► မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး (၈) ထပ် ကုသဆောင်သစ်ကို ဇူလိုင် ၄ ရက်က ဖွင့်လှစ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
► ပြည့်ဝဆီဖြစ်တဲ့ Trans Fat နဲ့ Saturated Fat များတဲ့ စားသုံးဆီကို အလွန်အကျွံ စားသုံးတာ၊ အကြိမ် ကြိမ်ပြန်ကြော်ထားတဲ့ ဆီတွေကို သုံးတာဟာ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးရောဂါနဲ့ ကင်ဆာလို နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဆောင်းပါးရှင် ပြည့်ထူး (FDA) က နိုင်ငံပိုင်သတင်းစာထဲမှာ ရေးသားထားပါတယ်။ ကျန်းမာရေးအတွက် မပြည့်ဝဆီ (Unsaturated Fat) ပါတဲ့ မြေပဲ၊ နှမ်း၊ နေကြာနဲ့ ပဲပုပ်လို အပင်ထွက်ဆီတွေကို သင့်တင့်စွာ စားသုံးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
► မကူးစက်နိုင်တဲ့ ရောဂါနဲ့ သေဆုံးမှုဟာ နှစ်စဉ် လူသန်းပေါင်းများစွာ ရှိပြီး အရွယ်မတိုင်မီ သေဆုံးမှုကို လျှော့ချဖို့ ကမ္ဘာတစ်ဝန်းမှာ ကာကွယ်တာနဲ့ ထိန်းချုပ်ခြင်းကို ထိပ်တန်းဦးစားပေးအဖြစ် လုပ် ဆောင်နေပြီး မြန်မာပြည်မှာလည်း “မကူးစက်နိုင်တဲ့ရောဂါများ ကာကွယ်နှိမ်နင်းရေး ဆိုင်ရာ အမျိုး သားအဆင့်မဟာဗျူဟာ (၂၀၂၃-၂၀၂၇) ကို ရေးဆွဲချမှတ်ကာ အကောင်အထည် ဖော်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
► မျှစ်မှာ ကယ်လိုရီနဲ့ အဆီဓာတ် နည်းပြီး အမျှင်နဲ့ အာဟာရဓာတ် ကြွယ်ဝစွာ ပါလို့ အစာအခြေစနစ် ကို ကောင်းစေပြီး ဝမ်းချုပ်တာ ကာကွယ်တဲ့အပြင် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာ ရေးကို အထောက်အကူဖြစ်စေတယ်လို့ ဒေါက်တာသန်းနိုင်စိုး၊ ဒေါက်တာအေးသော်တာမွန်တို့ရေးသားတဲ့ ကျန်းမာရေးဆောင်းပါးမှာ ဖော်ပြထားပါတယ်။
► ထိုင်းနိုင်ငံမှာ သင်္ဘောသီးထောင်းလိုမျိုး အထောင်းတွေမှာထည့်တဲ့ ငါးပိကနေ အသည်းကပ်ပါးပိုး(Liver Fluke) ပျံ့နှံ့ကူးစက်မှုတွေကြောင့် ကျန်းမာရေးအာဏာပိုင်တွေက သတိပေးမှုတွေ လုပ်ဆောင်နေပါတယ်။
► ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ကမ္ဘာ့အကောင်းဆုံး အဆင့် (၈) နေရာမှာ ရှိနေတယ်လို့ ကမ္ဘာတစ်ဝန်းက လူနေမှုစရိတ်နဲ့ လူနေမှုဘဝ အရည်အသွေးဆိုင်ရာ အချက်အလက်တွေကို စုဆောင်းဖော်ပြနေတဲ့ Numbeo ဝဘ်ဆိုက်ရဲ့ ၂၀၂၆ ခုနှစ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။
► ကွန်ဂို (DRC) မှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကြောင့် သေဆုံးရသူဟာ အနည်းဆုံး ၆၀၀ အထိ ရှိလာနေပြီး အတည်ပြုလူနာဟာလည်း ၁,၇၅၉ ဦးအထိ တိုးလာနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
► မစင်-ပါးစပ်လမ်းကြောင်းကနေ အဓိက ကူးစက်ပြန့်ပွားပြီး၊ မစင်နဲ့ထိတွေ့နိုင်တဲ့ လိင်ဆက်ဆံမှုအပြုအမူတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်တဲ့ Shigella ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အူလမ်းကြောင်းပိုးဝင်ရောဂါဟာ UK/England မှာ အထူးသဖြင့် sexually transmitted Shigella အဖြစ် ပိုမိုသတိထားစရာ ဖြစ်လာနေပါတယ်။ဒါဟာ ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုဖြစ်လာနေတယ်လို့ ကိန်းဘရစ်ချ်တက္ကသိုလ်နဲ့ ဗြိတိန် ကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ပါရှိပါတယ်။
► အပူချိန် အလွန်မြင့်မားတဲ့ ရာသီဥတုဟာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးပြဿနာနဲ့ ဆေးရုံတက် ကုသရနိုင်ခြေကို သိသိသာသာ မြင့်တက်စေတယ်လို့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်က ဦးဆောင် ပြုလုပ်တဲ့ စစ်တမ်းကို ကိုးကားပြီး အမေရိကန် ကလေးနှင့် ဆယ်ကျော်သက် စိတ်ရောဂါကုသရေးအဖွဲ့က ထုတ်ဝေတဲ့ ဂျာနယ်မှာ ပါရှိပါတယ်။ ဒီတွေ့ရှိချက်ဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာ တဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်ရမှုကို ပိုပြီးကြီးထွားလာနေစေတယ်ဆိုတာကို ထင်ဟပ်ပြနေတယ်လို့လည်း ရေးသားထားပါတယ်။
► ဆီးချိုရောဂါကုသရာမှာ အသုံးပြုတဲ့ Semaglutide အမျိုးအစားတွေဖြစ်တဲ့ Ozempic နဲ့ Wegovy ကို ကိုယ်အလေးချိန် လျှော့ချရေးလုပ် ငန်းစဉ်မှာ သုံးနိုင်ကြောင်း ခွင့်ပြုပြီးနောက် အဲဒီဆေးတွေနဲ့ ပတ်သက်ပြီး အဆိပ်ထိန်းချုပ်ရေးဌာန (Poison Control Center) ကို အကူအညီတောင်းခံမှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ Science Daily သတင်းက ဖော်ပြပါတယ်။ ဆေးကို ရည်ရွယ်ချက် ရှိရှိ အလွဲသုံးစား လုပ်တာထက် ဆေးပမာဏ မှားယွင်းစွာ ထိုးတာ၊ သောက်သုံးနည်း မှားယွင်းတာတွေကြောင့် အကူအညီတောင်းခံ တာတွေ များခဲ့တာဖြစ်ပြီး ဒီဆေးဟာ တစ်ပတ်တစ်ကြိမ်သာ သုံးစွဲရမယ့် အမျိုးအစားဖြစ်ကာ ဆေးပမာဏကိုလည်း တဖြည်းဖြည်းချင်း တိုးသုံးရမယ်ဆိုတဲ့ အခြေခံအသိပညာပေးမှုတွေ လုပ်နိုင်မှသာ ဒီအခြေအနေကို ရှောင်ရှားနိုင်မယ်လို့လည်း သုတေသနတွေကို ကိုးကားပြီး အကြံပြုရေးသားထားပါတယ်။
► တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကျွမ်းဒေသမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှု ဖြစ်နေတဲ့ ဒေသတွေအတွက် အရေးပေါ် ရောဂါစောင့်ကြည့်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးစနစ်ကို စတင်အသက်သွင်း ထားပြီးဖြစ်ကာ လက်ရှိအချိန်အထိ ပုံမှန်မဟုတ်တဲ့ ကူးစက်ရောဂါဖြစ်ပွားမှုလက္ခဏာတွေ မတွေ့ရ သေးဘူးလို့ ဒေသ ရောဂါထိန်းချုပ်ကာကွယ်ရေး အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ သို့သော် ပြည်သူတွေအနေနဲ့ ရေဘေးအပြီး ဖြစ်ပွားနိုင်တဲ့ အဓိကရောဂါငါးမျိုးကိုတော့ သတိထားကာကွယ်ကြဖို့ကို နှိုးဆော်ထားပါတယ်။