ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအစာဆိုတာ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် ဘေးကင်းလုံခြုံမှုမရှိသော အစားအစာဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်မှာတော့ အသေအချာပဲဖြစ်ပါတယ်။ တစ်ခါတစ်လေ အစားစားပြီးချင်း ဝမ်းလျှောတာ၊ ဖျားနာတာနဲ့ ကိုယ်လက်မအီမသာဖြစ်တာမျိုးကို လူတော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ ဒါကို အရပ်ထဲမှာတော့ ကိုယ်စားတဲ့ အစားအသောက်နဲ့ ဓာတ်မတည့်တာ၊ အစာအဆိပ်သင့်တာ (food poisoning) လို့ လူတိုင်းလိုလို သိကြပါတယ်။ အစားအစာအဆိပ်သင့်ခြင်းဟာ ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း၊ ဆေးရုံတင်ကုသရခြင်းနှင့် အထူးသဖြင့် ကျန်းမာရေးချို့တဲ့သူတွေမှာဆိုရင်တော့ အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများကို ဖြစ်ပွားစေနိုင်ပါတယ်။
အန္တရာယ်ရှိသော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးကောင်များ၊ အဆိပ်အတောက်များ ဒါမှမဟုတ် ဓာတုပစ္စည်းများနဲ့ ညစ်ညမ်းနေသော အစားအစာ သို့မဟုတ် အဖျော်ယမကာများကို စားသုံးမိပြီးတဲ့အခါမှာတော့ အစားအစာအဆိပ်သင့်ခြင်း ဖြစ်ပွားတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနဲ့ ဖျားနာခြင်းတို့ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ မသန့်ရှင်းတဲ့ အစားအစာတွေကို စားသုံးပြီး နာရီပိုင်းအတွင်း ဖြစ်နိုင်သော်လည်း တစ်ခါတစ်လေမှာတော့ ရောဂါပိုးပေါ်မူတည်ပြီး ရောဂါလက္ခဏာ ပေါ်လာဖို့ ရက်ပေါင်းများစွာ ကြာတတ်ပါတယ်။
ဘယ်သူမဆို အစားအစာအဆိပ်သင့်ခြင်း ဖြစ်ပွားနိုင်ပေမယ့် ငယ်ရွယ်သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ခံအားစနစ် အားနည်းသူများ သို့မဟုတ် နာတာရှည်ရောဂါရှိသူများမှာ ဖြစ်ခဲ့ရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေက ပိုပြီးပြင်းထန်တတ်ပါတယ်။ ဒီအုပ်စုတွေကတော့ ရေဓာတ်ခန်းခြောက်ခြင်း သို့မဟုတ် နောက်ဆက်တွဲပြဿနာတွေကို ပိုမိုမြန်ဆန်စွာ ခံစားရနိုင်တာကြောင့် အထူးသတိပြုဖို့လိုအပ်ပါတယ်။
အစားအစာအဆိပ်သင့်ခြင်းနှင့် ပတ်သက်လို့ အစိုးရိမ်ရဆုံးအချက်တစ်ချက်ကတော့ မသန့်ရှင်းတဲ့ ရောဂါပိုးကူးစက်လွယ်သော အစားအစာတွေဟာ အနံ့ဆိုးထွက်တာ ဒါမှမဟုတ် အရသာပြောင်းလဲတာမျိုး မရှိတတ်တာပဲ ဖြစ်ပါတယ်။ အမြင်အားဖြင့် သန့်ရှင်းနေသော အစားအစာထဲမှာတောင် အန္တရာယ်ရှိသော ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်များ ပါဝင်နိုင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အစားအစာ ဘေးကင်းမှုရှိမရှိ ဆုံးဖြတ်ရာမှာ အသွင်အပြင် သို့မဟုတ် အနံ့သက်သက်ကိုသာ အားကိုးနေခြင်းကို မပြုလုပ်သင့်ပါဘူး။
အစားအစာအဆိပ်သင့်မှု အများစုကို ရိုးရှင်းသော အစားအသောက်ဘေးကင်းရေး အလေ့အထများကို လိုက်နာရုံနဲ့ ကာကွယ်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မရှိမဖြစ်လိုအပ်သော အစီအမံ ငါးရပ်ကို အကြံပြုထားပါတယ်။ ဒီအချက်တွေကတော့ အစားအသောက်ချက်ပြုတ်ပြင်ဆင်တဲ့ လက်များ၊ ချက်ပြုတ်ရေး ပစ္စည်းကိရိယာများနှင့် အစားအစာပြင်ဆင်သည့်အခါ တင်တဲ့ ပြင်ဆင်တဲ့မျက်နှာပြင်များကို သန့်ရှင်းအောင် ထားရှိဖို့၊ အစိမ်းလိုက် အစားအစာများ—အထူးသဖြင့် အစိမ်းလိုက် အသား၊ ကြက်ငှက်သားနှင့် ပင်လယ်စာများကို ချက်ပြုတ်ပြီးသား သို့မဟုတ် အဆင်သင့်စားသုံးနိုင်သော အစားအစာများနှင့် ခွဲခြားထားဖို့၊ အစားအစာများကို ကျက်အောင် သေချာစွာ ချက်ပြုတ်ဖို့၊ အစားအစာများကို ဘေးကင်းသော အပူချိန်တွင် ထားရှိပြီး အချိန်ခဏကြာ ပုပ်သိုးပျက်စီးတတ်သော အစားအစာများကို ရေခဲသေတ္တာထဲမှာ ချက်ချင်း သိမ်းဆည်းဖို့နဲ့ ဘေးကင်းစိတ်ချရသော သန့်ရှင်းသော ရေနှင့် လတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်သော ပါဝင်ပစ္စည်းများကို အသုံးပြုဖို့ ဖြစ်ပါတယ်။
