Skip to content
Ads Advertisement

တစ်ပင်လုံး ဆေးဘက်ဝင် ငှက်ပျော

အမျိုးတို့ရေ…ပင်စည်ဖားဖားနဲ့ သီးရင် အခိုင်လိုက် သီးတတ်တဲ့ ငှက်ပျောပင်ကို များသောအားဖြင့် မြန်မာတွေက စားစရာအဖြစ်သာ အသုံးများကြပါတယ်။ ငါးအသားများများနဲ့ မုန့်ဟင်းခါးထဲ ထည့်တာ၊ ကောက် ညှင်းနဲ့ ရောပြီး ငှက်ပျောသီးပေါင်း လုပ်စားတာ၊ ငှက်ပျောသီးကို မုန့်နှစ်နဲ့ ကြော်စားတာ စသဖြင့်ပေါ့။ တကယ် တော့ ငှက်ပျောဟာ စားစရာအတွက်သာ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း သုံးတတ်ရင် ဆေးတစ်ပါး ဖြစ်တာမို့ ရုက္ခဗေဒအမည် Musa sapientum ၊ ပါဠိလို “ကဒလီ” လို့ ခေါ်တဲ့ ဒီငှက်ပျောအကြောင်းလေး မျှဝေ ပါဦးမယ်။

ငှက်ပျောကို မြန်မာပြည်အနှံ့ ပေါက်နိုင်တဲ့ အပင်မျိုးဖြစ်ပြီး ရွှေငှက်ပျော၊ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ နံသာပု၊ ငှက်ပျောချဉ် စသဖြင့် မျိုးကွဲပေါင်းများစွာ ရှိပါတယ်။ တချို့ဒေသတွေမှာ စိုက်မှ ပေါက်ပေမယ့် တချို့ဒေသတွေမှာတော့ သဘာဝအတိုင်း ပေါက်လေ့​ရှိပါတယ်။ ငှက်ပျောပင်ဟာ တစ်ပင်လုံးလိုလို အသုံးဝင်တဲ့ အပင်ပါ။ အသီး၊ အရွက်၊ အဖူး၊ ပင်စည် မှန်သမျှ သုံးလို့ ရပါတယ်။ ငှက်ပျောသီးမှာ အရသာတန်ဖိုး လေးခု ပါဝင်ပြီး အေးတယ်၊ ချိုတယ်၊ ဖန်တယ်၊ ချွဲပါတယ်။ အာပေါ လို့ ခေါ်တဲ့ ရေဓာတ် အများအပြား ပါဝင်ပြီး တေဇော ဆိုတဲ့ အပူဓာတ်လွနမ်ပြီး သွေးသားခန်းခြောက်သူတွေအတွက် တကယ်ကို သင့်တော်တဲ့ သဘာဝဆေးတစ်မျိုးပါ။ ငှက်ပျောသီးမှည့်ဟာ အေးတဲ့ အရသာ ရှိသလို သုတ်ကို ပွားစေ၏၊ နှလုံးကို ကျေးဇူးပြု၍ နှုတ်ကို မြိန်စေ၏၊ လေနှင့် သည်းခြေကို နိုင်၏ လို့ မြန်မာ့တိုင်းရင်းဆေးဌာနက ထုတ်တဲ့ လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ (အတွဲ​ – ၅) မှာ အတိအလင်းကို ဖော်ပြထားပါတယ်။

မျိုးစုံတဲ့ ငှက်ပျောသီးဟာ မမှည့်ခင်မှာကော၊ မှည့်ပြီးနောက်မှာကော သင့်တော်သလို သုံးရင် အကျိုးများတဲ့ သဘာဝက ပေးတဲ့ ဆေးတစ်မည်ပါ။​ ဒါ့အပြင် ငှက်ပျောရဲ့ ပင်စည်နဲ့ ငှက်ပျောရွက်ကလည်း ထို့နည်းနှင် နှင်ပါ။​ ငှက်ပျောရဲ့ ပင်စည်ကို ဓားနဲ့ ဖြတ်၊ ထိပ်ပိုင်းကို အခေါင်းဖောက်ထားပြီး အချိန် နည်းနည်းစောင့်လိုက်ရင် အခေါင်းထဲမှာ သဘာဝအတိုင်းဖြစ်လာတဲ့ အရည်တွေကို ရမှာပါ။ ဒီအရည်တွေကို ခပ်ယူထားပြီး ဦးခေါင်းမှာ လိမ်းပေးရင် ဦးရေပြား ပူတာ၊ ဆံပင်ကျွတ်တာ၊ ပါးတာ၊ ထိပ်ပြောင်တာတွေကို သက်သာစေနိုင်ပါတယ်။ အပူကန်ပြီး ပါးစပ်မှာ အနာပေါက်ရင်တော့ ဖီးကြမ်းငှက်ပျောသီး အမှည့် ခပ်ပျော့ပျော့ကို ခြေ၊ ဒိန်ချဉ် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာနဲ့ မွှေပြီး စပျစ်သီးခြောက်၊ စမုံစပါး နည်းနည်းနဲ့ ရောပြီး သောက်ပေးရင် ဝမ်းလည်း အေးသလို အပူနာတွေကိုလည်း ပျောက်စေနိုင်ပါတယ်။ အအေးကို ကြောက်တဲ့ ပန်းနာရင်ကျပ်သမား တွေအတွက်တော့ ငှက်ပျောရွက်ကို အခြောက်လှမ်း၊ မီးရှို့ပြာချပြီး ရလာတဲ့ ပြာကို မီးခဲပေါ်တင်ပြီး မှိုင်းရှုပေးရင် ကျပ်တာ၊ မောတာတွေကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး ငှက်ပျောရွက်ပြာ နှစ်ရွေးသားကို ငရုတ်ကောင်း နှစ်စေ့ ထောင်းထည့်ပြီး သံပုရာရည်နည်းနည်းနဲ့ ဖျော်ပြီး လျက်ပေးရင်လည်း ပန်းနာရင်ကြပ်ဖြစ်တာကို အရှင်း မပျောက်တောင် သက်သာသွားစေနိုင်ပါတယ်။ မီးလောင်နာဖြစ်ရင်တော့ ငှက်ပျောသီးမှည့်ကို အုံပေးတာ၊ ငှက် ပျောဖက်ခင်းပြီး အပေါ်မှာ အိပ်ခိုင်းတာမျိုးကလည်း နောက်ထပ် အသုံးဝင်ပုံ နည်းတစ်နည်းပါ။ ဒါဟာ ငှက်ပျောရွက်မှာ ပါတဲ့ Polyphenols ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါတဲ့အတွက် အရေပြားယားတာနဲ့ အနာဖြစ်ရင် မြန်မြန်ကျက်စေဖို့အတွက်လည်း အသုံးပြုလေ့ ရှိပါတယ်။

အမျိုးတို့ရေ…ငှက်ပျောက ပင်စည်နဲ့ အရွက်သာ အသုံးတည့်တာ မဟုတ်ပါဘူး။ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေရင် ဖီးကြမ်းငှက်ပျောသီးမှည့်ကို စပျစ်သီးမှည့်နဲ့ ရောပြီး မွှေ၊ ဖျော်ရည်လို ဖြစ်လာရင် သောက်လိုက်ရုံနဲ့ တခဏချင်းမှာကို အားအင်ပြည့်ဖြိုး လန်းဆန်းလာစေမှာပါ။ ကိုယ်က အသက်ကလေးလည်း ရှည်စေလို၊ ခွန်အားလည်း တိုးစေလိုတယ်ဆိုရင်ဖြင့် ငှက်ပျောသီးမှည့်ကို အခွံခွာ၊ ပျားရည်နဲ့ ကြာကြာစိမ်ပြီး စားပေးရင်ကို သဘာဝကပေးတဲ့ အားတိုး၊​ ကျန်းမာဆေးအဖြစ် သုံးနိုင်မှာပါ။ နာတာရှည်ချောင်းဆိုး ဖြစ်ရင်တော့ ဖီးကြမ်းငှက်ပျောကို ငရုတ်ကောင်းမှုန့်နဲ့ တို့စားရင် သလိပ်တွေ ထွက်လာစေသလို ချောင်းခြောက်ဆိုးတာ ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ငှက်ပျောတစ်ပင် ဆေးဘက်ဝင် ဆိုသလို ငှက်ပျောဖူးဟာလည်း သဘာဝ အဆိပ်ဖြေဆေးတစ်မျိုးပါ။ အစာအိမ် အဆိပ်သင့်တာအပြင် အဆိပ်အမျိုးမျိုးအတွက်ဆိုရင် ထွက်ခါစ ငှက် ပျောဖူးနုနုကို ကြိတ်ပြီး ပျားရည်နဲ့ ရောပြီး မှီဝဲပေးရင် အဆိပ်ကို ပြေစေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ စီးရီးမှာ ပါရှိပါတယ်။

ငှက်ပျောသီးဟာ ဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေသလို ဖီးကြမ်းငှက်ပျောသီး ပျော့ပျော့တစ်လုံးကို စားပေးရင်လည်း ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဖီးကြမ်းသီး အစိမ်းရင့်ရင်ကိုတော့ ပါးပါးလှီး အခြောက်လှမ်းပြီး အမှုန့်အဖြစ် ပြောင်း၊ ပြီးရင် တစ်နေ့ကို တစ်ကြိမ်သောက ထမင်းစားတစ်ဇွန်းနှုန်းနဲ့ နွားနို့ကို တွဲဖက်သောက်ပေးရင် အစာအိမ်နာနဲ့ လေနာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဝမ်းသွားနေရင်တော့ ငှက် ပျောသီးစိမ်းကို ပြာပူနဲ့ အုံ၊ အရည်ညှစ်ပြီး ပျားရည်နဲ့ ဖျော်ပြီး လျက်ပေးလိုက်ရုံနဲ့ သက်သာစေသလို တစ်နှစ် မကျော်သေးတဲ့ ခရုသင်းလို ရောဂါအတွက် ငှက်ပျောပင်ကို ပြာချ၊ ကြိတ်မှန်ရွက်နဲ့ ရောလိမ်းပေးရင် ပြန်ပြီး သက်သာသွားစေနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ ငှက်ပျောဟာ ဝမ်းချုပ်တာကို ကာကွယ်ပေးပြီး အစာခြေ စနစ်ကို ပုံမှန်အတိုင်း အလုပ်လုပ်အောင် ကူညီပေးတဲ့အပြင် Prebiotic ဓာတ်ပါလို့ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်များပြီး ကယ်လိုရီနည်းတဲ့ ငှက်ပျောပင်စည်ဖျော်ရည်ဟာ ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက် သဘာဝက ပေးတဲ့ အကောင်းဆုံးဖျော်ရည်တစ်မျိုး ပါပဲ။

ကိုယ်တွင်းအဆီ (Cholesterol) များသူတွေအတွက် ရခိုင်ငှက်ပျောဟာ သဘာဝက ပေးတဲ့ ဆေးပါ။ ရခိုင်ငှက်ပျောရဲ့ အမြစ်၊ ပင်စည်၊ အပွင့်၊ အရွက်နဲ့ အသီးအားလုံးကို ကိုယ်တွင်းအဆီကျစေတဲ့ Hypolipidaemic Activity တွေ ပါတာကြောင့် ဒီက ထွက်တဲ့ သတ္တုရည်ကို တစ်ခါသောက် ဟင်းစားဇွန်း တစ်ဇွန်းနှုန်းနဲ့ တစ်နေ့ နှစ်ကြိမ် နေ့စဉ်မှန်မှန်သောက်ပေးရင် သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေပါတယ်။ အမျိုးတို့ရေ​… ငှက်ပျောဟာ ရိုးရာဆေးပညာဘက်က ကြည့်ရင် သဘာဝဆေးတစ်မျိုးဖြစ်သလို ခေတ်မီဆေးပညာရှု ထောင့်က ကြည့်ရင်လည်း တကယ့်ကို အသုံးတည့်တဲ့ အသီးပင်တစ်ခုပါ။​ ငှက်ပျောမှာ ပိုတက်စီယမ် မြင့်မြင့့်မား မားပါလို့ သွေးတိုးကို ထိန်းညှိပေးသလို နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးတယ်လို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝလို့ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်သူတွေ၊ အားကစားသမားတွေအတွက် သဘာဝစွမ်းအင် ဖြည့်တင်းပေးတဲ့ အစားအစာဖြစ်သလို Tryptophan ပါလို့ ကိုယ်တွင်းက Serotonin ထုတ်တာကို အထောက်အကူပြုပေးပြီး စိတ်ခံစားချက်ကို ကောင်းစေပြန်ပါတယ်။

International Journal of Green Pharmacy အဆိုအရ ငှက်ပျောပင်စည်နဲ့ လုပ်ထားတဲ့ ဖျော်ရည်ဟာ ဆီးကို ရွှင်စေသလို ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ ကျောက်ကပ် ကျောက်တည်တာကိုတောင် ကာကွယ်ပေးနိုင်ပါတယ်တဲ့။ Journal of Medical Food မှာ ငှက်ပျောဖူး ဒါမှမဟုတ် အပွင့်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ အာနိသင်ရှိတာကို လေ့လာဆန်းစစ်မှုတချို့အရ တွေ့ရှိထားတယ်လို့ ရေးသားထားပါတယ်။ ဒီအဖူး၊ အပွင့်မှာ သံဓာတ်ပါဝင်လို့ သွေးအားနည်းရောဂါရှိသူတွေအတွက် အသုံးဝင်တဲ့ သဘာဝဆေးတစ်မျိုး ဖြစ် နေပြန်ပါတယ်။

ဒါပေမဲ့လည်း ငှက်ပျောပင်ဟာ တစ်ပင်လုံး ဆေးဘက်ဝင်ပေမယ့်လည်း အစာမကြေတတ်သူတွေ၊ ချွဲသလိပ်ထသူတွေ၊​ သွက္ချာပါဒရောဂါ ခံစားရသူတွေ၊ အကြောသေ၊ ချောင်းဆိုးရင်ကြပ်ရှိသူတွေနဲ့ ဝမ်းလျှော ဝမ်းပျက် မကြာခဏ ဖြစ်တတ်သူတွေအတွက်ကတော့ မစားသင့်ဘူးလို့ ရိုးရာဆေးပညာကျမ်းတွေမှာ ရေးသားထားပါတယ်။ အာဟာရဓာတ် ကြွယ်ပြီး ဆေးဘက်ဝင် အာနိသင်များစွာ ပါတဲ့ ငှက်ပျောဟာ အရင့်အရင်က သဘာဝအတိုင်း ပေါက်တာမျိုးကနေ အခုဆိုရင် မြန်မြန်ကြီး၊ မြန်မြန်ကြီးချင်ကြတဲ့ သူတွေကြောင့် လူလုပ်ဓာတ် မြေသြဇာတွေကြောင့် ပါဝင်တဲ့ အဟာရဓာတ်နဲ့ ဆေးဘက်ဝင်ဓာတ်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိတာမို့ ဆေးဘက်ဝင်ပစ္စည်းအဖြစ် အသုံးပြုမယ်ဆိုရင်ဖြင့် ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ အာဟာရဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ စိတ်ချလက်ချ စားသုံးသင့်ပါကြောင်း မယ်ကြော့ အကြံပြုလိုက်ပါတယ်နော်။

#အာဟာရဓာတ်

#ငှက်ပျော

#အမျှင်ဓာတ်

#ကာဘိုဟိုက်ဒရိတ်

ကိုးကား – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO), လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ (အတွဲ-၅) (တိုင်းရင်းဆေးဌာန), International Journal of Green Pharmacy, Journal of Medical Food

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement