Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Fourth Week )

• အခြေခံလူတန်းစားတွေ အနေများတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ဆင်းရဲမွဲတေမှုဒဏ်ကို မခံနိုင်တော့ကြလို့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ကပ်ရောင်းစားမှုတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

• မိုးတွင်းကာလ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါ ပိုဖြစ်နိုင်လို့ ခြင်ကိုက်မခံရအောင် ဆေးစိမ်ခြင်ထောင်သုံးတာ၊ အိင်္ကျီလက်ရှည် / ဘောင်းဘီရှည် ဝတ်တာ၊ လိုအပ်ရင် ခြင်ဆေး (လိမ်းဆေး၊ ထွန်းဆေး) သုံးတာအပြင် ခြင်ပေါက်ပွားနိုင်တဲ့ ရေဝပ်နေရာတွေ ရှင်းလင်းတာလုပ်ပြီး ကြိုတင်ကာကွယ်ကြဖို့ MSF Myanmar က ထုတ်ပြန်သတိပေးထားပါတယ်။

• ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှာ လူထုကျန်းမာရေးလုပ်သားသင်တန်းကို ဇူလိုင် ၁၇ ကနေ ၃၀ ရက်အထိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးပြီး နှစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ပါတယ်။

• ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်း ဆွေးနွေးမှုစကားဝိုင်းကို ဇူလိုင် ၂၄ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မြန်မာက ပြုလုပ်ခဲ့ပြီး နီကိုးတင်းထုတ်ကုန်အသစ်တွေနဲ့ ကွမ်းသီး သုံးစွဲမှုဆိုင်ရာ အယူအဆမှားတွေအကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

• ကျေးလက်/မြို့ပြ ကျန်းမာရေးစောင့်ရှောက်ခြင်း ကွာခြားမှု မရှိစေရေးနဲ့ ကျန်းမာစွာ နေနိုင်ရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးတဲ့နောက် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးက ဆီးချိုနဲ့ ဟော်မုန်းရောဂါ အထူးကုဆရာဝန်တွေ၊​ အထွေထွေရောဂါကုနဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေ ပါဝင်တဲ့ ကွင်းဆင်းကုသရေးအဖွဲ့ဟာ ဇူလိုင် ၂၁ ရက်က ပုသိမ်ကြီးမြို့ ပြည်သူ့ဆေးရုံမှာ စစ်ဆေး၊ ကုသမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

• နိုင်ငံထဲက ပြည်သူ့ဆေးရုံကြီးတွေမှာ အသည်းရောင်အသားဝါ (စီ) ရောဂါကို အခမဲ့ကုသပေးနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

• ဆီးချိုနဲ့ ဟော်မုန်း ရောဂါ အထူးကု သမားတော်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန သုတေသီတွေ ပူးပေါင်းသုတေသနပြုလုပ်ပြီးနောက် ရလာတဲ့ အချက်အလက်တွေကို “မြန်မာနိုင်ငံအတွင်း ရရှိနိုင်တဲ့ လူအများစားသုံးလေ့ရှိတဲ့ အစားအစာတွေရဲ့ အာဟာရတန်ဖိုး” နာမည်နဲ့ စာအုပ်ထုတ်ဝေထားပါတယ်။

• အမေရိကန်၊ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ChatGPT က ပေးတဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးချက်တွေကြောင့် အသက်အန္တရာယ်ရှိတဲ့ အဆုတ်သွေးကြောပိတ်မှု (Pulmonary Embolism) ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို လျစ်လျှူရှုခဲ့မိပြီး သေလုနီးပါး ဖြစ်ခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ OpenAI ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်ပါတယ်။

• အီဘိုလာ ကူးစက်မှု ရှိတယ်လို့ ပြီးခဲ့တဲ့ မေလမှာ စတင်ကြေညာခံရတဲ့ ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံမှာ သေဆုံးသူ ၁,၀၀၀ ကျော် ရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ နိုင်ငံနှစ်ခုရဲ့ တရားဝင် အချက်အလက်တွေကို အခြေခံထားတဲ့ WHO စာရင်းအရ ကွန်ဂိုမှာ အတည်ပြုလူနာ ၂,၄၇၃ ဦး ရှိပြီး အဲဒီထဲက ၉၉၉ ဦး သေဆုံးထားကာ ယူဂန်ဒါမှာတော့ အတည်ပြုလူနာ ၂၀ ဦးအနက် နှစ်ဦး သေဆုံးထားပါတယ်။

• တစ်နေ့ကို ငါးမိနစ်လောက် ကခုန်ပေးတာဟာ အာရုံစူးစိုက်နိုင်စွမ် ပိုကောင်းသလို တီထွင်ဖန်တီနိုင်စွမ်း မြင့်လာလို့ ဦးနှောက်အတွက် အကျိုးကျေးဇူးအမျိုးမျိုး ရရှိစေနိုင်တယ်လို့ ဘီဘီစီ ကျန်းမာရေးသတင်းမှာ ဖော်ပြထားပါတယ်။

• ကမ္ဘာတစ်ဝန်းက ကလေးနဲ့ ဆယ်ကျော်သက်တွေဟာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေလိုဟာတွေကို လုံလောက်အောင် မစားသုံးကြတော့ဘူးလို့ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နိုင်ငံပေါင်း ၁၈၅ နိုင်ငံက ကလေးနဲ့ ဆယ်ကျော်သက်တွေရဲ့ အစားအသောက်ဆိုင်ရာ စစ်တမ်းပေါင်း ၁,၂၀၀ ကျော်ကို လေ့လာထားတဲ့ သုတေသနကို အခြေခံပြီး CNN သတင်းက ဖော်ထုတ်ရေးသားထားပါတယ်။ ဒီသုတေသနအရ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စားသုံးမှု လျော့ကျလာနေပြီး အမေရိကန်မှာဆိုရင် အသက် နှစ်နှစ်အောက် ကလေးတွေဟာ ငယ်စဉ်မှာ တစ်နေ့ကို သုံးကြိမ်နီးပါး စားသုံးပေမယ့် ကြီးလာတဲ့အခါ နှစ်ကြိမ်အောက်အထိ လျော့ကျသွားတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Leana Wen က ဆိုထားပါတယ်။​

• ခါးအောက်ပိုင်းနာကျင်မှု သက်သာစေတဲ့ အထောက်အကူပစ္စည်းတွေ အများရှိပေမယ့် ခါးအောက်ပိုင်းထောက်ကူခေါင်းအုံး (Lumbar Support Pillow) ကတော့ စျေးနှုန်းသက်သာသလို အသုံးပြုရလွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်နေဆဲလို့ CNN ကျန်းမာရေးသတင်းမှာ ဖော်ပြထားပါတယ်။ ကျောရိုးရဲ့ သဘာဝအကွေးအတိုင်း ထောက်ပံ့ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒီခေါင်းအုံးဟာ ကျောရိုးကို သင့်တော်တဲ့ အနေအထားမှာ ရှိနေစေသလို ကျောရိုးပေါ်ကျလာတဲ့ တင်းအားနဲ့ ဖိအားကိုလည်း လျှော့ချပေးနိုင်တယ်လို့ Hospital for Special Surgery က ကျောရိုးနဲ့ ကိုယ်လက်ပြန်လည်သန်စွမ်းရေးဆိုင်ရာ ဆရာဝန် ဒေါက်တာ Alice Chen က ပြောပါတယ်။

• ဂျပန် Takeda Pharmaceutical ထုတ် သွေးလွန်တုပ်ကွေးကာကွယ်ဆေး Qdenga ကို အိန္ဒိယ ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့က ခွင့်ပြုလိုက်ပြီ ဖြစ်ကာ ဒါဟာ အိန္ဒိယနိုင်ငံက ပထမဆုံးအကြိမ် ခွင့်ပြုချက်ရတဲ့ ကာကွယ်ဆေးဖြစ်တယ်လို့ Takeda အိန္ဒိယရုံးခွဲက ထုတ်ပြန်ထားပါတယ်။​

• ထိုင်ဝမ်က ထိပ်တန်းဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဗီယက်နမ် ဆေးဘက်ဆိုင်ရာ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဟနွိုင်းမြို့မှာ ကင်ဆာရောဂါ ကုသရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆောင်ရွက်နေပြီး ဒါဟာ ထိုင်ဝမ်ရဲ့ အရှေ့တောင်အာရှ ကျန်းမာရေး၊ သံတမန်ရေး ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ထိုင်ဝမ်သတင်းတတွေက ရေးသားနေကြပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement