ရန်ကုန်မြို့မှာ ဝမ်းပျက်/ဝမ်းလျှောလူနာ ၁၈၂ ဦးအထိ ရှိနေပြီဖြစ်ပြီး ပြင်းထန်ရောဂါပိုးတွေ့သူ ၅၄ ဦးအထိ ပါဝင်ကာ သက်ကြီးလူနာတစ်ဦး သေဆုံးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆေးရုံတက်ရောက်ကုသမှု အခြေအနေ
ဝမ်းပျက်/ဝမ်းလျှောရောဂါ လူနာတွေကို သြဂုတ် ၉ ရက်မှာ စတင်တွေ့ရှိပြီးတဲ့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှုများ ဆက်တိုက် တိုးလာနေတာ ဖြစ်ပါတယ်။
- သြဂုတ် ၉ ရက်မှ ၁၀ ရက်အထိ — လူနာ ၂၈ ဦး
- သြဂုတ် ၁၁ ရက် — လူနာ ၇၀ ဦး
- သြဂုတ် ၁၂ ရက် — လူနာ ၈၄ ဦး
“ဖြစ်တဲ့သူတွေ အများစုက မြို့ထဲပိုင်း မြို့နယ်တွေက ဖြစ်တာများတယ်။ အဓိက လမ်းဘေးအစားအစာနဲ့ ရေကြောင့် ဖြစ်တာလို့ ထင်တယ်။ ပို့ရတဲ့ လူနာကတော့ များတယ်” ဟု ရန်ကုန်က လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သြဂုတ် ၁၃ ရက် စာရင်းတွေအရ ရောဂါဖြစ်ပွားသူတွေအနက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါပိုး တွေ့ထားသူ ၅၄ ဦးအထိ ပါရှိကာ ၎င်းတို့အား သီးသန့်ခွဲခြားကာ ကုသမှုများ ပေးနေရပါတယ်။
ထို့ပြင် ပြင်ပက အစားအသောက် လာရောက်လှူဒါန်းမှုတွေကိုလည်း ခေတ္တလက်မခံဘဲ ဆိုင်းငံ့ထားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။
“ပြင်ပက လာလှူတဲ့ ထမင်းတို့၊ ဟင်းတို့ကို လက်မခံသေးဘူး။ တစ်ပတ် ပိတ်ထားတယ်။ လှူဖို့ စီစဉ်ထားတဲ့သူတွေ နောက်ဆုတ်လိုက်ရတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက MyanHealth ကို ပြောပါတယ်။
ရောဂါဖြစ်ပွားမှုများပြားသည့် မြို့နယ်များနှင့် အရေးယူဆောင်ရွက်ချက်များ
လက်ရှိ ဖြစ်ပွားနေတဲ့ ဝမ်းပျက်/ဝမ်းလျှောရောဂါဟာ ရန်ကုန်တိုင်း လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းမြို့နယ်တွေမှာ အဓိကဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဖြစ်ပွားသူ များလာပြီးတဲ့နောက် ယင်းမြို့နယ်တွေနဲ့ ကျောက်တံတားမြို့နယ်အတွင်းက လမ်းဘေးရောင်းချတဲ့ အစားအသောက်ဆိုင်တွေကိုလည်း အနည်းဆုံး ငါးရက်အထိ ပိတ်ထားရမယ်လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ညွှန်ကြားထားပါတယ်။
သြဂုတ် ၁၂ ရက် ညပိုင်းကလည်း ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အောက်ပါအတိုင်း ကြေညာထားပါတယ်။
“လတ်တလောတွင် ဝမ်းပျက်ဝမ်းလျှောမှု ဖြစ်နိုင်သောကြောင့် မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချမှုများအား ၁၃ ရက်နေ့မှစ၍ နောက်သုံးရက်မှ ငါးရက်အတွင်း စျေးရောင်းချခြင်းမပြုပါရန် အသိပေး တားမြစ်အပ်ပါသည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး စျေးပြန်လည်ရောင်းချခြင်းအား ပြန်လည်အသိပေးမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။”
လသာမြို့နယ်ထဲမှာလည်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားနေတဲ့အတွက် ဌာနဆိုင်ရာ၊ စည်ပင်၊ ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ရောဂါဖြစ်စေမယ့် လက်လုပ်ချဉ်၊ အသုပ်၊ တုတ်ထိုး စတဲ့ ဆိုင်တွေကို နှစ်ရက်၊ သုံးရက်ခန့် ပိတ်ထားကြဖို့ လုပ်ဆောင်ထားတယ်လို့ လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။
ကြိုတင်ပြင်ဆင်မှုများနှင့် နောက်ခံအခြေအနေ
လက်ရှိမှာ ပြင်းထန်ဝမ်းရောဂါပိုးတွေ့လူနာ များပြားလာရင် ရန်ကုန်ဆေးရုံကြီး အဆောင်သစ်တစ်ခုမှာ ထပ်တိုးလူနာတွေအတွက် ခုတင်တပ်ဆင်တာ၊ ပိုးသတ်ဆေးဖြန်းတာတွေကို ကြိုတင်ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ရန်ကုန်မြို့မှာ ၂၀၂၄ ခုနှစ် မိုးရာသီကာလတုန်းက သာကေတ၊ လှိုင်သာယာ၊ ဒေါပုံ၊ ဗိုလ်တထောင်၊ သင်္ဃန်းကျွန်း စတဲ့ မြို့နယ်တွေမှာ ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ဖူးပြီး လူသေဆုံးမှုတွေလည်း ရှိထားခဲ့ဖူးပါတယ်။