သားဥအိမ်အရည်အိတ်တည်ခြင်း (Ovarian cyst) ဆိုတာ အမျိုးသမီးအများစု ကြားဖူးနေကျ၊ တွေ့ဖူးနေကျ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ရာသီလာနေဆဲအရွယ် အမျိုးသမီးတွေမှာ အတွေ့ရများပြီး အများစုဟာ ကင်ဆာမဟုတ်ပါဘူး။ ရာသီစက်ဝန်းနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အရည်အိတ်တချို့ဆိုရင် ကုသမှုမလိုဘဲ လအနည်းငယ်အတွင်း သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် အရည်အိတ်တိုင်းက အတူတူမဟုတ်တဲ့အတွက် အရွယ်အစား၊ ပုံသဏ္ဍာန်၊ ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ကိုယ့်အသက်အရွယ်ပေါ်မူတည်ပြီး သင့်တော်တဲ့ စောင့်ကြည့်မှုနဲ့ ကုသမှု လိုအပ်နိုင်ပါတယ်။
သားဥအိမ် (Ovary) ဆိုတာ သားအိမ်ရဲ့ ဘေးနှစ်ဖက်မှာရှိပြီး သားဥထုတ်ပေးတာနဲ့ Estrogen၊ Progesterone စတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ပုံမှန်ရာသီစက်ဝန်းမှာ သားဥတစ်လုံးဟာ အရည်ပါတဲ့ အိတ်ငယ်လေး (Follicle) ထဲမှာ ကြီးထွားလာပါတယ်။ သားဥထွက်ချိန်ရောက်ရင် ဒီအိတ်က ပေါက်ပြီး သားဥကို ထုတ်ပေးပါတယ်။
ဒီဖြစ်စဉ်အတွင်း အရည်ပါတဲ့အိတ်က ပုံမှန်ထက် ဆက်ကြီးလာတာ ဒါမှမဟုတ် သားဥထွက်ပြီးနောက် ပြန်မသေးသွားဘဲ အရည်တွေ စုပုံလာတဲ့အခါ သားဥအိမ်အရည်အိတ် ဖြစ်လာနိုင်ပါတယ်။ အရည်အိတ်တချို့က အရည်သက်သက်ပါတဲ့အိတ် ဖြစ်နိုင်သလို တချို့မှာ သွေး၊ အဆီ ဒါမှမဟုတ် အခြားအစိုင်အခဲတွေ ပါဝင်တဲ့ အရည်အိတ်ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးက Functional cyst တွေဖြစ်ပြီး ဒီအမျိုးအစားတွေဟာ မိန်းမပျိုအရွယ်နဲ့ ရာသီလာနေဆဲ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီအမျိုးအစားဟာ အများအားဖြင့် အန္တရာယ်မရှိဘဲ လအနည်းငယ်အတွင်း သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
နောက်တစ်မျိုးက သားအိမ်အတွင်းလွှာနဲ့ ဆင်တူတဲ့ Tissue တွေ သားဥအိမ်မှာ ရှိလာပြီး သွေးတွေ စုပုံလာရာက ဖြစ်လာတဲ့ Endometrioma လို့ခေါ်တဲ့ အရည်အိတ်ဖြစ်ပါတယ်။ တခါတရံ “Chocolate cyst” လို့လည်း ခေါ်ကြပါတယ်။ ဒီအမျိုးအစားမှာ ရာသီလာချိန် အလွန်နာခြင်း၊ တင်ပါးဆုံတွင်း နာကျင်ခြင်း၊ လိင်ဆက်ဆံချိန် နာကျင်ခြင်းနဲ့ ကိုယ်ဝန်ရဖို့ အခက်အခဲရှိခြင်းတွေ တွဲတွေ့နိုင်ပါတယ်။
နောက်ထပ်တွေ့ရတဲ့ သားဥအိမ်အရည်အိတ်တစ်မျိုးကတော့ သားဥဖြစ်ပေါ်လာစေတဲ့ ဆဲလ်တွေကနေ ဖြစ်လာတာဖြစ်ပြီး အဆီ၊ ဆံပင် စတဲ့ တစ်ရှူးအမျိုးအစားတွေ ပါဝင်နိုင်ပါတယ်။ အရပ်ထဲမှာ စုန်းပြုစားတာ/နတ်ပြုစားတာလို့ အထင်မှားလေ့ရှိကြတဲ့ အမျိုးအစားပါ။ အများအားဖြင့် ကင်ဆာမဟုတ်ပေမဲ့ အိတ်ကြီးလာရင် ကုသမှုလိုအပ်နိုင်ပါတယ်။ ဒါ့အပြင် သားဥအိမ်ရဲ့ ဆဲလ်တွေကနေ အခြားသော အရည်အိတ်အမျိုးမျိုး ဖြစ်လာနိုင်ပါသေးတယ်။ ဒါပေမယ့် အများအားဖြင့်တော့ အန္တရာယ်မရှိကြပါဘူး။
သားဥအိမ်အရည်အိတ် အသေးလေးတွေဟာ ဘာလက္ခဏာမှ မရှိတာများပါတယ်။ ဒါကြောင့် တခြားအကြောင်းတစ်ခုခုကြောင့် အာထရာဆောင်း ရိုက်တဲ့အခါမှ မတော်တဆ တွေ့ရတာမျိုးလည်း ရှိပါတယ်။ သားဥအိမ်အရည်အိတ် ကြီးလာတာ ဒါမှမဟုတ် တချို့ သားဥအိမ်အရည်အိတ် အမျိုးအစားတွေမှာတော့ ဝမ်းဗိုက်အောက်ပိုင်း သို့မဟုတ် တင်ပါးဆုံအတွင်း တစ်ဖက်ဖက်နာတာ၊ ဗိုက်ဖောင်းတာ၊ တင်းပြည့်သလို ခံစားရတာ၊ ရာသီလာချိန် နာကျင်တာ သို့မဟုတ် ရာသီပုံစံ ပြောင်းလဲတာ၊ လိင်ဆက်ဆံချိန် နာကျင်တာ၊ ဆီးခဏခဏသွားချင်တာ၊ ဝမ်းသွားရခက်သလို ခံစားရတာနဲ့ အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်သလို ခံစားရတာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာတွေကို တခြားရောဂါအများအပြားမှာလည်း တွေ့ရနိုင်တာကြောင့် လက္ခဏာရှိရုံနဲ့ သားဥအိမ်အရည်အိတ် ရှိတယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။
သားဥအိမ်အရည်အိတ်ကို အဓိကအားဖြင့် အာထရာဆောင်းနဲ့ စစ်ဆေးပါတယ်။ အာထရာဆောင်းကနေ သားဥအိမ်အရည်အိတ်ရဲ့ အရွယ်အစား၊ အရည်သက်သက်ပါတဲ့ ရိုးရိုးအရည်အိတ် ဟုတ်/မဟုတ်၊ အတွင်းမှာ အစိုင်အခဲ ဒါမှမဟုတ် အခြားအစိတ်အပိုင်း ရှိ/မရှိ၊ အရည်အိတ်တစ်လုံးတည်းလား အများကြီးလား၊ သားဥအိမ်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ ရှိသလား စတဲ့ အချက်တွေကို ကြည့်နိုင်ပါတယ်။ ရိုးရိုးအရည်သက်သက်ပါတဲ့ သားဥအိမ်အရည်အိတ် ဖြစ်ရင် သွေးစစ်မှု မလိုတာလည်း ရှိပါတယ်။ အရည်တင်မကဘဲ အစိုင်အခဲ ဒါမှမဟုတ် အခြားအစိတ်အပိုင်းတွေ ပါဝင်တဲ့ အရည်အိတ်ဖြစ်တာ၊ ရာသီသွေးဆုံးပြီးနောက်မှ တွေ့တာ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်ခြေကို ထပ်မံအကဲဖြတ်ဖို့ လိုအပ်ရင်တော့ ဆရာဝန်က သွေးစစ်ခြင်းနဲ့ အခြားစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။
