အသည်းကင်ဆာရောဂါ ကုသရာမှာ အဓိက သုံးတဲ့ အရည်အသွေးမီ Lenvatinib အမျိုးအစား ဆေးတွေ စျေးကွက်မှာ ပြတ်လပ်နေပြီး ဝယ်ယူဖို့ ခက်ခဲနေကြတယ်လို့ ဆေးဝါးရောင်းချသူတွေနဲ့ ဆေးကို ကိုယ်တိုင် သုံးစွဲနေရတဲ့ ဝေဒနာရှင်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဒီဆေးဟာ ခွဲစိတ်လို့ မရတဲ့ အသည်းကင်ဆာ (Unresectable Hepatocellular Carcinoma – HCC) ခံစားရသူတွေအတွက် ပထမအဆင့် ဦးစားပေးကုထုံး (First-line Treatment) အဖြစ် အဓိကသုံးတဲ့ ဆေးဝါးဖြစ်ပြီး ဆေးဝါးပြတ်လပ်တာဟာ ၂၀၂၅ ခုနှစ် နှစ်ဆန်းလောက်ကတည်းက ဖြစ်ပြီး အခုဆိုရင် အလားတူဆေးတွေကိုသာ စျေးကွက်မှာ ရရှိနေပါတယ်။ စျေးကွက်ထဲ ဆေးပြတ်တာဟာ အထူးသဖြင့် ဆေးဝါးတင်သွင်းတဲ့ လိုင်စင်ကန့်သတ်ချက်၊ ဒေါ်လာစျေး မတည်ငြိမ်မှုနဲ့ ဆေးဝါးတင်သွင်းတဲ့ လမ်းကြောင်း ကြန့်ကြာမှုတွေကြောင့် ပုံမှန် ဆေးဝါးပြတ်လပ်တဲ့အခြေအနေထက်ကို ပိုဆိုးလာနေတာ ဖြစ်တယ်လို့ ဆေးဝါးစျေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။
ဆရာဝန်အများစုကတော့ Lenvatinib ဆေးသောက်ဖို့ ညွှန်ကြားတဲ့အခါ Lenvima တံဆိပ်ကို ညွှန်းကြလေ့ရှိပြီး အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန (US-FDA) က အသိအမှတ်ပြုထားတဲ့ ဒီဆေးဟာ တစ် လုံးကို ကျပ် တစ်သိန်းခွဲကျော်အထိ ရှိပြီး လက်ရှိ မြန်မာနိုင်ငံမှာ လုံးဝ ဝယ်လို့ မရတာကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ထုတ်တဲ့ အလားတူဆေးတွေကိုသာ စျေးကွက်မှာ ဝယ်ယူလို့ ရနေပြီး ၁၀ လုံးပါ တစ်ကတ်ကိုကျပ် ၈၀,၀၀၀ ကျော်အထိပေးနေရပါတယ်။
ပုံမှန်အားဖြင့် ဒီဆေးကို တစ်နေ့ တစ်ကြိမ်၊ တစ်လုံးနှုန်းနဲ့ လူနာရဲ့ ကိုယ်အလေးချိန်အပေါ် တွက်ချက်ပြီး 4 mg, 8 mg, 10 mg စသဖြင့် သင့်တော်သလို သောက်ခိုင်းလေ့ရှိပြီး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေအရ ဒီဆေးဟာ ကင်ဆာအကျိတ်အပေါ် တုံ့ပြန်မှုနှုန်းနဲ့ အသက်ရှင်နိုင်ခြေ (Overall Survival) ပိုကောင်းနိုင်တာအပြင် ခွဲစိတ်လို့ မရတဲ့၊ အသည်းဆေး ဖြန်းလို့ မရတဲ့ အသည်းကင်ဆာမျိုးတွေအတွက် သင့်တော်တာကြောင့် ကျွမ်း ကျင်ဆရာဝန်ကြီးတွေက သောက်သုံးဖို့ ညွှန်ကြားလေ့ရှိတာ ဖြစ်ပါတယ်။
Lenvatinib ဆေးကနေ ထိရောက်တဲ့ အာနိသင်၊ အကျိုးကျေးဇူးရဖို့ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးပမာဏအတိုင်း နေ့စဉ်မပြတ် သောက်သုံးရမှာ ဖြစ်ပြီး လူနာရဲ့ အသက်အန္တရာယ်၊ လက်ရှိ ကြုံတွေ့နေရတဲ့ အကန့်အသတ်တွေအပေါ် မူတည်ပြီး အသက်ကယ်တင်ဖို့နဲ့ ဆေးကုသမှုဆိုင်ရာ မဖြစ်မနေလိုအပ်ချက်တွေကြောင့် သုံးစွဲနေရတဲ့ ဆေးဝါးတစ်မျိုးလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဘေးထွက်ဆိုးကျိုး နည်းပြီး ဆေးအရည်အသွေးကောင်းတဲ့ Lenvima လိုမျိုး Lenvatinib ဆေးကို တတ်နိုင်သူတွေကတော့ ပြည်ပနိုင်ငံတွေကနေ အဆင်ပြေတဲ့ ပုံစံမျိုးစုံနဲ့ မှာယူ ဝယ်သောက်တာ၊ ဒါမှမဟုတ် ခွင့်ပြုချက်ရထားတဲ့ ဆေးဝါးဖြန့်ချိရေးလုပ်ငန်းတွေကတဆင့် ဝယ်ယူသုံးစွဲနေကြရတယ်လို့ ကိုယ်တိုင်ဆေးဝါးသုံးစွဲနေရသူတွေက MyanHealth ကို ပြောပြပါတယ်။ ဒါဟာ မြို့ပြမှာ နေပြီး အဆက်အသွယ်ရှိသူတွေအတွက် အဆင်ပြေပေမယ့် နယ်ဝေးဒေသနဲ့ ပြည်ပအဆက်အသွယ် မရှိတဲ့ ဝေဒနာရှင်တွေအတွက်တော့ စျေးကွက်ထဲက အလားတူဆေးတွေကိုပဲ အားကိုးနေကြရပါတယ်။
Lenvatinib ဆေးတွေဟာ သောက်သုံးတဲ့အခါ သွေးတိုးတာ၊ ဝမ်းလျှောတာ၊ ပင်ပန်းပြီး အစားအသောက် ပျက်တာမျိုး စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ Lenvatinib ဆေးအပြင် မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန (FDA) က အသည်းကင်ဆာ ကုသဆေးအဖြစ် အသိအမှတ် ပြုထားတဲ့ Sorafenib ဆေးလည်း စျေးကွက်မှာ ရှိပါတယ်။ ဒါပေမဲ့ ဒီဆေးအမျိုးအစားကတော့ Lenvatinib ဆေးထက် ဘေးထွက်ဆိုးကျိုးများပြီး လက်ဖဝါးနဲ့ ခြေဖဝါးမှာ နာကျင်မှုကို ခံစားရစေတဲ့ အဖုအပိန့်နဲ့ အရည်ကြည်ဖုတွေ ထွက်တတ်တဲ့အတွက် အသည်းကင်ဆာဝေဒနာရှင်တွေကို ဒီဆေး ပေးရတဲ့အခါ ဆေးပမာဏကို လျှော့ချရတာ၊ ဒါမှမဟုတ် တစ်ဆက်တည်း ဆေးသောက်ခိုင်းတာမျိုး မလုပ်ဘဲ ခေတ္တရပ်နားပြီးမှ ပြန်သောက်ခိုင်းတာမျိုးတွေကို ပြုလုပ်ရလေ့ရှိပါတယ်။
ကင်ဆာရောဂါ ခံစားရလို့ ဆေးဝါးနဲ့ ကုသစဉ်မှာ ဆေးပြတ်တာ၊ ဒါမှမဟုတ် ဆေးသောက်ရမယ့် ရက်၊ အချိန် ကျော်လွန်တာဟာ ကုသမှုအပေါ် သက်ရောက်မှု ရှိတာကြောင့် စျေးကွက်ထဲ ဆေးဝါးပြတ်လပ်ခဲ့ရင် ဝေဒနာရှင်တွေဟာ ကိုယ်ပြသနေကြ ကင်ဆာအထူးကုဆရာဝန်ကြီးတွေနဲ့ အမြန်ဆက်သွယ်ဖို့ လိုအပ်တယ်လို့ ဆေးဝါးဆိုင်ရာ ပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါမှသာ ဆေးဝါးပြတ်လပ်ချိန်မှာ ဆရာဝန်တွေအနေနဲ့ လူနာအတွက် ကိုက်ညီမယ့် ကုသမှုပုံစံ ဒါမှမဟုတ် ဆေးဝါး ပြောင်းလဲပေးတာမျိုးကို လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပါတယ်။
- လှလှဝင်း (B.Pharm)