Skip to content
Ads Advertisement

ဘက်ဂျက်နဲ့ ပြည်သူ့ကျန်းမာရေး အဆက်အစပ်

နိုင်ငံတစ်ခုချင်းစီအလိုက် အစိုးရအသုံးစရိတ်ဟာ လူထု ကျန်းမာရေးကဏ္ဍအပေါ် မှီတည်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစိုးရက သူတို့ ကောက်ယူထားတဲ့ လူထုဆီက အခွန်ကို ဝန်ဆောင်မှုပုံသဏ္ဍာန်နဲ့ ပြန်လည်ပေး အပ်ရလို့ပါ။ အစိုးရအသုံးစရိတ် ဆိုတာကလည်း ရှုပ်ထွေးတတ်တာမို့ များသောအားဖြင့် သာမန်ပြည်သူတွေက သူတို့ပေးလိုက်တဲ့အခွန်ကနေ ကိုယ့်အတွက် ဘယ်လောက် ပြန်သုံးနေလဲလဲဆိုတာ နားလည်ဖို့ ခက်တတ်ပါတယ်။

အစိုးရတွေရဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို ကြည့်တဲ့အခါ ပုံမှန်အားဖြင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံး စရိတ်တွေကို ကြည့်ပြီး ဆန်းစစ်ကြတာမျိုး ရှိသလို တခြားသော အသုံးစရိတ်အပေါ် အခြေခံတဲ့ ဆန်းစစ်မှု ပုံစံတွေလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတစ်ခုချင်းစီရဲ့ ဆင်းရဲချမ်းသာ ကွာဟမှု၊ တည်ရှိပြီး ကျန်း မာရေးစနစ်၊ သုံးတဲ့ပမာဏတွေဟာ တစ်ခုနဲ့ တစ်ခု မတူကြတာမို့ ဒါဟာ ကောင်းမွန်တဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု ဖြစ်၊ မဖြစ်ကို ဆန်းစစ်ဖို့ ခက်ခဲပါတယ်။

ဒီလိုမျိုး ကျန်းမာရေးအသုံးစရိတ်တွေရဲ့ ထိရောက်မှုကို တိုင်းတာတဲ့အခါမှာ အဓိကအားဖြင့် Current Health Expenditure per Capital လို့ ဆိုတဲ့ လူတစ်ဦး ချင်းစီအတွက် သုံးတဲ့ အသုံးစရိတ် (Absolute Cost) ကို ကြည့်တာ ရှိသလို နောက်တစ်ခုကတော့ Out of Pocket ဆိုတာနဲ့ တိုင်းတာလေ့ ရှိပါတယ်။ ဒါက အစိုးရရဲ့ ကျန်းမာရေးအသုံးစရိတ်က သူတို့အတွက် လုံလောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုကို မဖြည့်ဆည်းပေးနိုင်လို့ ကိုယ့်ဘာသာ ကိုယ် အိတ်စိုက် သုံးစွဲရတဲ့ ပမာဏကို ဆိုလိုတာပါ။ ကမ္ဘာ့လူသားအားလုံးဟာ အရည်အသွေးပြည့်ဝတဲ့ သာတူညီမျှကျန်းမာရေးဝန်ဆောင်မှုတွေကို ရရှိရမယ်လို့ Universal Health Coverage (UHC) ကို ရောက်ဖို့ဆိုရင် ကျန်းမာရေးအသုံးစရိတ်တွေ ဟာ အရေးကြီးပါတယ်။ UHC ကို ရောက်၊ မရောက် တိုင်းတာတဲ့နေရာမှာလည်း အိတ်စိုက်အသုံး စရိတ်လို့ ခေါ်ရမယ့် Out of Pocket Expenditure ဆိုင်ရာ အချက်အလက်တွေက ညွှန်ပြလေ့ ရှိတယ်လို့ ကမ္ဘာ့ဘဏ် (World Bank) က ဆိုထားပါတယ်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံရဲ့ အိတ်စိုက်အသုံးပြုရမှု

မြန်မာ ပါဝင်တဲ့ အရှ့တောင်အာရှ ၁၁ နိုင်ငံမှာ မြန်မာဟာ Out of Pocket Expenditure မှာ အမြင့်ဆုံးပါပဲ။ အရှ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ အရှေ့တီမောနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေအ တွက် ထည့်ဝင်ရတဲ့ Out of Pocket အသုံးစရိတ်ဟာ ငါးရာခိုင်နှုန်းပဲ ရှိပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေးကုန်ကျမှုရဲ့ ၁၀၀ ရာခိုင်နှုန်းမှာ လူထုက ၂၀ ပုံ ၁ ပုံဖြစ်တဲ့ “ငါး” ရာခိုင်နှုန်းသာ ထည့်ဝင်ရတာပါ။ မြန်မာပြည်ကတော့ အရှေ့တီမောက သူတွေ ထည့်ဝင်ကုန်ကျရတဲ့ ပမာဏထက် အများကြီး ပိုပြီး ထည့်ဝင်နေရ တာပါ။ မြန်မာ့ Out of Pocket အသုံးစရိတ်ဟာ ၆၅ ရာခိုင်နှုန်းကျော်အထိ ရှိတယ်လို့ ကမ္ဘာ့ဘက်က ထုတ်ပြန်ထားပါတယ်။ သဘောကတော့ ဆေးကုသစရိတ် ၁၀၀ ကျပ် ကုန်ကျရင် ဆေးကုသဖို့ ခံယူရတဲ့သူက ၆၅ ကျပ်ကျော် ကိုယ်တိုင်ပေးဆောင်ရတာပါ။ မြန်မာ့အိမ်နီးချင်း ထိုင်းတောင် ၁၀၀ မှာ ၉ ရာခိုင်နှုန်းကျော်ပဲ အိတ်စိုက်သုံးရတာကို ကြည့်ရင် မြန်မာပြည်ရဲ့ အခြေအနေကို တွက်ဆကြည့်လို့ ရပါတယ်။ (ပုံ ၁ – Out of Pocket Expenditure)

ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ ဒီအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကျန်းမာရေးအသုံးစရိတ်တွေကို ဘယ် လိုပဲ ပြဋ္ဌာန်းပဲ သုံးစွဲနေပါစေ၊ နိုင်ငံလူထုဟာ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ကိုယ်ဘာသာ ကိုယ် ထုတ်သုံးရတဲ့ ပမာဏက အသုံးစရိတ်က ထည့်ဝင်ထားမှုထက် ပိုပြီးသုံးစွဲနေရတာကို တွေ့ရမှာပါ။

“ဘက်ဂျက်အသုံးစရိတ်ကို ကြည့်ရင် ကျန်းမာရေးကဏ္ဍက တခြားကဏ္ဍအသုံးစရိတ်တွေနဲ့ ကြည့်တာခြင်း မတူဘူးဗျ။ ကျန်းမာရေးစရိတ်ကို ကြည့်ရင် အများစုက ကျန်းမာရေးဝန်ကြီးဌာနတစ်ခုလုံးရဲ့ ဘက်ဂျက်ကို ကြည့်ကြတယ်။ တကယ်တမ်း နိုင်ငံရဲ့ ကျန်းမာရေးစနစ် ကောင်း မကောင်းနဲ့ ထိရောက်တဲ့ အသုံးပြုမှု ရှိ/ မရှိ ဆို တာကို ကြည့်ရင် ကျန်းမာရေးအတွက် လူထုက ကိုယ့်အိတ်ထဲက ဘယ်လောက် စိုက်ထုတ်နေရသလဲဆိုတာ ကို ကြည့်ကြတာမျိုး ရှိတယ်။ များသောအားဖြင့် Out of Pocket ဆိုတာကို လူတွေက သိပ်နားမလည်တတ် ကြဘူး။ တစ်ခုခု ဖြစ်ရင် ကိုယ့်ဘာသာ ဆေးဝယ်သောက်လိုက်၊ ဆေးခန်းပြလိုက်၊ ဒါတွေကလည်း Out of Pocket ဖြစ်နေတယ်ဆိုတာပဲ။ ဒီကိန်းဂဏန်းမြင့်တာက နိုင်ငံရဲ့ ကျန်းမာရေးအသုံးစရိတ်က သုံးလိုက်တိုင်း လူထုဆီ ရောက်မနေဘူးဆိုတာကိုလည်း ပြနေတာပဲဗျ” လို့ အစိုးရအသုံးစရိတ်ခွဲဝေမှုကို စောင့်ကြည့် လေ့ လာနေတဲ့ သုတေသီ ဦးထင် (အမည်လွှဲ) က MyanHealth ကို ပြောပါတယ်။

ထိရောက်တဲ့ ကျန်းမာရေးအသုံးစရိတ်ကို တိုင်းတာတဲ့အခါမှာ ကမ္ဘာဘဏ်က သုံးတဲ့ နောက်ထပ်နည်းနာ တစ်ခုကတော့ Current Health Expenditure per Capita ဆိုတဲ့ လူတစ်ဦးချင်းစီအတွက် သုံးတဲ့ ကျန်းမာ ရေးအသုံးစရိတ် (Absolute Cost) ပါ။ ဒီနည်းနာကိုတော့ ကျန်းမာရေးအသုံးစရိတ်တွေ ဘယ် လောက်အထိ ထိရောက်သလဲဆိုတာကို မွေးဖွားချိန်မှသေဆုံးချိန်ထမျှော်မှန်းအသက် (Life expectancy) စတဲ့ တခြားသော Indicator တွေနဲ့ ပေါင်းစပ်ပြီး သုံးကြလေ့ရှိပါတယ်။

လူတစ်ဦးချင်းအလိုက် ကျန်းမာရေးအသုံးစရိတ် (Current Health Expenditure per Capita) ကို ကြည့်ရင် မြန်မာဟာ အရှေ့တောင်အာရှ နောက်ဆုံးက ရေတွက်ရင် ဒုတိယအဆင့်မှာပဲ ရှိပါတယ်။ လူတစ် ဦးချင်းအလိုက် ကျန်းမာရေးအသုံးစရိတ်ဟာ တစ်နှစ်ကို အမေရိကန် ၅၈ ဒေါ်လာပဲ ရှိပြီး လက်ရှိ ပြင်ပငွေ လဲနှုန်း ၄,၀၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် ၂၃၂,၀၀၀ ပဲ ရှိပါတယ်။ ဒါဟာ တစ်နှစ်လုံးစာအတွက် အသုံးစရိတ် ပါ။ ကိန်းဂဏန်းအရ ကြည့်ရင် များတယ်လို့ ဆိုနိုင်ပေမယ့် ဒီကနေ့ ဆီးချိုသမား တစ်နေ့ သုံးကြိမ် သောက်ရတဲ့ မက်ဖော်မင်လို ဆေးတောင် ၁၀ လုံးပါ ၁၀ ကတ် တစ်ဗူးကို သောင်းဂဏန်းအထိ ရှိပြီး ရေစိုခံ ပလာစတာ တစ်ခုကို အသေး ၃,၅၀၀ ကျပ်၊ အကြီး ၇,၂၀၀ ကျပ်လို ဖြစ်နေတဲ့ ဒီခေတ်ကာလကြီးမှာ ဒီပမာဏဟာ ကြီး တယ်လို့ ဆိုလို့ မရနိုင်ပါဘူး။ နောက်ပြီး အစိုးရ ဆေးရုံ၊ ဆေးခန်း မဟုတ်ဘဲ အကြောင်းကြောင်းကြောင့် ရပ်ကွက်ထဲက အထွေထွေရောဂါကုမှာ ပြရင် စမ်းသပ်ခချည်း ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ကျပ်အထိ ရှိနေပါပြီ။

“အခု စျေးဆေးတွေ တက်တာက လွန်ကော။ အရင်က သာမန် ဖျားလို့၊ နားလို့ ရှိရင် ဆေးခန်း ပြေးလိုက်တော့တာပဲ။ တခါတလေ ကိုယ်က အထပ်မြင့်မှာ နေလို့ ဆရာဝန် အိမ်ပင့်လည်း ကျလှ ၂၀,၀၀၀ ပေါ့။ ဒီထဲမှာ ဆေးဖိုးလည်း ပါပြီးသား။ အခုက ဆရာဝန်အိမ်ခေါ်ရင် ခြေကြွခချည်းပဲက ၃၀,၀၀၀၊ ဆေးထိုးရင် ဆေးဖိုး၊ သောက်ဆေးပါရင် သောက်ဆေးဖိုးနဲ့ တစ်ခါခေါ်ရင် ၅၀,၀၀၀ ပတ်ချာလည်ပဲ။ ဒီတော့ ဖြစ်ပြီဆိုရင် ကိုယ် နားလည်တဲ့ ဆေးတွေနဲ့ပဲ နှစ်ပါးသွားနေရတယ်” လို့ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်မှာ နေတဲ့ အသက် ၆၄ နှစ်အရွယ် ဒေါ်မြ (အမည်လွှဲ) က MyanHealth ကို ပြောပါတယ်။

WPN က ဖော်ပြတဲ့ အရှ့တောင်အာရှ အသုံးစရိတ်

အစိုးရတစ်ရပ်ရဲ့ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ ဦးစားပေးထားရှိလဲဆိုတာကို အစိုးရရဲ့ကျန်းမာရေးအသုံးစရိတ်ခွဲဝေသုံးစွဲမှု (Domestic general government health expenditure (% of general government expenditure) နဲ့ ကြည့်လို့ရပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၆ ရဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို စုစည်းတင်ပြထားတဲ့ World Population Review ရဲ့ အချက်အလက်တွေအရ အရှေ့တောင်အာရှမှာဆိုရင် အရှေ့တီမောနိုင်ငံဟာ ကျန်းမာရေးအသုံးစရိတ် (Domestic Government Health Expenditure (% of GDP)) မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ နိုင်ငံ့ဂျီဒီပီ စုစုပေါင်းရဲ့ ၁၁ ဒသမ ၄၄ ရာခိုင်နှုန်းအထိကို လက်ရှိကျန်းမာရေးအသုံးစရိတ်အဖြစ် သုံးစွဲထားပါတယ်။ ငွေကြေးချမ်းသာမှုမှာ ပါဝင်တဲ့ ဘရူးနိုင်းကတော့ ၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အနည်းဆုံးပါ။ ဒီနေရာမှာ နိုင်ငံက ချမ်းသာရင် ဂျီဒီပီ မြင့်ပြီး ဆင်းရဲရင် ဂျီဒီပီနိမ့်တတ်တာမို့ ရာခိုင်နှုန်းအပေါ်ကိုချည်း ကြည့်ပြီး ဆန်းစစ်လို့ မရတာတော့ ရှိပါတယ်။ မြန်မာနိုင်ငံမှာကတော့ ကျန်းမာရေးအသုံးစရိတ် စုစုပေါင်းဟာ နိုင်ငံ့ဂျီဒီပီရဲ့ ၅ ဒသမ ၆၃ ရာခိုင်နှုန်း သုံးစွဲတယ်လို့ WPN အချက်အလက်တွေက ဖော်ပြနေပြီး အဲ့ထဲမှာမှာ အစိုးရရဲ့ စုစုပေါင်းအသုံးစရိတ်ထဲက ခွဲဝေသုံးစွဲမှုဟာ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်မှာ ၂.၂၂ ရာခိုင်နှုန်းပဲ ရှိနေတာပါ။ ဂျီဒီပီအရ ၀.၅၈ ရာခိုင်နှုန်းကိုဘဲ အစိုးရက သုံးစွဲခဲ့တာပါ။ ကျန်တာကိုတော့ ပြည်သူတွေက အိတ်စိုက်သုံးရတာမျိုး၊ ပြည်ပအကူအညီမျိုးနဲ့ သုံးစွဲခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်။ မြန်မာနောက်မှာတော့ အာရှကျားလို့ ပြောရမယ့် စင်ကာပူအစိုးရရဲ့ ကျန်းမာရေးအသုံးစရိတ် ခွဲဝေမှုဟာ ၅ ဒသမ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။

“နိုင်ငံ့ရဲ့ ကျန်းမာရေးအသုံးစရိတ်ကို ကြည့်ရင် ဘက်စုံကနေ ကြည့်ရတယ်။ Current Health Expenditure (% of GDP) ဆိုတာက Public , Private , External Health စတာတွေကို အကုန်ကြည့်တာ။ အခုက Public ဆိုတဲ့ အစိုးရက သုံးတဲ့ စရိတ်မှာ တစ်ဦးချင်းအလိုက် အသုံးပြုမှု၊ လူထုက ကိုယ် တိုင် ငွေစိုက်ထုတ်နေရမှု ကိန်းဂဏန်းတွေက တအားမြင့်နေတာကို ကြည့်ရင် ဒီအသုံးစရိတ်က Effective ဖြစ်မနေဘူးဆိုတာ ပြတာပဲ။ တစ်နည်းပြောရရင် ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှု အားနည်းတာ၊ အားမကောင်း တာကို ကျန်းမာရေးအသုံးစရိတ်တွေပေါ်ကနေ တိုင်းတာကြည့်တာပါပဲ။ လူထု စိုက်ထုတ်ရမှု နည်းလာမယ်၊ တစ်ဦးချင်းအတွက် အသုံးပြုမှု မြင့်လာဖို့အတွက်က အများကြီး လုပ်ဖို့ လိုနေသေးတယ်” ထိုင်းနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးအထူးပြုနဲ့ မာစတာတန်း တက်နေတဲ့ မချယ် (အမည်လွှဲ) က MyanHealth ကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ ၂၀၂၆ ခုနှစ်အတွင်း ၉ ဒသမ ၃ သန်းသော သူတွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တစ်ခုဖြစ်တဲ့ UNOCHA-myanmar က “မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်” အမည်နဲ့ ရီပို့တစ်ခုကို “၂၀၂၆ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်ရပ်ဝန်း” ကတဆင့် ထုတ်ပြန်ထားပါတယ်။ ဒီရီပို့ပါ ဖော်ပြချက်အရ အကူအညီလိုအပ်သူတွေထဲက ကူညီဖို့ လျာထားတဲ့ လူဦးရေ နှစ်သန်းနဲ့ ဦးစားပေးကူညီဖို့ လျာထားတဲ့ ၁ ဒသမ ၁ သန်းအတွက် ရန်ပုံငွေ လိုအပ်ချက်ဟာ အမေရိကန်ဒေါ်လာ ၉၂ သန်းအထိ ရှိပြီး ဦးစားပေးလျာထားသူတွေအတွက် လိုအပ်ချက်ဟာ ၅၁ သန်းအထိ ရှိပါတယ်။ လျာထားစာ ရင်းသွင်းခံရသူတွေဟာ ဒေသတွင်းနိုင်ငံရေး၊ စစ်ရေးပြဿနာတွေကြောင့် ဒေသတွင်း နေရပ်စွန့်ခွာရသူတွေ၊ နေရပ်မစွန့်ခွာနိုင်တဲ့သူတွေနဲ့ သဘာဝဘေးဒဏ်သင့်ပြည်သူတွေပါ။ ဒီသူတွေဟာ ကောင်းမွန်ပြည့်စုံတဲ့ ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှု မပြောနဲ့၊ နေ့စဉ်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အင် အားမရှိသူတွေ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ လူထုအတွက် ပြည်သူ့ကျန်းမာရေကဏ္ဍဘက်က လိုအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆို ရင် လူစွမ်းအားအရင်းအမြစ်နဲ့ နည်းပညာတွေ လိုအပ်တဲ့နည်းတူ ဒါတွေကို အကောင်အထည်ဖော်ဖို့ ဘက်ဂျက်လို့ခေါ်တဲ့ အသုံးစရိတ်တွေက အရေးပါပါတယ်။ ဒီအတွက် မူဝါဒတွေနဲ့ တိုင်းပြည့်အခြေအနေကလည်း အရေးကြီးပြန်ပါတယ်။

“တကယ်က တစ််ခုနဲ့ တစ်ခုက ချိတ်ဆက်နေတာပါ။ တိုင်းပြည်က တည်ငြိမ်ရင် အခုလို ကဏ္ဍတွေမှာက ငွေ သုံးတာက အတိုင်းအတာတစ််ခုအထိ ထိရောက်တယ်ဗျ။ ဒါပေမဲ့ ဒါကို လုပ်ဖို့ ခြေခင်းလက်ခင်းမသာရင်ကျ တော့ ငွေရှိလည်း လုပ်လို့ မရနိုင်ပြန်ဘူး။ ဒီတော့ ဒီငွေတွေကို မဖြစ်မနေ သုံးကို သုံးရမယ်ဆိုတဲ့အခါကျတော့ ကုသရေးလို ကိစ္စထက် အဆောက်အအုံဆောက်တဲ့ကိစ္စမျိုးတွေ၊ ဆေးရုံးကို Upgrade လုပ်တဲ့ကိစ္စ တွေမှာတင် ရပ်ကုန်ကော။ လူထုက သုံးက သုံး၏ – မရ ဖြစ်ကော။ အခု UNOCHA က ထုတ်တဲ့ ကိန်း ဂဏန်းတွေကို အဲဒါကို ပြနေတာပဲဗျ။ သုံးတာတွေ ရှိကောင်း ရှိမယ်၊ သို့သော် တကယ်လိုအပ်သူက သပ်သပ် ဖြစ်ပြီး အဲဒီသူတွေ လိုအပ်ချက်က အကြီးကြီး ဖြစ်နေတာ” လို့ ကိုထင် (အမည်လွှဲ) က ဆိုပါတယ်။

Comment မှာ အရှေ့တောင်အာရှနိုင်ငံများ၏ ကျန်းမာရေးအသုံးစရိတ်ဇယားနဲ့ ကျန်းမာရေး အသုံးစရိတ်အမြင့်ဆုံး(၁၀)နိုင်ငံ ဇယားကိုကြည့်ရှူနိုင်ပါတယ်

ကိုးကား – UNOCHA-Myanmar, World Population Review, World Bank

#အသုံးစရိတ်

#ဘက်ဂျက်

#ပြည်သူ့ကျန်းမာရေး

#နေရပ်စွန့်ခွာ

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement