လူသားတို့ဟာ ရှေးပဝေသဏီကတည်းက ကိုယ့်ပတ်ဝန်းကျင်က သဘာဝ သစ်ပင်ပန်းမန်၊ သစ်သီးဝလံတွေကို အစားအစာအဖြစ်သာမက ရောဂါဘယ ကာကွယ်ကုသရေး ဆေးဝါးအဖြစ်ပါ ဒွန်တွဲ အသုံးပြုလာခဲ့ကြပါတယ်။ အဲဒီ ဆေးဘက်ဝင်အပင်တွေအနက် ကမ္ဘာ့အရှေ့ဖျားကနေ အနောက်ဖျားအထိ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ရောဂါကာကွယ်ဆေးအဖြစ်လည်းကောင်း ယနေ့တိုင် တန်ဖိုးထားသုံးစွဲနေရတဲ့ အပင်တစ်မျိုးကတော့ ဒီကနေ့ မီးဖိုချောင်တိုင်းမှာ မရှိမဖြစ် ရှိနေတတ်တဲ့ “ကြက်သွန်ဖြူ” ပင်ပဲ ဖြစ်ပါတယ်။ အနောက် နိုင်ငံတွေမှာ ခေတ်သစ်ဆေးပညာနဲ့ အာဟာရ ဗေဒပညာရပ်တွေ မထွန်းကားခင် ရာစုနှစ်ပေါင်းများစွာကတည်းက မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာမှာ ကြက်သွန်ဖြူကို သာမန်ဟင်းခတ်အမွှေးအကြိုင်တစ်ခုထက်ပိုပြီး အဖိုးတန်လှတဲ့ “အိမ်တွင်းသမားတော်” လို့ တင်စားခေါ်ဝေါ်ခဲ့ကြပြီး အဆင့်မြင့်ဆေးဖော်စပ်မှုတွေမှာ အဓိကထား ထည့်သွင်း အသုံးပြုခဲ့ကြပါတယ်။
ကျမ်းလာ ကြက်သွန်ဖြူ၏ သဘာဝနှင့် ဓာတ်အာနိသင်
မြန်မာ့တိုင်းရင်းဆေးပညာရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ ဆရာကြီးဦးဖိုးလင်းရဲ့ ‘အဂ္ဂမဟာပဏ္ဍိတ နိဃဏ္ဍုကျမ်း’ နဲ့ အရှင်နာဂသိန်ရဲ့ ‘ပုံပြဆေးအဘိဓာန်ကျမ်း’ တို့မှာ ကြက်သွန်ဖြူ (ပါဠိ : လသုန) ကို ကတုရသ (စပ်သောအရသာ) နှင့် မဓုရ ရသ (ချိုသောအရသာ) ရှိပြီး “ဥသျှဏဝီရိယ” ခေါ် အပူစွမ်း သတ္တိရှိတဲ့ ဆေးဝါးအဖြစ် ပြဌာန်းထားပါတယ်။ တိုင်းရင်းဆေးကျမ်းတွေ အလိုအရ ခန္ဓာကိုယ်အတွင်းက အဖိုးတန် ဝါယော (လေ) ဓာတ်ကို ထိန်းညှိပေးနိုင်စွမ်း အပြည့်ရှိပြီး၊ သွေးသားကို သန့်စင်စေပြီး သွေးလေလှည့်ပတ်မှုကို ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှေးဟောင်းဆေးကျမ်းတွေမှာ ကြက်သွန်ဖြူဟာ အသက်ရှည်နုပျိုစေတတ်တဲ့ ဓာတ်စာအဖြစ်ပင် လမ်းညွှန်ထားခဲ့ကြသလို ခန္ဓာကိုယ်တွင်းက ပထဝီ (မြေဓာတ်) ၊ အာပေါ (ရေဓာတ်) ၊ တေဇော (မီးဓာတ်) ၊ ဝါယော (လေဓာတ်) စတဲ့ ဓာတ်ကြီးလေးပါး အနက် ဝါယောဓာတ် လွန်ကဲလို့ ဖြစ်တတ်တဲ့ အဆစ်အမြစ်ကိုက်ခဲတာ၊ အကြောကပ်တာ၊ အကြောသေတာနဲ့ လေငန်းရောဂါ တွေအတွက် ကြက်သွန်ဖြူဟာ အဓိက အားထားရတဲ့ သဘာဝဆေးစွမ်းကောင်း ဖြစ်ပါတယ်။
ခေတ်သစ်သိပ္ပံအမြင်နှင့် ကျန်းမာရေးကောင်းကျိုးများ
မျက်မှောက်ခေတ် သိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ ကြက်သွန်ဖြူကို ထောင်းလိုက်ရင် ဒါမှမဟုတ် ဓားပြားနဲ့ ရိုက်လိုက်တဲ့အခါ “အယ်လီစင်” (Allicin) လို့ ခေါ်တဲ့ အစွမ်းထက် ဆာလဖာဒြပ်ပေါင်းတစ်မျိုး ထွက်လာပြီး အဲဒီဓာတ်က သဘာဝပဋိဇီဝဆေး (Natural Antibiotic) လိုမျိုး အစွမ်းရှိလို့ ခန္ဓာကိုယ်တွင်းက ပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့အတွက် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနကနေ ထုတ်ဝေထားတဲ့ လက်စွဲစာအုပ်တွေမှာလည်း ကြက်သွန်ဖြူဟာ သွေးတွင်းကိုလက်စထရော (Cholesterol) ကို ကျဆင်းစေပြီး သွေးကြောတွေကို ပျော့ပျောင်းစေလို့ သွေးတိုး ရောဂါကို သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့အပြင် အစာခြေစနစ်ကို အားပေးတဲ့ကောင်းကျိုးတွေရှိတယ်လို့ အသိအမှတ်ပြုထားပါတယ်။
သိပ္ပံနည်းကျ လေ့လာမှုတွေအရ ကြက်သွန်ဖြူကို ပုံမှန်စားသုံးပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးပြီး အအေးမိ၊ နှာစေးနဲ့ တုပ်ကွေးဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့အပြင် ဖြစ်လာခဲ့ရင်လည်း မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်သက်သာစေနိုင်လို့ တွေ့ရှိထားတာတွေ ရှိပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေလို့ သွေးခဲတာကို ကာကွယ်ပေးလို့ နှလုံးရပ်ဆိုင်းခြင်း (Heart Attack) နဲ့ လေဖြတ်တဲ့အန္တရာယ်ကိုပါ လျှော့ချပေးနိုင်လို့လည်း ဆိုကြပါတယ်။ အူလမ်းကြောင်းစနစ်ကို အထောက်အပံ့ပေးတဲ့ ဘက်တီးရီးယားတွေအတွက် အာဟာရဖြစ်စေတဲ့ သဘာဝ Prebiotic အဖြစ်လည်း လုပ်ဆောင်ပေးတာမို့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အင်ဆူလင် ထွက်ရှိမှုကို ပိုပြီး ကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးစွမ်းရှိလို့ ဆီးချို ရောဂါရှိသူတွေနဲ့ အင်ဆူလင်ခံနိုင်ရည်ရှိသူတွေ (Insulin Resistance) အတွက် အလွန်အကျိုးရှိတဲ့ သဘာဝဆေးတစ်မျိုးပါ။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျှော့ချပေးသလို ဆဲလ်ပျက်စီးတာတွေကိုလည်း ကာကွယ်ပေးတာမို့ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမား (Alzheimer’s) အစရှိတဲ့ ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့အပြင် တိရိစ္ဆာန်တွေအပေါ်ပြုလုပ်ထားတဲ့ သုတေသနတွေအရ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် မှာပါ အကျိုးပြုနိုင်တယ်လို့ တွေ့ရှိထားပါသေးတယ်။
“တန်ဆေး လွန်ဘေး” – သတိပြုရန် ဘေးထွက်ဆိုးကျိုးများ
ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်နဲ့ တခြားအရာတွေအတွက် အစွမ်းထက်ပေမယ့်လည်း သွေးခဲတာကို တားဆီးပေးတဲ့ အာနိသင် (Anticoagulant Effect) ရှိတာမို့ ခွဲစိတ်ကုသမှုခံယူဖို့ ရှိတဲ့သူတွေနဲ့ သွေးကျဲဆေးတွေ ဖြစ်တဲ့ Aspirin (Salicylate), Warfarin (Coumadin), ဒါမှမဟုတ် Clopidogrel (Plavix) လိုမျိုး ဆေးတွေ သောက်သုံးနေရသူတွေကတော့ အလွန်အကျွံ စားသုံးတာကို အထူးသတိပြုဖို့ လိုပြီး ခွဲစိတ်မှုလုပ်ပြီးတဲ့အခါမှာ သွေးထွက်လွန်တာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ထဲမှာ အစာမရှိဘဲ အစိမ်းအတိုင်း အများအပြား စားသုံးမိရင် အစာအိမ်နံရံကို ဆွပေးသလို ဖြစ်သွားစေပြီး ရင်ပူတာ၊ ဗိုက်အောင့်တာနဲ့ အစာအိမ်ရောင်ရမ်းတာတွေကို ဖြစ်ပွားနိုင်သလို အလွန်အကျွံ စားသုံးမိရင် ခံတွင်းနံ့ ဆိုးတာနဲ့ ကိုယ်နံ့ထွက်တာတွေတို့ ဖြစ်တတ်တဲ့အတွက် သတိထား စားသုံးသင့်ပါတယ်။
ပျားရည်နှင့် ကြက်သွန်ဖြူ – တိုင်းရင်းဆေးဓာတ်စာ
မြန်မာ့တိုင်းရင်းဆေးပညာမှာ ထူးခြားတဲ့ အစွမ်းထက်ဖော်စပ်မှုတစ်ခုက အပူဓာတ်ရှိတဲ့ ကြက်သွန်ဖြူနဲ့ အေးမြချိုမြိန်တဲ့ ပျားရည်စစ်စစ်တို့ကို တွဲဖက်အသုံးပြုခြင်းဖြစ်ပြီး ဒီဒြပ်ပေါင်းနှစ်ခု ပေါင်းစပ်သွားတဲ့အခါ ကြက် သွန်ဖြူရဲ့ ပြင်းထန်တဲ့ အပူရှိန်နဲ့ စပ်ရှားရှားအာနိသင်ကို ပျားရည်ရဲ့ အချိုဓာတ်က ထိန်းညှိပေးပြီး ဘေးထွက်ဆိုးကျိုးမရှိစေတဲ့ ဓာတ်စာ ဖြစ်လာတာပါ။ နှစ်မျိုးစလုံးမှာ ပါဝင်တဲ့ Flavonoids နဲ့ Polyphenols လိုမျိုး သဘာဝ Antioxidant တွေက နေ့စဉ်ကြုံတွေ့နေရသည့် စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဆဲလ်တွေပျက်စီးခြင်းက ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်တွင်း ကာလရှည်ရောင်ရမ်းမှုတွေကိုပါ လျော့ကျစေပါတယ်။
တိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်ချက်တွေအရ ကြက်သွန်ဖြူပျားရည်စိမ်ဟာ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ ဝါယော (လေဓာတ်) လွန်ကဲမှုကို နှိမ်နင်းပေးနိုင်ရုံသာမက၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ချောင်းဆိုးရင်ကျပ်တာ၊ သလိပ်ခြောက်ကပ်တာတွေအတွက် သလိပ်ကို ကြေပျက်စေပြီး အသက်ရှူလမ်းကြောင်း ပွင့်စေတဲ့သဘာဝ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို အခွံ နွှာ၊ ဓားပြားနဲ့ ရိုက်ပြီး ဖန်ပုလင်းသန့်သန့်မှာ ပျားရည်စစ်စစ်နဲ့ မြုပ်နေအောင် လောင်းထည့်ပြီး (၇) ရက်ကနေ (၁၀) ရက်လောက် နှပ်ထားလိုက်ရုံနဲ့ အလွယ်တကူ ရရှိနိုင်တဲ့ ဆေးစွမ်းတစ်လက်ပါ။ ဒါကို နံနက်စောစော ဗိုက်ထဲဘာမှမရှိခင် ဒါမှမဟုတ် ညအိပ်ခါနီးမှာ ရေနွေးနွေးလေးနဲ့ တစ်ဇွန်းလောက် မှီဝဲခြင်းအားဖြင့် သွေးကြောပိတ်တာနဲ့ လေငန်းရောဂါကို ကာကွယ်နိုင်ပါတယ်လို့ တိုင်းရင်းဆေးပညာမှာ ဆိုထားပါတယ်။
အထူးသတိထားရမှာကတော့ ပျားရည်ဟာ ဆီးချိုရောဂါရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်လို့ မစားသုံးမီ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် ပျားဝတ်မှုန်နဲ့ ဓာတ်မတည့်သူများတွင် အသက်ရှူခက်ခဲတာ၊ မျက်နှာရောင်ရမ်းတာနဲ့ နှလုံးခုန်မမှန်တာ စတဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်စေနိုင်လို့ သတိထား စားသုံးဖို့ လိုပါတယ်။ အထူးသဖြင့် အသက် (၁) နှစ်အောက် ကလေးငယ်တွေကို ပျားရည် လုံးဝ (လုံးဝ) မကျွေးရပါဘူး။ ပျားရည်မှာ ပါနိုင်တဲ့ ဘက်တီးရီးယား စပိုး (Spores) တွေကြောင့် ကလေးငယ်တွေမှာ သူငယ်နာ အကြောဆွဲရောဂါတစ်မျိုး ဖြစ်တဲ့ Infant Botulism ကို ဖြစ်ပွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။
ကြက်သွန်ဖြူမှသည် ကြက်သွန်ဖြူနက်ဆီသို့
ခေတ်မီနည်းပညာများ တိုးတက်လာတာနဲ့အမျှ ကြက်သွန်ဖြူရဲ့ အာနိသင်ကို ပိုပြီး ထက်မြက်လာစေဖို့နဲ့ စားသုံးရ လွယ်ကူစေဖို့ ဖန်တီးလာကြရာမှာ “ကြက်သွန်ဖြူနက်” (Black Garlic) ဟာ ကမ္ဘာတစ်ဝန်းက ကျန်းမာ ရေးလိုက်စားသူတွေအကြား ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။ ကြက်သွန်ဖြူနက် ဆိုတာက သာမန်ကြက် သွန်ဖြူအစိမ်းကို အပူချိန် (၆၀ ကနေ ၉၀ ဒီဂရီစင်တီဂရိတ်) နဲ့ စိုထိုင်းဆ မြင့်မားစွာ ထိန်းညှိထားတဲ့ အထူးအခန်းတွေမှာ သီတင်းပတ်ပေါင်းများစွာ (ရက်ပေါင်း ၃၀ မှ ၉၀ သို့မဟုတ် ရက်ပေါင်း ၄၀ ခန့်) သဘာဝအတိုင်း အချဉ်ဖောက် (Fermentation/Aging process) ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ဒီလို အချိန်အကြာကြီး နှပ်ထားတာကြောင့် ကြက်သွန်ဖြူရဲ့ အရောင်မှာ မည်းနက်သွားပြီး၊ တင်းရင်းတဲ့ အသားကလည်း ဂျယ်လီလိုမျိုး ပျော့အိသွားတဲ့အပြင် အရသာကလည်း ပြင်းရှမနေတော့ဘဲ ချိုအီပြီး အရသာရှိတဲ့ (Savory and sweet) မန်ကျည်းမှည့်အရသာလိုမျိုး ပြောင်းလဲသွားပါတယ်။ အရေးကြီးဆုံးအချက်က ကြက်သွန်ဖြူအစိမ်းမှာ ပါတဲ့ အယ်လီစင် (Allicin) ဓာတ်ဟာ အချဉ်ဖောက်တဲ့ဖြစ်စဉ်ကြောင့် ပိုမိုတည်ငြိမ်ပြီး ရေမှာ ပျော်ဝင်လွယ်တဲ့ “အက်စ်အယ်လ် စစ်စတင်း” (S-Allylcysteine – SAC) နဲ့ Flavonoids ဒြပ်ပေါင်းတွေအဖြစ်ကို ကူးပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမားတာမို့ အဆင့်မြင့်ချက်ပြုတ်မှု (High-end cooking) တွေနဲ့ ကျန်းမာရေးဖြည့်စွက်စာ ကဏ္ဍတွေမှာသာ တွေ့ရများပါတယ်။
ကြက်သွန်ဖြူနက် (Black Garlic) ရဲ့ ထူးခြားတဲ့ ကျန်းမာရေးကောင်းကျိုးများ
၁။ ပိုမိုအားကောင်းသော ဓာတ်တိုးဆန့်ကျင်စွမ်းရည် : ကြက်သွန်ဖြူနက်ရဲ့ Antioxidant အာနိသင်ဟာ ကြက်သွန်ဖြူအစိမ်းထက် (၁၀) ဆခန့်အထိ ပိုမိုအားကောင်းသွားတာမို့ ခန္ဓာကိုယ်အတွင်းရက အသည်း၊ သွေးနဲ့ ကျောက်ကပ်ကို ပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ် (Free Radicals) တွေကို လျော့နည်းစေသလို အိုမင်းရင့်ရော်တာကို ထိထိရောက်ရောက် နှေးကွေးစေပါတယ်။
