Skip to content
Ads Advertisement

သတိထားကာကွယ်ပါ ဝမ်းပျက်ဝမ်းလျှောရောဂါ

အခုတလော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု များပြားလာတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆက်စပ်ပြီး သတိပြုသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အများပြည်သူ သိရှိနိုင်စေရန်အတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ ၂၄ နာရီအတွင်း အရည်ဝမ်း (သို့မဟုတ်) ဝမ်းပျော့ပျော့ ၃ ကြိမ်နဲ့အထက် သွားခြင်းကို ဆိုလိုပါတယ်။

ဝမ်းလျှောဝမ်းပျက်ခြင်းက မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကတစ်ဆင့် ရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်နိုင်သလို ကာလဝမ်းရောဂါအပါအဝင် အခြားကူးစက်ရောဂါပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အဓိကအန္တရာယ်က ရေဓာတ်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အာဟာရချို့တဲ့သူတွေနဲ့ နာတာရှည်ရောဂါရှိသူတွေမှာ ပိုမိုပြင်းထန်နိုင်ပါတယ်။

ရေငတ်လာခြင်း၊ ပါးစပ်နဲ့ လျှာခြောက်ခြင်း၊ ဆီးနည်းခြင်း သို့မဟုတ် ဆီးအရောင်ရင့်လာခြင်း၊ မူးဝေခြင်းနဲ့ အားနည်းခြင်းတွေဟာ ရေဓာတ်ခမ်းခြောက်မှုရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။ ကလေးတွေမှာ မျက်တွင်းချိုင့်ဝင်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနဲ့ အရေပြားကို ဆွဲပြီးလွှတ်တဲ့အခါ မူလအနေအထားကို ပြန်ရောက်ဖို့ ကြာခြင်းတို့လည်း တွေ့နိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော စပြီဆိုတာနဲ့ ဓာတ်ဆားရည် (ORS) ကို စောစောသောက်ပေးဖို့ အရေးကြီးပါတယ်။ ORS ဟာ ဝမ်းလျှောခြင်းကို ချက်ချင်းရပ်တန့်စေတာမဟုတ်ပေမယ့် ဝမ်းသွားခြင်းနဲ့ အန်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပြီး ရေဓာတ်ပြင်းထန်စွာ ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပါတယ်။ ဝမ်းလျှောစေတဲ့ အကြောင်းရင်းတွေဟာ မတူညီနိုင်တာကြောင့် ပိုးသတ်ဆေး (Antibiotics) တွေကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိဘာသာ ဝယ်ယူသောက်သုံးခြင်း မပြုသင့်ပါဘူး။

ORS ဖျော်တဲ့အခါ အထုပ်ပေါ်မှာ ဖော်ပြထားတဲ့ ရေပမာဏအတိုင်း အတိအကျ ဖျော်ရပါမယ်။ ကျိုချက်ပြီး အအေးခံထားတဲ့ရေ၊ စနစ်တကျ သန့်စင်ထားတဲ့ရေ သို့မဟုတ် ယုံကြည်စိတ်ချရတဲ့ ရေသန့်ကိုသာ အသုံးပြုသင့်ပါတယ်။ ORS ကို နို့၊ သစ်သီးဖျော်ရည်၊ အချိုရည်တို့နဲ့ မရောနှောသင့်ဘဲ ဖျော်ပြီး ၂၄ နာရီကျော်သွားတဲ့အခါ ကျန်ရှိတဲ့ရည်ကို သွန်ပစ်ရပါမယ်။

ကလေးတွေကို ORS တိုက်တဲ့အခါ တစ်ခါတည်းအများကြီး မတိုက်ဘဲ နည်းနည်းနဲ့ မကြာခဏ တိုက်ပေးသင့်ပါတယ်။ အန်နေမယ်ဆို ၁၀ မိနစ်ခန့် စောင့်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်တိုက်နိုင်ပါတယ်။ ဝမ်းလျှောနေစဉ်အတွင်းမှာ မိခင်နို့နဲ့ ပုံမှန်စားနေကျ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဆက်လက်ကျွေးသင့်ပြီး အစာဖြတ်ထားခြင်း မပြုလုပ်သင့်ပါဘူး။ ဒါ့အပြင် ကလေးတွေ ဝမ်းလျှောတဲ့အခါ Zinc တိုက်ပေးခြင်းဟာ ဝမ်းလျှောမှုကြာချိန်နဲ့ ပြင်းထန်မှုကို လျော့နည်းစေနိုင်ပါတယ်။ အသက် ၆ လအောက် ကလေးတွေကို တစ်နေ့ ၁၀ မီလီဂရမ်၊ အသက် ၆ လနဲ့အထက် ကလေးတွေကို တစ်နေ့ ၂၀ မီလီဂရမ်ဖြင့် ၁၀ ရက်မှ ၁၄ ရက်အထိ တိုက်ပေးနိုင်ပါတယ်။

ဒါပေမဲ့ အချိန်တိုအတွင်း အရည်ဝမ်းအများကြီးသွားခြင်း၊ “ဆန်ဆေးရေ” လို ဝမ်းသွားခြင်း၊ သွားတဲ့ဝမ်းက ငါးညှီနံ့နံခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ အဆက်မပြတ်အန်ပြီး ရေမသောက်နိုင်ခြင်း၊ ဆီးအလွန်နည်းခြင်း သို့မဟုတ် ဆီးမသွားတော့ခြင်း၊ မျက်တွင်းအလွန်ချိုင့်ဝင်ခြင်း၊ ခြေလက်အေးစက်ခြင်း၊ အဖျားကြီးခြင်း၊ ဗိုက်အလွန်နာခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနကို အမြန်ဆုံး သွားရောက်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ဖို့အတွက် “သန့်လေးသန့်” (ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ အစားအစာသန့်ရှင်းခြင်းနဲ့ အိမ်သာသန့်ရှင်းခြင်း) ကို အဓိကလိုက်နာသင့်ပါတယ်။ သန့်ရှင်းစိတ်ချရတဲ့ သောက်သုံးရေကိုသာ အသုံးပြုပါ။ အစာမစားမီ၊ အစားအစာပြင်ဆင်မီ၊ ကလေးကို အစာမကျွေးမီ၊ အိမ်သာတက်ပြီးချိန်နဲ့ ဝမ်းလျှောလူနာကို ပြုစုပြီးချိန်တွေမှာ ဆပ်ပြာနဲ့ လက်ကို စနစ်တကျ ဆေးကြောပါ။ အစားအစာတွေကို ကျက်အောင်ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးသင့်ပါတယ်။ အသားစိမ်း၊ ငါးစိမ်းနဲ့ ချက်ပြီးသားအစားအစာတွေကို သီးခြားထားပြီး အစားအစာတွေကို ယင်မနားအောင် ဖုံးအုပ်ထားပါ။ ဝမ်းလျှောနေသူတွေအနေနဲ့ အခြားသူတွေအတွက် အစားအစာ ပြင်ဆင်ပေးခြင်းကိုလည်း ရှောင်သင့်ပါတယ်။

ဒီအခြေခံအချက်တွေကို သေချာလိုက်နာနိုင်မယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရေဓာတ်ခမ်းခြောက်မှုနဲ့ ရောဂါပြန့်ပွားမှုကို ထိထိရောက်ရောက် လျှော့ချကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

References

  1. MOST Project. Diarrhoea Treatment Guidelines: Including New Recommendations for the Use of ORS and Zinc Supplementation for Clinic-Based Healthcare Workers. USAID; 2005.
  2. World Health Organization. Diarrhoeal Disease. WHO; 2024.
  3. World Health Organization. Zinc Supplementation in the Management of Diarrhoea. WHO; 2023.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement