Skip to content
Ads Advertisement

သွားနုတ်ထားသူတိုင်း လိုက်နာရန်အချက်များ

ဟိုးအရင်ခေတ်ကာလတွေတုန်းက သွားဆေးခန်း၊ သွားဆရာဝန်ဆီကို သွားနာပြီ၊ သွားကိုက်ပြီ ဆိုမှ သာပဲ သွားနုတ်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာကြတာ ရာခိုင်နှုန်း အတော်များ ပါတယ်။ သွားဆရာဝန်ဆိုတာ သွားနုတ်ပေးတဲ့သူလောက်ပဲ သဘောထားခဲ့ကြဟန် တူပါတယ်။ ဒီဖက်ခေတ် မှာတောင် တော်တော်များများ ဒီသဘောလေးတွေကျန်နေသေးတာ စိတ်မကောင်းစွာ တွေ့ကြုံ နေရတုန်းပါပဲဗျာ။ ဒါပေမယ့် သွားမနုတ်ပဲ ပြန်ကောင်းအောင် ကုချင်လို့ပါဆိုတဲ့သူတွေ ရှိလာတာ လည်း အားတက် စရာပါ။ သွားဆေးခန်းတွေမှာ သွားနုတ်ရတဲ့ ကုသမှုထက် ရှိပြီးသား သွားကို မနုတ် ရဘဲ ဘယ်လို ကယ်ဆယ်ကုသကြမလဲဆိုတဲ့နည်းလမ်းကို ပိုရွေးလာကြပါတယ်။

အဲ့လိုပြောလို့ ဘယ်လိုနေနေ သွားနုတ်စရာမလိုတော့ဘူးလားလို့လည်း မေးချင်စရာက ရှိလာမှာပါ။ ဘယ်လောက်ပဲ မနုတ်ဘဲ ပြန်ကောင်းအောင် ကုလို့ရတဲ့ အဆင့်မြင့် ကုသမှုတွေ ရှိတယ်ဆိုပါစေဦး ဘယ်လိုမှ မလွှဲသာ မရှောင်သာနုတ်ကို နုတ်ရမယ့်သွားတွေကလည်း ရှိနေဆဲ၊ ရှိနေဦးမှာပါပဲ။ လူကြီး သွားပေါက်လာချိန် ကလေးသွားလေးတွေနုတ်ရတာ၊ ကုသလို့မရတော့တဲ့ သွားဖုံးရောဂါကြောင့် ယိုင်နဲ့နေတဲ့ သွားကိုနုတ်ရတာ၊ သွားညှိကုသမှုအတွက် လိုအပ်လို့ သွားနုတ်တာ၊ ပုံမှန်သွား အရေအ တွက်ထက် အပိုပါနေတဲ့ သွားတွေနုတ်ရတာ၊ အံဆုံးတွေနုတ်မှ အဆင်ပြေမယ့် အခြေအနေအတွက် အံဆုံးနုတ်ရတာ စတဲ့အကြောင်းအရာတွေကြောင့် သွားနုတ်ပစ်ရတာတွေ ရှိနေပါသေးတယ်။

အကြောင်းအမျိုးမျိုးနဲ့ သွားဆေးခန်းမှာ သွားနုတ်ရတဲ့အခါ သွားနုတ်ပြီးသူတိုင်း လိုက်နာရမဲ့ အချက် လေးတွေကို စာရွက်၊ လက်ကမ်းစာစောင်လို ရိုက်နှိပ်ထားပြီး လူနာကိုပေးတာမျိုးရှိသလို ဆရာဝန်က လိုက်နာရမဲ့အချက်တွေကို နားလည်အောင်နှုတ်နဲ့ရှင်းပြ မှာကြားလိုက်တာမျိုးလည်းရှိပါ တယ်။ အများစု လူတွေက သွားမနုတ်ခင် စိုးရိမ်စိတ်၊ ကြောက်စိတ်ရှိတတ်ကြပေမဲ့ သွားနုတ်ပြီး ဆေးခန်း ထဲက ထွက်သွားလိုက်တာနဲ့ ဆရာဝန်မှာကြားတာတွေ ကြားသလို/ မကြားသလို၊ လိုက်နာရမယ့် အချက်တွေပါတဲ့ စာရွက်ပေးရင်လည်း တခါတည်းလုံးကိုင်ပြီး မဖတ်ကြတာတွေ့ရပါတယ်။ မပေါ့ဆ သင့်ပါဘူးဗျာ။

သွားနုတ်ပြီးသွားပြီဆိုရင် နုတ်ထားတဲ့နေရာကို ပိုးသတ်ထားတဲ့ ဂွမ်းနဲ့ဖိကိုက်ခိုင်းပါတယ်။ မိနစ် (၃၀)လောက်အထိ ဖိကိုက်ထားဖို့လိုပါတယ်။ ထွက်လာတဲ့သွေး/တံတွေးကိုမြိုချရမှာဖြစ်ပြီး ထွေးထုတ် လို့ မရပါဘူး။ ထွေးထုတ်လိုက်တဲ့အခါ နုတ်ထားတဲ့နေရာမှာ ဖိအားသက်ရောက်ပြီး သွေးတိတ်ဖို့ အတွက် သွေးခဲမှုဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။ တချို့က ဆရာဝန်က ဖိကိုက်ခိုင်းတဲ့ အတိုင်းမဟုတ် ဘဲ ဂွမ်းကိုနေရာရွှေ့ပြီး ပြောင်းကိုက်တာ၊ ဂွမ်းကိုဝါးနေတာမျိုးတွေလုပ်ရင်တော့ သွေးတိတ်မှာ မဟုတ် ပါဘူး။ စိုးရိမ်စိတ်နဲ့ ဂွမ်းခဏခဏလဲတာ၊ ရေခဲငုံတာ၊ ကြပ်ထုပ်ထိုးတာ မျိုးတွေလည်း မလုပ်ရ ပါဘူး။ “ဂွမ်းဖိကိုက် ထားရင် သွေးတိတ်တယ်ဟေ့”ဆိုပြီး အားများများနဲ့ ဖိကိုက်ထားပြန်ရင်လည်း အားများပြီးပါးစပ်ဟ လိုက်တာနဲ့ သွေးပြန်ထွက်လာတတ်သလို မျက်နှာကြွက်သားတွေပါနာပြီး ပြန်လာပြကြတာမျိုးလည်း ကြုံရပြန်ပါတယ်။ “သွေးမတိတ်မှာကြောက်တယ်။ ဂွမ်းကို ကြာကြာ ကိုက်ထားလိုက်မယ်” ဆိုပြန်ရင် လည်း ဂွမ်းကို (၄၅)မိနစ်ထက်တော့ ပိုကြာကြာမကိုက်ထားရဘူးဗျ။ ကြာကြာကိုက်ထားတဲ့ဂွမ်းကတဆင့် ရောဂါပိုး ပြန်ဝင်နိုင်ပါတယ်။ ဂွမ်းကို ပုံမှန်သွားစိပြီး ဖိကိုက် ထားတဲ့အနေအထားလောက်နဲ့ မိနစ်(၃၀) ကြာကိုက်ထားပြီးရင် လက်ကို စင်ကြယ်အောင် ဆေး ကြောပြီး ဂွမ်းကိုထုတ်ယူစွန့်ပစ်ရပါမယ်။ ထွေး မထုတ်ရပါဘူး။ သွေးထွက်နေသေးတယ်ထင်ရင် ပိုးသတ်ထားတဲ့ ဂွမ်းကို နောက်ထပ်(၁၅)မိနစ် ထပ်ကိုက် ထားနိုင်ပါတယ်။ သွေးထွက်သေးလားဆိုပြီးတော့ လုံးဝထွေးမကြည့်ရပါဘူး။ သွေး/ တံတွေးမြိုချရမယ် ပြောတဲ့ နေရာမှာလည်း အလိုအလျောက်ထွက်လာတဲ့ သွေး/တံတွေးကို ဆိုလိုတာဖြစ်ပါတယ်။ သေချာ အားနဲ့ စုပ်ပြီး မြိုချနေတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ထပ်(၁၅)မိနစ်ပြည့်လို့ ဂွမ်းထုတ်ပြီးတဲ့အခါမှာ လည်း သွေးထွက်နေသေးတယ်ဆိုရင်တော့ ကိုယ်ပြထားတဲ့ သွားဆေးခန်းကို ပြန်သွားပြရမှာဖြစ်ပါ တယ်။ Social Media တွေပေါ် Post တင်ပြီး “ချစ်တို့ရေ” လို့မေးတာထက်စာရင် သွားဆေးခန်းပြန်သွား ပြတာက ပိုပြီးဘေးကင်းထိရောက်ပါတယ်။ မိမိသဘောနဲ့လည်း ဆေးလိမ်း၊ ဆေးသောက်၊ ဆေးမြီး တို လျှောက်ထည့်တာမျိုး မလုပ်ရပါဘူးဗျ။

နောက်ထပ်သတိထားရမှာကတော့ ဂွမ်းကိုဖယ်ထုတ်ပြီးရင် သွားနုတ်ထားတဲ့နေရာကို လျှာနဲ့ထိုး ကြည့်တာ၊ လက်နဲ့နှိုက်တာ၊ အနာနေရာကို ဖိအားပေးပြီး စုပ်ကြည့်တာတွေ မလုပ်ရပါဘူး။ ထုံဆေး ထုံနေသေးတဲ့အချိန်မှာ ဒီလိုအပြုအမူတွေကို လုပ်တတ်ကြပါတယ်။ သွေးမတိတ်တာ၊ အနာမကျက် တာ နဲ့ နောက်ဆက်တွဲရောဂါပိုးဝင်လာနိုင်ပါတယ်။ သွားနုတ်ပြီး ကိုက်ထားတဲ့ဂွမ်း ထုတ်ပြီးတာနဲ့ အစာစားလို့ရပါပြီ။ ဒါကိုလည်း သေချာပြောပြလိုက်ပေမဲ့ မနက်ပိုင်းကတည်းက သွားနုတ် ကုသမှု ခံယူထား တဲ့တချို့လူနာတွေက ညရောက်မှ ဆေးခန်းကို ဖုန်းဆက်လာပြီး အစာစားလို့ ရပြီလား မေးကြတာမျိုး ကြုံရတတ်ပြန်ပါတယ်။ အရမ်းပူတဲ့၊ စပ်တဲ့ အစားအစာများ စားခြင်း၊ ဆေးလိပ် သောက်ခြင်း၊ အရက် သောက်ခြင်း၊ ကွမ်းစားခြင်းတွေကို မလုပ်ရပါဘူး။ တခြားအထူးတလည်ရှောင်ရမဲ့ အစားအစာမရှိပါ ဘူး။ အရည်သောက်မယ်ဆိုရင်တော့ ခွက်နဲ့ မော့ သောက်တာ၊ ဇွန်းနဲ့ သောက်တာလုပ်လို့ရပါတယ်။ ပိုက်နဲ့စုပ်သောက်တာကိုတော့ မလုပ်ရပါဘူး။ အဲ့လိုစုပ်သောက်လိုက်တဲ့အခါ စုပ်အားနဲ့ ခဲပြီးသားသွေးခဲ လေးပြုတ်ထွက်သွားနိုင်လို့ပါ။

သွားနုတ် ထားပြီး (၂၄)နာရီအတွင်း လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်တာကို ရှောင်ပေးရပါမယ်။

သွားနုတ်ပြီးလို့ ရောင်ရမ်းတာမျိုးဖြစ်လာရင် ကိုယ့်သဘောနဲ့ကိုယ် အပူဓာတ်ပေးတဲ့ လိမ်းဆေးတွေ မျက်နှာပေါ်မှာ လိမ်းတာမျိုး မလုပ်ရပါဘူး။ မိမိပြသထားတဲ့ ဆရာဝန်ဆီမှာ ပြန်လည်ပြသရပါ မယ်ဗျ။ သွားနုတ်ပြီး(၂၄)နာရီ/တရက်ကျော်ရင်တော့ သွားတိုက်တာ၊ ပလုတ်ကျင်းတာ လုပ်လို့ ရပါပြီ။ ပလုတ်ကျင်းဆေးရည် အသုံးပြုပြီးဖြစ်ဖြစ်၊ ဆားငံရည်နွေးနွေး အသုံးပြုပြီးပဲဖြစ်ဖြစ် အစာ စားပြီးတိုင်း ညင်သာစွာပလုတ်ကျင်းပေးရပါမယ်။ ပလုတ်ကျင်း ပေးခြင်းက သွားနုတ်ထားတဲ့ အနာချိုင့် ထဲဝင်နေတဲ့ စားကြွင်းစားကျန်တွေ ထွက်သွားစေပြီး အနာကျက်မြန်စေမှာဖြစ်ပါတယ်။ သွားနုတ်ပြီး (၂၄)နာရီကျော် မှသာ ပလုတ်ကျင်းရမယ်ဆိုတာ ကိုတော့ သတိမူရပါမယ်။ သွားနုတ် ထားတဲ့ (၂၄)နာရီအတွင်းကတော့ ပလုတ်ကျင်းဖို့ မပြောနဲ့ တံတွေးတောင်ထွေးကြည့်လို့ မရပါဘူး။

သွားနုတ်ကုသမှု ခံယူထားသူက ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် နောက်ထပ်သတိထား ရမှာက တော့ ထုံဆေးရဲ့ အရှိန်ကျန်နေသေးချိန် မျက်နှာ၊ နှုတ်ခမ်းထုံနေချိန်မှာ ပါးစောင်ကို ကိုက်ဝါး ထားခြင်း၊ နှုတ်ခမ်းကို ဆွဲလိမ်ဆော့ခြင်း၊ နှုတ်ခမ်းဆိတ်ကြည့်ခြင်း၊ အရမ်းပူလွန်းသော အစာများကို စားသောက်မိ ခြင်း စတာတွေကို မလုပ်ရပါဘူး။ ထုံနေချိန်မှာ ဘာမှမခံစားရပေမဲ့ ထုံဆေးပြယ်ချိန်မှာ သွားနုတ်ထား တဲ့နေရာအပြင် တခြားနေရာတွေပါ အနာထပ်တိုးလာပါလိမ့်မယ်။ ကလေးတွေကို ပိုပြီးသတိထား မှာကြားပေးရပါတယ်။ မိဘကလည်း တချိန်လုံး ထိုင်ကြည့်နေနိုင်တာမျိုး မဟုတ် တော့ ကလေးတွေ လက်နဲ့နှိုက်တာ၊ ထုံတဲ့နေရာတွေကို ဆွဲလိမ်ဆော့ထားတာ၊ တံတွေးနဲ့သွေးကို ငုံထားပြီး မမျိုချတတ် တာတွေအတွက် သူတို့ကိုယ်တိုင် နားလည်အောင် အချိန်ပေး ရှင်းပြပေး ရပါတယ်။

ဒါကြောင့် အကြောင်းအမျိုးမျိုးနဲ့ မဖြစ်မနေသွားနုတ်ကြရတဲ့အခါ နောက်ဆက်တွဲ ဆိုးကျိုး တွေ၊ ဝေဒနာတွေ မခံစားရအောင် ညွှန်ကြားထားတဲ့ဆေးကို အချိန်မှန်သောက်ဖို့၊ အစိုးရိမ် မလွန်ဖို့နဲ့ ဆရာဝန်မှာကြား/ ညွှန်ကြားထားတဲ့အတိုင်း သေချာစွာလိုက်နာဖို့ လွန်စွာ အရေးကြီးကြောင်းကို သွားနုတ်ပြီးသူတိုင်း လိုက်နာရမဲ့အချက်လေးတွေအနေနဲ့ ရှင်းပြပေးလိုက် ပါတယ်။ ကုသမှုတခု ဘေး အန္တရာယ် ကင်းကင်းနဲ့ အောင်မြင်ဖို့ဆိုရင် ဆရာဝန်တယောက်တည်းရဲ့ ကုသမှုနဲ့ မလုံလောက်ပါဘူး။ ကုသမှု ခံယူသူဖက်ကလည်း သေချာနားလည်လက်ခံပြီး လိုက်နာရမဲ့အချက်တွေကို သတိထား ဆောင်ရွက်ပေးမှသာ ကောင်းမွန်ပြည့်စုံတဲ့အကျိုးရလဒ်တွေ ရမှာဖြစ်ပါတယ်ဗျာ။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement