Skip to content
Ads Advertisement

ပိန်ဆေးလို့ အသိများကြတဲ့ Mounjaro ကို သုံးသင့်/မသုံးသင့်

Mounjaro (tirzepatide) လို့ ပြောလိုက်တာနဲ့ လတ်တလော လူပြောအများဆုံး ဝိတ်ချဆေးတွေထဲမှာ တစ်ပြေးနေတဲ့ “တစ်ချက်ထိုးပိန်ဆေး” အဖြစ် တန်းသိကြမယ်ထင်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ဝိတ်ကျသွားတဲ့သူတွေရဲ့ Before နဲ့ After ဓာတ်ပုံတွေ မြင်နေရတော့ လူအတော်များများက “နတ်ဆေး” လို့တောင် တင်စားနေကြတဲ့ ဒီဆေးက ဝိတ်ကျဖို့နဲ့ သွေးတွင်းသကြားဓာတ် ထိန်းတဲ့နေရာမှာ တကယ့်ကို ထိရောက်တယ်လို့ ပြောရလောက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Mounjaro အသုံးပြုတဲ့အခါ ဆင်ခြင်နိုင်ဖို့ သူ့ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆရာဝန်တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က လူနာတွေကို ဝိတ်ကျစေချင်ရုံသက်သက်မဟုတ်ဘဲ ဘေးကင်းပြီး ရေရှည်မြဲတဲ့ ကျန်းမာရေးကို ရစေချင်တာပါ။ Mounjaro ဆိုတာ တကယ့်ကို ထိရောက်တဲ့ ဆေးဝါးကုသမှုတစ်ခု ဖြစ်ပေမယ့် အလှအပအတွက် သုံးတဲ့ ဖြတ်လမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဆေးအာနိသင်အပြင် လူနာနဲ့ ဆေး ကိုက်ညီမှုရှိ၊ မရှိ ရွေးချယ်တာ၊ ကျန်းမာတဲ့ လူနေမှုပုံစံအတိုင်း ပြောင်းလဲနေထိုင်တာ၊ ဆရာဝန်နဲ့ ပုံမှန်ပြန်ပြတာတွေကလည်း ထပ်ဆောင်းသိထားရမယ့် အချက်တွေ ဖြစ်ပါတယ်။

Mounjaro (tirzepatide) ဟာ မူလက အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ တီထွင်ပြီး ပထမဆုံး ခွင့်ပြုခဲ့တဲ့ ဆေးဖြစ်ပါတယ်။ ဒါ့အပြင် အစာစားချင်စိတ်နဲ့ စားသုံးတဲ့ပမာဏကို လျော့နည်းစေတာကြောင့် အဝလွန်ရောဂါရှိသူတွေမှာ ကိုယ်အလေးချိန်လျှော့ချပြီး ရေရှည်ထိန်းသိမ်းရာမှာလည်း ထိရောက်တဲ့ ဆေးဝါးကုသမှုတစ်ခု အနေနဲ့ လက်ခံ သုံးစွဲလာခဲ့ကြတာဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းရှိတဲ့ GLP-1 နဲ့ GIP ဆိုတဲ့ ဟော်မုန်းနှစ်ခုကို သွားပြီး လှုံ့ဆော်ပေးပါတယ်။ ရလဒ်အနေနဲ့ ဗိုက်ဆာတာကို ထိန်းပေးတယ်၊ အင်ဆူလင်ဟော်မုန်းရဲ့ တုံ့ပြန်မှုကို ကောင်းစေတယ်၊ အစာအိမ်ထဲက အစာခြေစနစ်ကို နှေးသွားစေတာကြောင့်လည်း ဗိုက်ပြည့်နေသလို ခံစားရစေတယ်။ ဒီတော့ ကယ်လိုရီစားသုံးမှု နည်းသွားပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းရတာ ပိုလွယ်ကူသွားစေပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ Mounjaro ကို အစားအသောက်ဆင်ခြင်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေနဲ့ တွဲရင် မူလကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိ ကျစေနိုင်တယ်လို့ ပြောထားပါတယ်။ ဒါတင်မက သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စထရောနဲ့ အသည်းအဆီဖုံးတာတွေပါ သက်သာလာစေတယ်လို့ ဖော်ပြထားပါတယ်။ လူနာအတော်များများ ပြောလေ့ရှိတာကတော့ တစ်နေကုန် အစားအသောက်အကြောင်းပဲ တွေးနေတာ ဒါမှမဟုတ် မုန့်ပဲသရေစာစားချင်စိတ် တဖွားဖွားဖြစ်နေတာမျိုးတွေ လုံးဝလျော့သွားလို့ အစားအသောက်ထိန်းရတာ တအားလွယ်သွားတယ်ဆိုတာပါပဲ။

ဒါတွေကတော့ ဆေးရဲ့ ကောင်းကွက်တွေပေါ့။ ဒါပေမဲ့ အာနိသင်ရှိတဲ့ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးလေးတွေလည်း ဒွန်တွဲနေတတ်တာမို့ ကိုယ့်ဆီမှာ ရလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ကြိုသိထားဖို့ လိုလာပြန်ပါတယ်။ အဖြစ်အများဆုံးကတော့ အစာခြေစနစ်နဲ့ဆိုင်တဲ့ ပြဿနာတွေပါပဲ။ အထူးသဖြင့် ဆေးစထိုးတဲ့ ပထမအပတ်တွေ ဒါမှမဟုတ် ဆေးပမာဏ (dose) တိုးတဲ့အချိန်တွေမှာ ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဗိုက်ပွတာနဲ့ အစားပျက်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီလက္ခဏာလေးတွေကလည်း များသောအားဖြင့် ယာယီပဲမို့ ခန္ဓာကိုယ်က ဆေးနဲ့ လိုက်လျောညီထွေဖြစ်သွားတဲ့အချိန် ရောက်ရင် သက်သာသွားတတ်ပါတယ်။

ဒါပေမဲ့ မသက်သာဘဲ ဆက်တိုက်ပျို့အန်တာတွေ၊ ဝမ်းပျက်ဝမ်းလျှောနေတာတွေ ကြာနေပြီဆိုရင်တော့ လျစ်လျူရှုထားလို့ မရတော့ပါဘူး။ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်တအားခမ်းခြောက်လာပြီး သတ္တုဓာတ်တွေ မမျှတတော့ရင် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute Kidney Injury) အထိ ပြင်းပြင်းထန်ထန် ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် အထူးသဖြင့် ဆေးစထိုးတဲ့ကာလမှာ ဆရာဝန်နဲ့ ရက်ချိန်းပုံမှန်ပြဖို့က အရေးပါလာပါတယ်။

Journal of the Endocrine Society မှာ ဖော်ပြထားတဲ့ ဆောင်းပါးထဲက ဆေးဘက်ဆိုင်ရာ ဖြစ်ရပ်တစ်ခုမှာဆိုရင် သွေးတိုးနဲ့ ဆီးချိုအကြိုအဆင့်သာရှိတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ယောက်က ၆ ကြိမ်မြောက် ဆေးထိုးပြီး ရက်အနည်းငယ်မှာပဲ တစ်ကိုယ်လုံးအားနည်းလာပြီး ဆက်တိုက်ဆိုသလို ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ခြေသလုံးကြွက်တက်တာတွေ ခံစားခဲ့ရပါတယ်။ သူ့စိတ်ထဲမှာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေပဲလို့ တွေးမိပြီး သတိမမူမိတဲ့အတွက် နောက်ဆုံးမှာ ပြင်းပြင်းထန်ထန် ရေဓာတ်ခမ်းခြောက်ပြီး ရက်အတော်ကြာ ဆီးပါမထွက်တော့တဲ့ အခြေအနေကြောင့် အရေးပေါ်ဌာနကို သွားရောက်ကုသခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်တွေအရ အဆိုပါအမျိုးသားမှာ သွေးတွင်းဆိုဒီယမ်ဓာတ် တအားကျပြီး ရုတ်တရက် ကျောက်ကပ်ပျက်စီးနေတာ တွေ့ရတဲ့အတွက် ICU (အထူးကြပ်မတ်ကုသဆောင်) ထဲမှာ ဆေးကုသမှုခံယူခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ သတိထားရမှာက ဆေးကြောင့် ကျောက်ကပ်က တိုက်ရိုက်ပျက်စီးသွားတာ မဟုတ်ဘဲ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့အန်တာနဲ့ ဝမ်းပျက်ဝမ်းလျှော မသက်သာတာကို ဆရာဝန်နဲ့ ပြန်မပြမိတဲ့အတွက် ရေဓာတ်ခမ်းခြောက်ပြီး နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ကို သွေးမရောက်တော့လို့ ဒီလိုမျိုးအခြေအနေအထိ ဖြစ်ခဲ့ရတာပါ။ အဖြစ်နည်းပေမဲ့ ဒါက ကျွန်တော်တို့ သတိထားရမယ့် အချက်တွေထဲက တစ်ခုပါပဲ။ သတိပေးလက္ခဏာတွေကို စောစောသိပြီး ဆရာဝန်နဲ့ ပြန်လည်ပြသဆွေးနွေးနိုင်ရင် အသက်အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။

ကျောက်ကပ်ကျန်းမာရေးအပြင် တခြားစောင့်ကြည့်ရမယ့် အချက်တွေလည်း ရှိနေပြန်ပါသေးတယ်။ ဥပမာ—ဝိတ်ကျတာ အရမ်းမြန်လွန်းရင် သည်းခြေကျောက်တည်တာနဲ့ သည်းခြေအိတ်ရောဂါ ဖြစ်နိုင်ခြေများလာပါတယ်။ ဒါကြောင့် ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာ ဆက်တိုက်နာတာ၊ ဖျားတာ၊ ပျို့အန်တာ ဒါမှမဟုတ် အသားဝါလာတာမျိုး ဖြစ်ရင် လုံးဝပေါ့ဆလို့ မရပါဘူး။

နောက်ပြီး အဖြစ်နည်းပေမဲ့ ပြင်းထန်တဲ့ ပန်ကရိယရောင်ခြင်း (pancreatitis) မျိုးလည်း ဖြစ်တတ်တာမို့ ဗိုက်အရမ်းထိုးနာလာပြီး နောက်ကျောအထိပါ နာလာရင် ဆရာဝန်နဲ့ ချက်ချင်းပြရပါမယ်။ ဓာတ်ခွဲခန်းသုံးတိရစ္ဆာန်တွေနဲ့ စမ်းသပ်တွေ့ရှိချက်တွေအရ Mounjaro က သိုင်းရွိုက်ဂလင်းကင်ဆာ (thyroid C-cell tumors) ဖြစ်နိုင်ခြေရှိတယ်လို့ FDA က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ လူတွေမှာလည်း ဒီလိုဖြစ်တတ်သလားဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒါကြောင့်မို့လို့ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုထဲမှာဖြစ်စေ သိုင်းရွိုက်ကင်ဆာတစ်မျိုးဖြစ်တဲ့ Medullary Thyroid Carcinoma (MTC) ရောဂါရာဇဝင်ရှိသူတွေ ဒါမှမဟုတ် မုန့်ချိုအိတ်နဲ့ ဟော်မုန်းဂလင်းဆိုင်ရာ မျိုးရိုးလိုက်ရောဂါတစ်မျိုးဖြစ်တဲ့ Multiple Endocrine Neoplasia Syndrome Type 2 (MEN2) ရှိတဲ့သူတွေကတော့ ဒီဆေးကို လုံးဝမသုံးစွဲရပါဘူး။ လူနာတွေအနေနဲ့ ဆေးသုံးနေရင်း လည်ပင်းမှာ အလုံးအကျိတ်စမ်းမိတာ၊ အသံဝင်ပြီး ရေရှည်မသက်သာတာ၊ အစာမျိုရခက်တာ ဒါမှမဟုတ် အသက်ရှူရခက်တာမျိုး ဖြစ်လာရင် ဆရာဝန်ဆီ ချက်ချင်းသွားပြီး ပြသရပါမယ်။

နောက်အခြေအနေတစ်ခုကတော့ ဝိတ်ကျပြီး ပိန်လာတာနဲ့အတူ အရေးကြီးတဲ့ ကြွက်သားထု (lean muscle mass) တွေပါ ဆုံးရှုံးသွားတာပါ။ ဝိတ်ကျတယ်ဆိုတာ အဆီချည်း ကျတာ မဟုတ်ပါဘူး။ ပရိုတင်း (အသားဓာတ်) လုံလောက်အောင် မစားတာမျိုးနဲ့ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေ တွဲမလုပ်ရင် အဆီတင်မက ကြွက်သားတွေပါ ဆုံးရှုံးသွားပြီး ခန္ဓာကိုယ်အားနည်းတာ၊ ဇီဝကမ္မဖြစ်စဉ် ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ပရိုတင်းဓာတ်ပြည့်ဝအောင် စားဖို့နဲ့ ကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်ခန်းလုပ်ဖို့ အမြဲတိုက်တွန်းကြတာပါ။

ဆေးကြောင့် အစားစားချင်စိတ် လျော့နည်းသွားတဲ့အခါ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်း၊ သံဓာတ်၊ ဗီတာမင် B12၊ ကယ်လ်စီယမ်တွေ မလုံလောက်တော့ဘဲ ရေရှည်မှာ အာဟာရချို့တဲ့တာမျိုး ဖြစ်လာနိုင်လို့ ဖြည့်စွက်အားဆေး စားပေးဖို့လည်း လိုအပ်ပါတယ်။ အချို့သူတွေက ဝိတ်တအားကျသွားတဲ့အခါ ခန္ဓာကိုယ်အချိုးအစားအပေါ် စိတ်တိုင်းမကျဖြစ်လာတာ ဒါမှမဟုတ် ပိန်သွားပေမဲ့ ဆေးကို ဆက်ထိုးချင်နေတာ၊ ဆေးဖြတ်လိုက်ရင် ဝိတ်ပြန်တက်လာမှာကို တအားစိုးရိမ်ပူပန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဝိတ်ချတယ်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကျန်းမာရေး မထိခိုက်ဖို့ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

ဒါ့အပြင် American College of Cardiology ရဲ့ လေ့လာတွေ့ရှိချက်များအရ ဆေးထိုးသူတွေထဲက ၈၂ ရာခိုင်နှုန်းမှာ ဆေးရပ်ပြီးတဲ့အခါ ကျသွားတဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂၅ ရာခိုင်နှုန်း ပြန်တက်လာတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ တချို့လူတွေမှာ ဆေးထိုးနေရင်းတောင်မှ ကိုယ်အလေးချိန်က သိသိသာသာ ဆက်မလျော့တော့တာကိုလည်း တွေ့ရတယ်လို့ ကျန်းမာရေးစာစောင်တွေမှာ ဖော်ပြထားကြပါတယ်။

ခေတ်ရေစီးကြောင်းအရ Mounjaro က တစ်ခေတ်ဆန်းလာတော့ ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်တာမျိုး မလုပ်ဘဲ ထိုးတာ၊ အွန်လိုင်းကနေ ကိုယ့်သဘောနဲ့ကိုယ် ဝယ်ထိုးတာ၊ ဝိတ်မြန်မြန်ကျချင်လို့ ဆေးပမာဏ (dose) ကို ကိုယ့်ဟာကိုယ် တိုးထိုးတာမျိုးတွေ ရှိလာပါတယ်။ ဒီလိုအခြေအနေတွေက ဆေးအတုမိနိုင်ခြေ၊ ဆေးပမာဏမှားနိုင်ခြေ၊ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲပြဿနာတွေကို နောက်ကျမှ သိရတာမျိုးတွေ ဖြစ်နိုင်ခြေတွေရှိလို့ အလွန် အန္တရာယ်များပါတယ်။ ဒါကြောင့် Mounjaro ကို အသုံးပြုမယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အတူ စနစ်တကျသုံးစွဲသင့်ပါတယ်။

Mounjaro က အဝလွန်ရောဂါ ခံစားနေရသူတွေအတွက် တကယ့်မျှော်လင့်ချက်အသစ်တစ်ခု ဆိုတာတော့ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ဘယ်ဆေးမှတော့ ဘေးထွက်ဆိုးကျိုး မကင်းပါဘူး။ ဒါ့အပြင် ဆေးရဲ့ အာနိသင်ထိရောက်မှုကို ကျသွားတဲ့ ကိုယ်အလေးချိန်ကိန်းဂဏန်းတစ်ခုတည်းနဲ့ တိုင်းတာကြမယ်ဆိုရင် အင်မတန်ကိုမှ အယူအဆလွဲမှားနေပါပြီ။ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်အတွက်ပါ ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ ကျန်းကျန်းမာမာ ကိုယ်အလေးချိန်ကို ထိန်းနိုင်မှသာ အောင်မြင်တဲ့ရလဒ်လို့ ဆိုရမှာပါ။ အကောင်းဆုံးရလဒ်ရဖို့အတွက်ဆိုရင် ဆေးထိုးရုံတင်မဟုတ်ဘဲ မှန်ကန်တဲ့ကုသမှု ဖြစ်ရမယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုလည်း ဂရုစိုက်စားပေးရမယ်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ရမယ်၊ ဆရာဝန်နဲ့လည်း ရက်ချိန်းပုံမှန်ပြပြီး ညွှန်ကြားသလို လိုက်နာကြဖို့ လိုပါလိမ့်မယ်။

References

1. Jastreboff AM, Aronne LJ, Ahmad NN, et al. Tirzepatide once weekly for the treatment of obesity. N Engl J Med. 2022;387(3):205–216. doi:10.1056/NEJMoa2206038.

2. U.S. Food and Drug Administration. Mounjaro (tirzepatide) injection: Prescribing information. Eli Lilly and Company; 2026.

3. Horn DB, Linetzky B, Davies MJ, et al. Cardiometabolic parameter change by weight regain on tirzepatide withdrawal in adults with obesity: A post hoc analysis of the SURMOUNT-4 trial. JAMA Intern Med. 2026;186(2):157–167. doi:10.1001/jamainternmed.2025.6112.

4. Farhat F, Gonzalez P, Ravin AB, et al. A silent menace of Mounjaro: Acute renal failure associated with tirzepatide. J Endocr Soc. 2024;8(Suppl 1):bvae163.1027. doi:10.1210/jendso/bvae163.1027.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement