• အသည်းရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ တစ်နှစ်ကို လူ ၁ ဒသမ ၃ သန်းကျော် သေဆုံးနေတယ်လို့ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားမှာ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ အသည်းရောဂါပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာသန္တာထွန်းက ပြောပါတယ်။
• အသည်းရောင်ရောဂါဟာ ကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပေမယ့် လူတိုင်းဟာ ကျန်းမာရေး စောင်ံရှောက်မှုနဲ့ ကုသမှုတွေအတွက် တန်းတူညီ လက်လှမ်းမမီနိုင်သေးတဲ့ အခြေအနေမှာပဲ မြင်တွေ့နေရဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO (မြန်မာ) က ထုတ်ပြန်ထားပါတယ်။
• မင်္ဂလာဒုံမြို့နယ်မှာ နေတဲ့ သစ်စက်ရုံလုပ်သား အမျိုးသားတစ်ဦး (၂၅ နှစ်) ဟာ ဇူလိုင် ၂ ရက် မနက် ၉ နာရီခွဲလောက်မှာ အလုပ်လုပ်နေစဉ် သစ်ဖြတ်စက်နဲ့ မတော်တဆ ထိခိုက်ပြီး ဝဲဘက်လက်ညှိုးအလယ်ပိုင်းကနေ ပြတ်တောက်ခဲ့လို့ အင်းစိန်ပြည်သူ့ဆေးရုံကြီးကနေ မြောက်ဥက္ကလာပ ပြည်သူ့ဆေး ရုံကြီး အရိုးရောဂါ ကုသဆောင်ကို ပို့ဆောင်ခဲ့ရာ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက ညနေ ၅ နာရီခွဲကနေစပြီး ၇ နာရီကြာအောင် ခွဲစိတ်ကုသပေးပြီးနောက် မူလအတိုင်းဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
• ရှမ်းပြည်မြောက်ပိုင်း “ဝ” အထူးဒေသ – ၂ ပန်ဆန်းမြို့နယ်အောက်က နားဖန့်မြို့နယ်၊ နမ့်ခမ်းဝူး နယ်စပ်ဆေးပေးခန်းမှာ ကျန်းမာရေးဝန်ကြီးဌာန၊ ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ “ဝ” ကျန်းမာရေးဌာန၊ မိတ်ဖက်အဖွဲ့အစည်းတွေ ပေါင်းပြီး ဇူလိုင် ၂၃ နဲ့ ၂၄ ရက်မှာ ဒေသခံ ၄၁၈ ဦးကို ကွင်းဆင်းကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။ ဒီထဲမှာ ၁၉၉ ဦးကို တီဘီရောဂါ (tubercle bacillus) ေေေေေရှိ၊ မရှိ ဓာတ်မှန်ရိုက်ပေးခဲ့သလို ၁၄ ဦးကိုတော့ သလိပ်စစ်ဆေးမှုနဲ့ လိုအပ်တဲ့ ကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မိုင်းမောနဲ့ ဝိုင်းကောင်မြို့ တို့မှာလည်း ကွင်းဆင်းကုသမှုတွေ ဆက်လုပ်ပေးဖို့ စီစဉ်ထားပါတယ်။
• ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းအစီအစဉ်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ချင်းပြည်နယ်) က ဟားခါးမြို့နယ်က အခြေခံပညာကျောင်း ခြောက်ကျောင်း၊ တွန်းဇံက လေးကျောင်း၊ ဖလမ်းက ၁၁ ကျောင်းနဲ့ တီးတိန်က ကျောင်း ၁၂ ကျောင်းမှာ ရှိတဲ့ KG တန်း ကျောင်းသား/သူတွေကို ဇူလိုင်လအတွင်းမှာ ကျောင်းတွင်းအာဟာရ ကျွေးမွေးမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စနစ်ကျတဲ့ သွားတိုက်နည်း၊ လက်ဆေးနည်းအပြင် ကျန်းမာရေးအသိပညာပေး ဟောပြောမှုတွေကိုလည်း တပါတည်း လုပ်ဆောင်ပေးခဲ့ပါတယ်။
• ၂၀၂၅ ခုနှစ် တိုင်းနှင့် ပြည်နယ်အသီးသီးက ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေရဲ့ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်က အုပ်စု (A) အဆင့်မှာ ဒုတိယဆု ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
• စစ်ကိုင်းတိုင်း၊ လေရှီးမြို့နယ် မြို့မ အခြေခံပညာမူလ တန်းကျောင်းမှာ KG တန်း ကျောင်းသား/သူတွေအတွက် ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ အသိပညာပေးမှုကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နဲ့ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ပူးပေါင်းပြီး ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
• ယူဂန်ဒါအစိုးရက နိုင်ငံတွင်း အီဘိုလာရောဂါ ကူးစက်မှု အဆုံးသတ်ပြီလို့ တရားဝင် ကြေညာလိုက်ပေမယ့် အိမ်နီးချင်း ကွန်ဂိုနိုင်ငံ (DRC) မှာတော့ ကူးစက်မှုတွေ ဆက်လက်မြင့်တက်နေဆဲပဲလို့ နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြကြပါတယ်။
• ကွန်ဂိုနိုင်ငံ (DRC) မှာ အလျင်အမြန် ပျံ့နှံ့နေတဲ့ Bundibugyo မျိုးကွဲ အီဘိုလာရောဂါ ကာကွယ်နိုင်မယ့် စမ်းသပ်အဆင့်ကာကွယ်ဆေး အမြောက်အမြား ထုတ်လုပ်ဖို့ စင်ကာပူအခြေစိုက် Hilleman Laboratories (Merck ကုမ္ပဏီနဲ့ Wellcome ပရဟိတအဖွဲ့တို့ ပူးပေါင်းတည်ထောင်ထားတဲ့ အဖွဲ့အစည်း) က ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
• ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီကနေ ဇူလိုင်လအထိ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူရသူဟာ ၄၃ ဦးအထိ မြင့်တက်လာနေတယ်လို့ နိုင်ငံ့ ကျန်းမာရေးဝန်ဆောင်မှုဌာနက ထုတ်ပြန်ထားပါတယ်။
• ဥရောပတစ်ဝန်း နွေရာသီကာလ ပိုမိုရှည်လျားပြီး အပူချိန် ပိုမြင့်တက်လာတာဟာ ကူးစက်ရောဂါတွေ ပျံ့နှံ့ဖို့အတွက် ပိုပြီးကောင်းတဲ့အခြေအနေကို ဖြစ်ပေါ်လာနေစေတယ်လို့ ကျန်းမာရေးပညာရှင်တွေ သတိပေးမှုကို ကိုးကားပြီး Euro News က ဖော်ပြထားပါတယ်။
• အမေရိကန်မှာ သွေးလှူဒါန်းမှု လျော့နည်းလို့ သွေးသိုလှောင်ပမာဏ ကျဆင်းသွားတာဟာ နှစ်ပေါင်း ၁၅၀ အတွင်း ဒုတိယအကြိမ်မြောက် အဆိုးရွားဆုံး အခြေအနေဖြစ်တယ်လို့ အမေရိကန် ကြက်ခြေနီအဖွဲ့ (American Red Cross) က ပြောပါတယ်။ ဒီလို ဖြစ်တာဟာ တောမီးလောင်ကျွမ်းမှုတွေ၊ အပူချိန် လွန်ကဲစွာ မြင့်တက်တာတွေအပြင် အကြောင်းအရင်းမျိုးစုံ ပေါင်းစပ်သွားတာရဲ့ အကျိုးဆက်လို့ ARC အဖွဲ့က ဒေါက်တာ ကော့တ်နီ လောရန့်စ် (Courtney Lawrence) ကို ကိုးကားပြီး BBC သတင်းက ဖော်ပြထားပါတယ်။
• လိင်ကတဆင့် ကူးစက်နိုင်ပြီး ဆေးယဉ်ပါးလာတဲ့ ဂနိုရီးယားရောဂါပိုး (Neisseria gonorrhoeae) ကို ထိရောက်စွာ တိုက်ဖျက်နိုင်မယ့် ကုသနည်းတစ်ခုကို ဗြိတိန်နိုင်ငံ၊ လီဗာပူးနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက တီထွင်နိုင်ခဲ့ကြပြီး လူ့ခန္ဓာကိုယ်ထဲက ကျန်းမာရေးဆဲလ်တွေကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင်နဲ့ ရောဂါပိုးရဲ့ မျက်နှာပြင်ပေါ်မှာသာ တိုက်ရိုက်အလုပ်လုပ်စေဖို့ ဒီဇိုင်း ထုတ်ထားတဲ့ ကုသနည်းပါ။ ဒီနည်းပညာသစ်ဟာ ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိလာတဲ့ ဂနိုရီးယားရောဂါပိုး မျိုးကွဲတွေကို ထိန်းချုပ်နိုင်မယ့် အလားအလာကောင်းလို့လည်း သုတေသီတွေက မျှော်လင့် နေကြပါတယ်။
• အမေရိကန်က ဝက်သက်ရောဂါ ကူးစက်မှုဟာ ဆက်လက်မြင့်တက်နေပြီး နှစ်နှစ်ဆက်တိုက် စံချိန်တင် အဆင့်ကို ရောက်နေပြီလို့ CNN သတင်းက ဖော်ပြပါတယ်။ အခုနှစ် (၂၀၂၆) ရဲ့ နှစ်ဝက်ကျော် ကာလ ကူးစက်ခံရသူဦးရေဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း မှတ်တမ်းတွေအရ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီး မနှစ် (၂၀၂၅ ခုနှစ်) က စံချိန်တင်ထားတဲ့အရေအတွက်ထက်ကို ကျော်လွန်သွားတာပါ။ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာတာဟာ ရောဂါ ပြန်လည်ပျံ့နှံ့လာရတဲ့ အဓိကအကြောင်းအရင်း ထဲက တစ်ချက်ဖြစ်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးထားပြီး ဝက်သက်ရောဂါကို ၂၀၀၀ ပြည့်နှစ်ကတည်းက ပပျောက်အောင် ထိန်းချုပ်နိုင်ခဲ့ပြီလို့ အမေရိကန်အစိုးရက ကြေညာထားပေမယ့် ပြီးခဲ့တဲ့ ၁၈ လအတွင်း ကူးစက်မှုဟာ အရင် ၂၅ နှစ်ကာလ တွေ့ရှိခဲ့တဲ့ စုစုပေါင်းအရေအ တွက်ထက်ကို ပိုများလာနေတာပါ။