၂။ နှလုံးနှင့် သွေးကြောကျန်းမာရေး : သွေးကြောနံရံကို ပျက်စီးစေတတ်တဲ့ Homocysteine (အမိုင်နိုအက်ဆစ်) ကို လျှော့ချပေးတဲ့အပြင် သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရော (LDL) နဲ့ ထရိုင်ဂလစ်စရိုက် (Triglycerides) တွေကို လျှော့ချပေးကာ ကောင်းတဲ့ ကိုလက်စထရော (HDL) ကို တိုးတက်တာမို့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
၃။ ဦးနှောက်ကျန်းမာရေးနှင့် ကင်ဆာရောဂါ ကာကွယ်နိုင်စွမ်း : ဉာဏ်ရည်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးသလို အယ်လ်ဇိုင်းမားနဲ့ သူငယ်ပြန်ရောဂါ (Dementia) တွေအတွက် အကျိုးရှိနိုင်တာကို တွေ့ရပါတယ်။ ဓာတ်ခွဲခန်း စမ်းသပ်ချက်တွေအရ ကြက်သွန်ဖြူအမည်းရဲ့ အဆီအနှစ်ဟာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ သွေးကင်ဆာ (Leukemia) ဆဲလ်ကြီးထွားမှုကို ဟန့်တားပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
၄။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်းနှင့် ကိုယ်အလေးချိန်ကျစေခြင်း : သွေးတွင်းသကြားဓာတ် ပမာဏကို စီမံခန့်ခွဲရာတွင် ကူညီပေးပြီး (Metabolic Function) ကို အဝလွန်တာကို ဆန့်ကျင်တဲ့ အာနိသင် (Anti-obesity) ရှိလို့ ဝမ်းဗိုက်အဆီပြင်ကို လျော့နည်းစေကြောင်း တွေ့ရှိရပါတယ်။
၅။ အသည်းကျန်းမာရေးကို ကာကွယ်ခြင်း : သုတေသနတွေအရ ကြက်သွန်ဖြူနက်ဟာ အရက်ကြောင့်ဖြစ်စေ၊ ဓာတုပစ္စည်းတွေကြောင့်ဖြစ်စေ အသည်းဆဲလ် ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ခြေရှိကြောင်း လေ့လာနေဆဲ သုတေသနတွေက ဖော်ပြထားပါတယ်။ တွေ့ရှိရပါတယ်။
အိုမင်းမှုနှေးစေတဲ့ သုတေသနတွေ့ရှိချက်အသစ်
နှစ်ချို့ ကြက်သွန်ဖြူတွေမှာ ပါတဲ့ S1PC ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးဟာ ခန္ဓာကိုယ်ထဲက စွမ်းအင်ထုတ်လုပ် ပေးတဲ့ NAD+ ဆိုတဲ့ အဓိကမော်လီကျူးကို မြှင့်တင်ပေးနိုင်တယ်လို့ သုတေသနအသစ်က ဆိုပါတယ်။ နှစ်ချို့ကြက်သွန်ဖြူဆိုတာကတော့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ black garlic တို့ကို ဆိုလိုပါတယ်။
၁။ နှစ်ချို့ကြက်သွန်ဖြူထဲက S1PC ကို စားလိုက်တာနဲ့ ခန္ဓာကိုယ်က ၁၅ မိနစ်အတွင်း လျင်မြန်စွာ စုပ်ယူသွားပါတယ်။
၂။ ဒီဓာတ်က အဆဲလ်တွေဆီ ရောက်သွားပြီး “eNAMPT” ဆိုတဲ့ အင်ဇိုင်းတစ်မျိုးကို သွေးထဲကို ထုတ်လွှတ်ခိုင်းပါတယ်။
၃။ ဒီအင်ဇိုင်းက ဦးနှောက်နဲ့ ကြွက်သားတွေဆီ ရောက်သွားတဲ့အခါ NAD+ ပမာဏကို မြှင့်တင်ပေးပါတယ်။
NAD+ ဆိုတာ ဆဲလ်တွေရဲ့ စွမ်းအင်ထုတ်လုပ်မှု၊ DNA ပြုပြင်မှု၊ နဲ့ အိုမင်းမှုကိုခံနိုင်ရည်ရှိအောင် လုပ်ပေးတဲ့ အဓိကပစ္စည်းပါ။ အသက်ကြီးလာတာနဲ့ NAD+ ပမာဏကျဆင်းလာပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ ဒီဖြစ်စဉ်က ဦးနှောက်နဲ့ ကြွက်သားတွေရဲ့ အိုမင်းမှုကို နှေးကွေးစေနိုင်တယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် လူတွေမှာလည်း အလားတူ အကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ ဒီသုတေသနအရ နှစ်ချို့ကြက်သွန်ဖြူစားသုံးခြင်းက NAD+ ပမာဏကို မြှင့်တင်ပေးနိုင်တဲ့အတွက် အို မင်းမှုကိုနှေးကွေးစေနိုင်ပေမယ့် အတိအကျ ဘယ်လိုသုံးစွဲရမလဲဆိုတာကို ဆက်လက်လေ့လာနေဆဲပါ။
ဒါကတော့ ဒီသုတေသနရဲ့ အဓိကတွေ့ရှိချက်မျှသာ ဖြစ်ပါတယ်။ သတိပြုဖို့က ဆေးဝါးမဟုတ်ဘဲ အာဟာရဖြည့်စွက်စာ သုတေသနပါ။ ဘယ်လိုသောက်သုံးရမယ်ဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ (ကိုးကား – Ref: https://staycuriousmetabolism.substack.com)
တိုင်းရင်းဆေးအမြင်နှင့် ခေတ်သစ်နည်းပညာ ပေါင်းစပ်ခြင်း
မြန်မာ့တိုင်းရင်းဆေးအလိုအရ ကြက်သွန်ဖြူနက်ရဲ့ သဘာဝက ကြက်သွန်ဖြူအစိမ်းထက် “တေဇော” (အပူဓာတ်) အနည်းငယ် လျော့ကျသွားပြီး “ပထဝီ (မြေဓာတ်) နဲ့ အာပေါ (ရေဓာတ်) ” ပိုမိုမျှတသွားသည်ဟု ဆိုနိုင်ပါတယ်။ စပ်ရှားရှား အာနိသင်မရှိတော့ဘဲ ချိုမြိန်တဲ့ အရသာသို့ ပြောင်းလဲသွားတာဟာ “မဓုရရသ” ကို ပိုမိုအားကောင်းစေသလို ကိုယ်ခန္ဓာကို အားပြည့်စေပြီး အကြောအခြင်တွေကို ပျော့ပျောင်းစေပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူနက်ကို တိုင်းရင်းဆေးပညာမှာ အသက်ရှည်နုပျိုစေသည့် ဆေးစွမ်းကောင်းအဖြစ် အသိအမှတ်ပြုထားမှုကို ခေတ်သစ် နည်းပညာဖြင့် အဆင့်မြှင့်တင်ထားသော ပုံစံပဲ ဖြစ်ပါတယ်။
အသုံးပြုပုံနှင့် စားသုံးနိုင်သော နည်းလမ်းများ
ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကြက်သွန်ဖြူနက်ကို တစ်နေ့ တစ်မြွှာကနေ သုံးမြွှာအထိ စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူနက်ကိုလည်း ပမာဏအများကြီး စားသုံးရင် သွေးကျဲစေတဲ့ အာနိသင်ရှိနေလို့ ဆေးဝါးတွေနဲ့ ဓာတ်ပြုမှု ရှိ-မရှိကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဓာတုပစ္စည်းတွေ အချိုးကျပါဝင်တဲ့ ခေတ်သစ်ဆေးဝါးတွေဟာ ရောဂါဝေဒနာကို မြန်ဆန်စွာ သက်သာစေနိုင်ပေမယ့် ရေရှည်မှာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်စမြဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်မီးဖိုချောင်သုံး ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ ကြက်သွန်ဖြူကို တိုင်းရင်းဆေးပညာအမြင်၊ သိပ္ပံပညာအမြင်နဲ့ စနစ်တကျ ပေါင်းစပ်သုံးစွဲတာ၊ ဒါမှမဟုတ် ခေတ်မီနည်းပညာနဲ့ အချဉ်ဖောက်ထားတဲ့ ကြက်သွန်ဖြူနက် (Black Garlic) ကို ဓာတ်စာအဖြစ် ပြောင်းလဲမှီဝဲခြင်းဟာ ငွေကုန်ကြေးကျ သက်သက်သာနဲ့ အိမ်တွင်းကျန်းမာရေး စောင့်ရှောက်မှုကို ဖော်ဆောင်နိုင်တဲ့ လမ်းစဉ်တစ်ခုဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။