Skip to content
Ads Advertisement

လှချင်ရက်စက်စက်ယို၊ဒုက္ခမပိုစေလို

လူ့သဘာဝသည် ခက်ခဲနက်နဲသော အမှန်တရားထက် လွယ်ကူဆန်းကြယ်သော ဖြတ်လမ်းနည်းများကို ပိုမိုနှစ်သက်တတ်ကြသည့်အတိုင်း၊ ယနေ့ခေတ်ကာလတွင်လည်း မိမိတို့၏ ခန္ဓာကိုယ်အချိုးအစား လှပ တင့်တယ်ရေးအတွက် သဘာဝတရား၏ နည်းလမ်းများကို ဘေးဖယ်၍ ဆေးဝါးဓာတုဆိုင်ရာ ဖြတ်လမ်းများကို အလွန်အမင်း အားကိုးလာကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပေသည်။

​အထူးသဖြင့် အမျိုးသမီးငယ်များနှင့် ခန္ဓာကိုယ်အလေးချိန် လျော့ကျလိုသူများအကြားတွင် ဆီးချို ရောဂါသည်များအတွက် သွေးတွင်းသကြားဓာတ် ထိန်းညှိရန် သီးသန့်ထုတ်လုပ်ထားသော Mounjaro (Tirzepatide) နှင့် Semaglutide (Wegovy) ကဲ့သို့သော အစွမ်းထက် ထိုးဆေးများကို “တစ်ခါထိုး ပိန်ဆေး” သို့မဟုတ် “နတ်ဆေး” ဟု မဆင်မခြင် တင်စားခေါ်ဝေါ်ကာ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိသဘောထားအတိုင်း သုံးစွဲနေကြခြင်းသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေပေပြီ။ ထိုဆေးဝါးများကို ရက်သတ္တပတ်တိုင်း ပမာဏ ၂.၅ မီလီဂရမ်မှ ၁၅ မီလီဂရမ်အထိ လိုသလို တိုးမြှင့် ကာ မြန်မာငွေ ကျပ်သိန်းဂဏန်းမှ သိန်းသုံးဆယ်ကျော်အထိ ကုန်ကျခံ၍ အွန်လိုင်းနှင့် လူမှုကွန်ရက် များမှတစ်ဆင့် ဝယ်ယူထိုးနှံနေကြသည်ကို တွေ့ရ၏။

ဆေးဝါးဗေဒဆိုင်ရာ သဘောတရားအရ ထိုဆေးဝါးများသည် ခန္ဓာကိုယ်အတွင်းရှိ GLP-1 နှင့် GIP ဟော်မုန်းများကို လှုံ့ဆော်ပေးခြင်းဖြင့် အစာခြေစနစ်ကို အတင်းအကျပ် နှေးကွေးစေပြီး ဆာလောင် စိတ်ကို ချုပ်တည်းပေးသည့်အတွက် ရုတ်တရက်ကြည့်လျှင် ဝိတ်ကျစေသည်မှာ အမှန်ပင် ဖြစ်၏။ သို့သော် ထိုဆေးများသည် အပူချိန် ၂ မှ ၈ ဒီဂရီစင်တီဂရိတ်အတွင်း အမြဲမပြတ် ထိန်းသိမ်းထားရသည့် (Cold Chain) ဆေးမျိုးဖြစ်ရာ၊ တရားမဝင် မှောင်ခိုလမ်းကြောင်းများမှ ဝင်ရောက်လာခြင်း သို့မဟုတ် သိုလှောင်မှု စနစ်မမှန်ကန်ပါက ဆေးအာနိသင် ပျက်ယွင်းရုံမက ဘေးအန္တရာယ်ပင် ပြုနိုင်ပေသည်။

ထိုထက်ပို၍ စိုးရိမ်ဖွယ်ရာကောင်းသည်မှာ ဆေးဝါး၏ နောက်ဆက်တွဲ ပြင်းထန်သော ဘေးထွက် ဆိုးကျိုးများပင် ဖြစ်၏။ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းမှသည် အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်း မှုများ ခံစားရတတ်သည့်အပြင်၊ ဆက်တိုက် ပျို့အန်၍ ရေဓာတ်နှင့် သတ္တုဓာတ် ခမ်းခြောက်သွားပါက ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute Kidney Injury) အထိ ကြုံတွေ့ရနိုင်ပေသည်။ ဆေးပညာစာစောင်များ၌ ဖော်ပြထားသော ဖြစ်ရပ်ဆန်းတစ်ခုတွင် ဆီးချိုအကြိုအဆင့် လူနာတဦး သည် ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်ကာ အရေးပေါ်ဌာနသို့ ရောက်ရှိပြီး အထူးကြပ်မတ်ကုသဆောင် (ICU) ထဲအထိ တက်ရောက်ကုသခဲ့ရသည်ကို တွေ့ရ၏။ ဒါ့အပြင် အမြန်ဝိတ်ကျသွားခြင်းကြောင့် သည်းခြေကျောက်တည်ခြင်း၊ ပန်ကရိယ (မုန့်ချိုအိတ်) ရောင်ရမ်းခြင်းနှင့် မိသားစုအတွင်း သိုင်းရွိုက်ကင်ဆာ ရောဂါရာဇဝင်ရှိသူများအတွက် အသက် အန္တရာယ်အထိ ထိခိုက်နိုင်သော ဆိုးကျိုးများလည်း ရှိနေပေသည်။

​အလှအပအတွက် လွယ်ကူသော အဖြေကို ရှာဖွေရင်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ကြွက်သားထု (Lean Muscle Mass) များနှင့် ဗီတာမင်၊ သံဓာတ် စသည့် အာဟာရများကို ဆုံးရှုံး ရခြင်းသည် လွန်စွာ အရှုံးကြီးသော လဲလှယ်မှု ဖြစ်၏။ ဆေးပညာ သုတေသနများ၏ ထုတ်ပြန် ချက်အရ ထိုထိုးဆေးများ၏ အာနိသင်သည် ယာယီမျှသာဖြစ်ပြီး ဆေးထိုးခြင်းကို ရပ်ဆိုင်းလိုက်သည် နှင့် ကျသွားသော အလေးချိန်များ ပြန်လည်မြင့်တက်လာကာ ၈၂ ရာခိုင်နှုန်းသော လူတို့တွင် ဝိတ်ပြန် တက်လာကြောင်း ခိုင်လုံစွာ တွေ့ရှိရပေသည်။

​အမှန်စင်စစ် ကျန်းမာရေးနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သည့် စွမ်းအားသည် အဖိုးတန် ဆေးပုလင်းများထဲတွင် ရှိသည်မဟုတ်ဘဲ၊ မိမိတို့၏ နေ့စဉ်စားသောက်သော အာဟာရပန်းကန်ထဲ၌ပင် အဆင်သင့်ရှိနေပြီး ဖြစ်ပေသည်။

​အမေရိကန်ပြည်ထောင်စု မင်နီယာပိုးလစ်မြို့ရှိ VA ဆေးရုံမှ သုတေသီ ဖရန့်ခ်နူတော (Frank Nuttall) နှင့် မာရီဂဲနွန် (Mary Gannon) တို့၏ စနစ်တကျ စမ်းသပ်တွေ့ရှိချက်များအရ ဆီးချိုဆေးတစ်လုံးမျှ မသောက်ရ၊ ဘေးထွက်ဆိုးကျိုးများသော ထိုးဆေးများလည်း မသုံးရဘဲ စားသောက်သည့် အစားအစာ ၏ အချိုးအစားကို ပြောင်းလဲပေးရုံမျှဖြင့် သွေးတွင်းသကြားဓာတ်ကို ထိရောက်စွာ ထိန်းချုပ်နိုင် ကြောင်း သက်သေပြခဲ့ပြီး ဖြစ်၏။ စားသောက်မှုပုံစံတွင် ငတ်ပြတ်အောင် ခန္ဓာကိုယ်ကို ညှဉ်းပန်း စရာမလိုဘဲ မိမိတို့ ပန်းကန်ထဲ၌ ကစီဓာတ် (Carbohydrate) ကို ၂၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချကာ၊ အသားဓာတ် (Protein) ကို ၃၀ ရာခိုင်နှုန်းနှင့် ကောင်းမွန်သော အဆီဓာတ် (Fat) ကို ၅၀ ရာခိုင်နှုန်းအထိ အချိုးကျ ပြောင်းလဲကျွေးမွေးသည့် (LoBAG- Low Biologically Available Glucose diet) နည်းလမ်း ဖြင့် ၅ ပတ်မျှ စနစ်တကျ စားသောက်စေခဲ့ရာ၊ ရေရှည်သွေးတွင်းသကြားဓာတ် ပြကိန်း (HbA1c) သည် ၉.၈ ရာခိုင်နှုန်းမှ ၇.၆ ရာခိုင်နှုန်းအထိ အံ့ဩဖွယ်ရာ ထိုးကျသွားသည်ကို တွေ့ရှိရပေသည်။

ဆန်းကြယ်လှသော ဆေးဝါးအသစ်များ သို့မဟုတ် အန္တရာယ်ကြီးလှသော ထိုးဆေးများကို အားကိုးမည့် အစား မိမိတို့ ပန်းကန်ထဲမှ ကစီဓာတ်နှင့် သကြားဓာတ်များကို လျှော့ချ၍ အာဟာရဖြစ်စေမည့် အစား အသောက် အစစ်အမှန်များဖြင့် အစားထိုးလိုက်ခြင်း၊ ပရိုတင်းဓာတ် ပြည့်ဝစွာ စားသုံးပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းတို့သည်ပင်လျှင် ရေရှည်ခိုင်မြဲသော အဖြေမှန် ဖြစ်၏။

​သို့ဖြစ်ပါ၍ MyanHealth ပရိသတ်များအနေဖြင့် အန္တရာယ်များလှသော ဓာတုဆေးဝါး ဖြတ်လမ်း များကို ရဲရင့်စွာ စွန့်လွှတ်ကြပါရန် လေးနက်စွာ တိုက်တွန်းလိုပေသည်။ အချိန်တိုအတွင်း လွယ်လွယ် ကူကူ ရလိုသော ထိုးဆေးများ၏ အသက်အန္တရာယ်အထိ စိုးရိမ်ရသည့် ဘေးထွက်ဆိုးကျိုးများကို သတိပြု၍၊ မိမိတို့၏ အစားအသောက်ပုံစံတွင် ကစီဓာတ်ကို လျှော့ချခြင်း၊ အသားနှင့် အဆီဓာတ် အချိုးအစားကို စနစ်တကျ ပြောင်းလဲခြင်းနှင့် နေ့စဉ်စနစ်တကျ နေထိုင်ပြုမူခြင်းဟူသော သဘာဝကျ သော နည်းလမ်းများကိုသာ ဆောင်ရွက်ကြစေလိုကြောင်း သတိပေးရေးသားအပ်ပါသည်။

အယ်ဒီတာ

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement