မြန်မာနိုင်ငံတွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်း(၅)မျိုးသည် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ပစ္စည်းများပါဝင်နေကြောင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ထုတ်ပြန်သည်။
အဆိုပါအလှကုန်ပစ္စည်းများတွင် ထည့်သွင်းရန်မသင့်သည့် တားမြစ်ဓါတုပစ္စည်းများကြောင့် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြား ရောဂါများ ဖြစ်ပွားနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်ကဖော်ပြသည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်များနှင့် online ရောင်းချသည့်လုပ်ငန်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားပါသည်။အဆိုပါအလှကုန်ပစ္စည်းများတွင်Steorid ၊Mercury၊Rhodamine B+၊Barium Peroxide အစရှိသည့်ဓါတုပစ္စည်းများ ပါဝင်ကြောင်းစစ်ဆေးတွေ့ရှိရသည်ဟု FDA ထုတ်ပြန်ချက်အရသိရပါသည်။
အဆိုပါဓာတုပစ္စည်းများ၏ ကျန်းမာရေးဆိုးကျိုးများမှာစတီးရွိုက် (Steroid) သည် အရေပြား ရောင်ရမ်းမှုကို မြန်ဆန်စွာ လျှော့ချပေးပြီး ခဏတာအတွင်း အသားအရေ ကြည်လင်ဖြူဝင်းသွားစေရန် ထည့်သွင်းလေ့ရှိသည့်ပြီးယင်းအလှကုန်များကို သုံးစွဲပါက အရေပြား ပါးလွှာလာခြင်း၊ သွေးကြောမျှင်များ ရောင်ရမ်းလာခြင်း၊ ဝက်ခြံပြင်းထန်စွာ ထွက်ခြင်းနှင့် သုံးစွဲမှု ရပ်တန့်လိုက်ပါက အရေပြား နီရဲယားယံ၍ လောင်ကျွမ်းသကဲ့သို့ ခံစားရခြင်းတို့ ဖြစ်ပွားနိုင်သည်။ ထို့ပြင် အရေပြားမှတစ်ဆင့် ရေရှည်စိမ့်ဝင်ပါက ခန္ဓာကိုယ်၏ ဟော်မုန်းစနစ် ကမောက်ကမဖြစ်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းနှင့် သွေးတိုး၊ ဆီးချိုရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်ခြင်းတို့ဖြစ်သည်။
ပြဒါး (Mercury) ကို အသားအရေကို ညိုမည်းစေသည့် မယ်လနင် (Melanin) ထုတ်လုပ်မှုကို တားဆီးပေးနိုင်သဖြင့် အသားဖြူခရင်မ်များတွင် တရားမဝင် ထည့်သွင်းလေ့ရှိကြသည်။ ပြဒါးသည် အရေပြားမှတစ်ဆင့် သွေးကြောအတွင်း စိမ့်ဝင်ပြီး ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေကာ ခြေလက်ထုံကျင်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အိပ်မပျော်ခြင်းနှင့် စိတ်ကျရောဂါများကို ဖြစ်ပေါ်စေသည်။ ရေရှည်သုံးစွဲပါက ကျောက်ကပ်ဆဲလ်များကို ပျက်စီးစေပြီး ကျောက်ကပ်ပျက်စီးခြင်းအထိ ဖြစ်ပွားနိုင်သည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များ သုံးစွဲပါက သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။
ရိုဒါမင်း ဘီ (Rhodamine B+) သည် တောက်ပသည့် အနီရောင်နှင့် ပန်းရောင် ရရှိစေရန်အတွက် နှုတ်ခမ်းနီ သို့မဟုတ် ပါးနီကဲ့သို့ အလှကုန်များတွင် ထည့်သွင်းလေ့ရှိသော စက်မှုဇုန်သုံး ဆိုးဆေး (Industrial Dye) ဖြစ်သည်။ အဆိုပါ ဓာတုဆိုးဆေးသည် တိုက်ရိုက် ထိတွေ့မိပါက အရေပြားနှင့် မျက်လုံးများကို ပြင်းထန်စွာ ယားယံစပ်လောင်စေခြင်း၊ အစက်အပြောက်များနှင့် အဖြူအနီကွက်များ ဖြစ်ပေါ်စေခြင်းတို့ကို ဖြစ်စေသည်။ ထို့ပြင် အသည်းကို အဆိပ်အတောက်ဖြစ်စေရုံမျှမက ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သည့် ကာစီနိုဂျင် (Carcinogen) စာရင်းဝင် ဖြစ်သဖြင့် အလှကုန်နှင့် အစားအသောက်များတွင် သုံးစွဲခြင်းကို ကမ္ဘာတစ်ဝှမ်း လုံးဝတားမြစ်ထားသည်။
ဘေရီယမ်ပါရောဆိုက် (Barium Peroxide) သည် အရောင်ချွတ်ဆေးအဖြစ် စက်မှုလုပ်ငန်းများတွင် သုံးစွဲသည့် ဓာတုပစ္စည်းဖြစ်ပြီး ဆံပင်ဆိုးဆေးနှင့် အသားဖြူဆေးအချို့တွင် တရားမဝင် ထည့်သွင်းလေ့ရှိသည်။ အရေပြားကို ပြင်းထန်စွာ လောင်ကျွမ်းစေခြင်း၊ အရေခွံကွာခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ချက်ချင်း ဖြစ်ပေါ်စေနိုင်သည်။ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိပါက သို့မဟုတ် ရှူရှိုက်မိပါက ကြွက်သားများ အားနည်းခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ခံစားရစေနိုင်သည်။
FDA ထုတ်ပြန်ချက်တွင်ပါဝင်သော အလှကုန်ပစ္စည်းများ၏ အမည်၊ထုတ်လုပ်သည့်နိုင်ငံ၊ပါဝင်သည့်တားမြစ်ဓာတုပစ္စည်းများကို ပုံတွင်ကြည့်ရှုနိုင်ပါသည်။