အစားအစာ ပြင်ဆင်သူများဟာ အိမ်သာတက်ပြီးနောက်နှင့် အစိမ်းလိုက် အသားများကို ကိုင်တွယ်ပြီးနောက်အပြင် ချက်ပြုတ်ခြင်းမပြုမီပါ ဆပ်ပြာဖြင့် လက်ကိုသေချာစွာ ဆေးသင့်ပါတယ်။ တတ်နိုင်သမျှ အသားစိမ်း၊ ငါးစိမ်းများကို ကိုင်တွယ်ရာမှာ သုံးတဲ့ မီးဖိုချောင်သုံးဓားနဲ့ အခြားပစ္စည်းတွေနှင့် ချက်ပြုတ်ပြီးသား အစားအစာများအတွက် သုံးတဲ့ပစ္စည်းတွေနဲ့ ရောနှောမသုံးဘဲ သီးသန့်အသုံးပြုဖို့လည်း လိုအပ်ပါတယ်။ သုံးစွဲပြီးတိုင်းလည်း သေသေချာချာ ဆေးကြောဖို့လိုအပ်ပါတယ်။ ချက်ပြုတ်ပြီးသော အစားအစာများကိုလည်း ယင်ကောင်များ၊ ဖုန်မှုန့်များ၊ မသန့်ရှင်းသော အိုးခွက်ပန်းကန် အသုံးအဆောင်များနဲ့ အစိမ်းလိုက် ပါဝင်ပစ္စည်းများ ထိတွေ့ခြင်းတို့မှ ကာကွယ်ဖို့လည်း လိုအပ်ပါတယ်။
အစားအသောက် ရောင်းချသူများအနေနဲ့ကတော့ သန့်ရှင်းသောရေ၊ အဖုံးပါသော အမှိုက်ပုံးများ၊ သင့်လျော်သော အစားအစာသိုလှောင်မှုနဲ့ ဘေးကင်းသော အစားအစာကိုင်တွယ်မှုဆိုင်ရာ သင်တန်းများကို ရရှိထားဖို့ ဒါမှမဟုတ် အသိပညာရှိဖို့ လိုအပ်ပါတယ်။ အန်ခြင်း ဒါမှမဟုတ် ဝမ်းလျှောခြင်း ဝေဒနာခံစားနေရသူတစ်ဦးဟာ အခြားသူများအတွက် အစားအစာပြင်ဆင်ခြင်း သို့မဟုတ် ကျွေးမွေးခြင်းမျိုး မပြုလုပ်သင့်ပါဘူး။
အစားအစာအဆိပ်သင့်ခြင်း ဖြစ်ပွားတဲ့အခါ ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ခြင်းဟာ ဦးစားပေး ဖြစ်ပါတယ်။ ဝမ်းလျှောခြင်း ဒါမှမဟုတ် အန်ခြင်း ဝေဒနာခံစားရပါက လုံလောက်သော ဓာတ်ဆားရည် (ORS) ကို သောက်သုံးသင့်ပြီး ဓာတ်ဆားရည်ဟာ ဆုံးရှုံးသွားသော ရေနှင့် အီလက်ထရိုလိုက်များကို ပြန်လည်ဖြည့်တင်းရန် အထူးအကျိုးရှိပါတယ်။ ပဋိဇီဝဆေးများကို အရည်အချင်းပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦးရဲ့ ဆန်းစစ်အကြံဉာဏ်မပါဘဲ မသောက်သုံးသင့်ပါဘူး။
အကယ်၍ လူတစ်ဦးမှာ ဝမ်းလျှောတဲ့အခါ သွေးပါခြင်း၊ မရပ်မနား ဝမ်းလျှောခြင်း၊ ဖျားနာမှု မြင့်မားခြင်း၊ မကြာခဏ အန်ခြင်း သို့မဟုတ် ဆီးအလွန်နည်းခြင်း၊ နှုတ်ခမ်းခြောက်ခြင်း သို့မဟုတ် ရပ်လိုက်သည့်အခါ မူးဝေခြင်းကဲ့သို့သော ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ ရှိလာပါက နီးစပ်ရာကျန်းမာရေးဌာနမှာ ပြသဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ကိုယ်ခံအားစနစ် အားနည်းသူများအတွက် နီးစပ်ရာကျန်းမာရေးဌာနမှာ ဆေးဝါးကုသမှု စောလျင်စွာ ခံယူသင့်ပါတယ်။
အစားအစာဆိုတာ လူတစ်ယောက်ရဲ့ နေ့စဉ်လိုအပ်တဲ့ စွမ်းအင်ကို အဓိကဖြည့်တင်းပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အစားအသောက် ဘေးကင်းလုံခြုံအောင် ပြင်ဆင်မှုကို နေ့စဉ်အလေ့အထတစ်ခုအနေနဲ့ ဆောင်ရွက်နိုင်ကြစေဖို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။
References: World Health Organization—Food safety and US CDC—Food poisoning symptoms and warning signs.