယ်။
ဖြည့်စွက်စာတွေ အနေနဲ့ ပရိုတင်းဓာတ် (Protein)၊ သံဓာတ် (Iron)၊ ဇင့် (Zinc)၊ ဘိုင်အိုတင် (Biotin) နဲ့ ဗီတာမင် လုံလုံလောက်လောက်ပါဝင်တဲ့ အစာအာဟာရတွေကို မျှမျှတတ စားပေးခြင်းကလည်း ဆံပင်မွေးညင်းပေါက်တွေကို ကျန်းမာစေပြီးတော့ ဆံပင်သစ်ပြန်လည်ပေါက်ဖွားဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် တနေ့တာအတွက် လိုအပ်တဲ့ ရေပမာဏ အလုံအလောက် သောက်ပေးခြင်းကလည်း ဦးရေပြား နဲ့ ဆံသားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဆေးလိပ်သောက်တာ နဲ့ အရက်အလွန်အကျွံ သောက်တာတွေက သွေးလည်ပတ်မှုကို ထိခိုက်ပြီး ဆံပင်မွေးညင်းပေါက်တွေကို ပျက်စီးစေနိုင်တာကြောင့် တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။
အလွန်အမင်းဆံပင်ကျွတ်တာကို တတ်နိုင်သမျှကာကွယ်နိုင်တဲ့အပြင် တိကျတဲ့ အကြောင်းရင်းကို သိဖို့နဲ့ မှန်ကန်တဲ့ကုသမှုခံယူချင်တယ်ဆိုရင်လည်း ကုသနိုင်တဲ့နည်းလမ်းများစွာ ရှိနေပါသေးတယ်။ အရေပြားအထူးကု ဆရာဝန်များနဲ့တိုင်ပင်ဆွေးနွေးပြီး Minoxidil လိုမျိုး ဆေးဝါးများကို ဆရာ၀န်ညွှန်ကြားတဲ့ အချိုးအဆအတိုင်း သုံးကြည့်နိုင်ပါတယ်။ ဆရာဝန်များက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်တဲ့ သွေးအားနည်းရောဂါ၊ သိုင်းရွိုက် (thyroid) ရောဂါ ဒါမှမဟုတ် အာဟာရချို့တဲ့ရောဂါ အစရှိတဲ့ နောက်ခံရောဂါတွေ ရှိမရှိကိုလည်း စစ်ဆေးပေးပါလိမ့်မယ်။
တချို့ အခြေအနေတွေမှာ ဆံသားကျန်းမာရေး ကောင်းမွန်စေဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် ဖြည့်စွက်စာတွေကို အတွေ့အကြုံရင့်ကျက်တဲ့ အရေပြားအထူးကုဆရာ၀န်တွေက ညွှန်ကြားပေးပါလိမ့်မယ်။
စိတ်ဖိစီးမှုနဲ့ ဆက်နွယ်နေတဲ့ ဆံပင်ကျွတ်ခြင်းက ယနေ့ခေတ်မှာ ခပ်စိပ်စိပ် တွေ့လာနေရပေမယ့်လည်း ပြန်လည်ကုသလို့ ရနိုင်တဲ့ ကျန်းမာရေးနဲ့အလှအပဆိုင်ရာ အခြေအနေ တစ်ခုဖြစ်ပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချကြမယ်၊ စိတ်ရောကိုယ်ပါ ကျန်းမာလှပဖို့ အားထုတ်ပြီးကျင့်ကြံနေထိုင်ကြမယ်၊ ဆေး၀ါးအကူအညီလိုအပ်လာရင်လည်း တတ်ကျွမ်းတဲ့ အရေပြားအထူးကုဆရာ၀န်တွေနဲ့ ဆွေးနွေးပြီးဆေးကုသမှု ခံယူကြမယ် ဆိုရင် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ကျန်းမာရေး နဲ့ ဆံသားကျန်းမာရေးကို ဘယ်သူပြိုင်လို့ လှပါတော့နိုင်…..
References:
1. Mayo Clinic – Stress and hair loss: Are they related?
Mayo Clinic Staff. (2024). Stress and hair loss: Are they related? Mayo Clinic.
2. American Academy of Dermatology Association – Hair Loss Resource Center
American Academy of Dermatology Association. (2025). Hair Loss Resource Center.
3. Cleveland Clinic – Telogen Effluvium
Cleveland Clinic. (2022). Telogen Effluvium: Symptoms, Causes, Treatment & Recovery.
4. NIH / PubMed Central – Telogen Effluvium: A Review of the Literature
Asghar, F., Shamim, N., Farooque, U., Sheikh, H., & Aqeel, R. (2020). Telogen Effluvium: A Review of the Literature. Cureus, 12(5), e8320.
5. NCBI Bookshelf – Telogen Effluvium
Hughes, E. C., & Saleh, D. (2024). Telogen Effluvium. StatPearls Publishing.
6. Harvard Health Publishing – Hair Loss
Harvard Health Publishing. (2024). Hair Loss.
7. British Association of Dermatologists – Telogen Effluvium
British Association of Dermatologists. (2023). Telogen Effluvium.