သားဥအိမ်အရည်အိတ်ဟာ မဖြစ်မနေ ခွဲစိတ်ရတဲ့ ရောဂါမဟုတ်ပါဘူး။ တစ်ခါတစ်ရံ စောင့်ကြည့်ဖို့ပဲ လိုအပ်နိုင်သလို သောက်ဆေးလိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။ ကုသမှုကို ဆုံးဖြတ်ရာမှာ သားဥအိမ်အရည်အိတ်ရဲ့ အရွယ်အစား၊ အာထရာဆောင်းပေါ်က ပုံသဏ္ဍာန်၊ လက္ခဏာရှိ/မရှိ၊ အရည်အိတ် ဆက်ကြီးလာ/မလာ၊ အသက်အရွယ်၊ ရာသီသွေးဆုံးပြီး/မပြီးနဲ့ ကင်ဆာဖြစ်နိုင်ခြေရှိ/မရှိ စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရပါတယ်။
ဒါပေမယ့် သားဥအိမ်အရည်အိတ်တချို့မှာတော့ အရည်အိတ်ပေါက်သွားတာမျိုး ဒါမှမဟုတ် သားဥအိမ် လိမ်ကျစ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ အဲ့လိုဖြစ်ရင်တော့ ဗိုက်အောက်ပိုင်း ရုတ်တရက် အရမ်းပြင်းပြင်းထန်ထန် နာလာတာ၊ နာတာနဲ့အတူ ပျို့အန်တာ၊ မူးဝေအားနည်းတာ၊ သတိလစ်ချင်သလို ဖြစ်လာတာ စတဲ့ လက္ခဏာတွေ ရှိလာတတ်ပါတယ်။ အထူးသဖြင့် သားဥအိမ် လိမ်ကျစ်သွားရင် သားဥအိမ်ဆီ သွေးလည်ပတ်မှု ထိခိုက်နိုင်တဲ့အတွက် အရေးပေါ်ကုသမှု လိုအပ်နိုင်ပါတယ်။
ရာသီလာနေဆဲအရွယ် အမျိုးသမီးတွေမှာ သားဥအိမ်အရည်အိတ် အဖြစ်များပြီး အများစုဟာ ကင်ဆာမဟုတ်တဲ့ အရည်အိတ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီသွေးဆုံးပြီးနောက် သားဥအိမ်အရည်အိတ် တွေ့လာရင် အသက်ငယ်သူတွေနဲ့ နှိုင်းယှဉ်ပြီး ပိုမိုသေချာစွာ အကဲဖြတ်ဖို့ လိုပါတယ်။ ဒါတောင် သားဥအိမ်အရည်အိတ် တွေ့တာနဲ့ ကင်ဆာလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရာသီသွေးဆုံးပြီးနောက် အမျိုးသမီးတွေမှာတောင် အချို့သော ရိုးရိုးအရည်သက်သက်ပါတဲ့ သားဥအိမ်အရည်အိတ် အသေးလေးတွေဟာ အန္တရာယ်နည်းပြီး အခြေအနေပေါ်မူတည်ကာ ပုံမှန်ပြန်လည်စစ်ဆေးမှု မလိုတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် သားဥအိမ်အရည်အိတ်ရဲ့ အာထရာဆောင်းပေါ်က ပုံသဏ္ဍာန်၊ အရွယ်အစားနဲ့ လူနာတစ်ဦးချင်းရဲ့ အန္တရာယ်အချက်တွေကို ဆရာဝန်က အကဲဖြတ်ပြီးမှ ဆုံးဖြတ်ရပါတယ်။ အများစုကို စောင့်ကြည့်လို့ ရပေမယ့် ရုတ်တရက် ပြင်းထန်တဲ့ ဗိုက်အောက်ပိုင်းနာကျင်မှုနဲ့ ပျို့အန်မှု ဖြစ်လာတယ်ဆိုရင်တော့ ပေါ့ဆမထားသင့်ဘဲ အရေးပေါ် ဆေးကုသမှု ခံယူသင့်ပါတယ်။
References
- Royal College of Obstetricians and Gynaecologists (RCOG). Ovarian Cysts Before the Menopause. RCOG Patient Information. Published June 2013.
- Royal College of Obstetricians and Gynaecologists (RCOG). Ovarian Cysts in Postmenopausal Women. Green-top Guideline No. 34. Minor update December 2025.