Skip to content
Ads Advertisement

အပူဒဏ်နဲ့ အတူသတိထားရမယ့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ တစ်နှစ်ပြီးတစ်နှစ် ဆယ်စုနှစ်တစ်ခုပြီး တစ်ခုကျော်ဖြတ် လာချိန်မှာတော့ ရာသီဥတုပြောင်းလဲလာမှုတွေနဲ့ အတူပူနွေးလာတာ အေးခဲနေတဲ့ ရေခဲပြင်တွေ အရည်ပျော်ကျလာတာမျိုးအထိ ကြုံတွေ့လာနေရပါတယ်။ ဒီလိုပြင်းထန်လာတဲ့ ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ အပူချိန်မြင့်တက်လာခြင်းနှင့် ပြင်းထန်သော နေရောင်ခြည်ဒဏ်တို့ဟာ မလွဲမသွေ ဖြတ်သန်းနေရတဲ့ နွေရာသီအချိန်ကာလတစ်ခုကနေ နေ့ရက်တိုင်းနီးပါးဖြတ်သန်းရတဲ့ အခြေအနေမျိုး အထိ တစ်ဖြေးဖြေး ပြောင်းလဲလာနေခဲ့ပါပြီ။ လူအများစုဟာ အပူဒဏ်ကြောင့် နေရထိုင်ရအဆင်မပြေတာ အပူရှပ်တာ အပူကြောင့် နွမ်းနယ်ပြီးနေထိုင်မကောင်းဖြစ်တာကို သတိထားမိပြီး အဓိကထားလေ့ရှိကြပေမယ့် ပြင်းထန်တဲ့ နေရောင်ခြည်ကလာတဲ့ မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ခြိမ်းခြောက်မှုကိုတော့ သတိမပြုမိဘဲ လျစ်လျူရှုမိတတ်ကြပါတယ်။ မြင့်မားလာတဲ့ ခရမ်းလွန်ရောင်ခြည် ပမာဏဟာ သတိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာတာကို သတိပြုမိကြဖို့လိုအပ်ပါတယ်။

လွန်ခဲ့သော ရာစုနှစ်ထောင်စုနှစ်ပေါင်းများစွာကတည်းက ကမ္ဘာကြီးရဲ့လေထုအလွှာ (Stratosphere) အတွင်းမှာရှိတဲ့ အိုဇုန်းလွှာ(Ozone layer)ဟာ လူသားနဲ့ သက်ရှိတွေအပေါ် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ အဓိက သဘာဝအကာအကွယ် ဖြစ်ပါတယ်။ ဒီပါးလွှာတဲ့ အလွှာဟာ ခရမ်းလွန်ရောင်ခြည် (UV-B)အမျိုးအစား အများစုနှင့် (UV-C) အမျိုးအစား အားလုံးနီးပါးကို စုပ်ယူပေးခြင်းအားဖြင့် လူသားတွေနှင့် ဂေဟစနစ်အပေါ် ပြင်းထန်တဲ့ ဇီဝကမ္မပျက်စီးမှုတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ စက်မှုလုပ်ငန်းထွန်းကားမှုကနေ ထွက်ပေါ်လာတဲ့ ကလိုရိုဖလူရိုကာဗွန်(Chlorofluorocarbon-CFC) လိုမျိုး အိုဇုန်းလွှာကို ပျက်စီးစေတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုတို့ကြောင့် ဒီအကာအကွယ်အလွှာဟာ တဖြည်းဖြည်းပျက်စီးလာပြီး ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်စွမ်း လျော့ကျလာနေတဲ့အတွက် ခရမ်းလွန်ရောင်ခြည် အမျိုးအစားတော်တော်များများဟာ ကမ္ဘာမြေပြင်ပေါ်ကျရောက်လာပါတယ်။

ခရမ်းလွန်ရောင်ခြည် UV-A နဲ့ UV-B အမျိုးအစားဟာ သက်ရှိတွေရဲ့ အရေပြားအတွင်းကို ထိုးဖောက်ဝင်ရောက်ပြီး ထိခိုက်ပျက်စီးမှုတွေကို ကြီးကြီးမားမားဖြစ်ပေါ်စေပါတယ်။ ရလာဒ်အနေနဲ့ ကတော့ လူအများစုကြုံတွေနေရတဲ့ နေလောင်ခြင်း (Erythema)၊ အရေးအကြောင်းများ ထွက်ခြင်း (Photoaging)၊ တင်းတိပ်၊ မှဲ့ခြောက်များ (Melasma/Solar lentigines) ဖြစ်ပေါ်လာခြင်းတို့ဖြစ်ပါတယ်။ တစ်ချို့ ပြင်းထန်စွာ အရေပြားထိခိုက်တဲ့ အဆင့်အထိ ဖြစ်လာတဲ့လူတွေမှာတော့ ကင်ဆာအကြိုအဆင့် အရေပြားနာတွေ (Actinic keratosis) နဲ့ အသက်အန္တရာယ်ရှိသော Melanoma အပါအဝင် အရေပြားကင်ဆာ အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သုတေသနတွေအရ ၈၀ရာခိုင်နှုန်းသော အရေပြားကင်ဆာတွေဟာ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကနေ ဖြစ်တာကို တွေ့ရပါတယ်။

အခြားဆိုးကျိုးတွေကတော့ နေရောင်နှင့် ဓာတ်မတည့်တာ (PMLE-Polymorphous Light Eruption) အပြင် အရေပြားယောင်ရမ်းမှုဖြစ်စဉ်တွေ (Lupus and Rosacea) ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု ပိုမိုပြင်းထန်လာတဲ့အခါ အရေပြားရဲ့ ကိုယ်ခံအားစနစ် ကျဆင်းခြင်း တို့ကြောင့် ကူးစက်ရောဂါတွေကိုလည်း ခံနိုင်ရည် ပိုမို နည်းပါးစေပါတယ်။

မကြာသေးတဲ့နှစ်တွေမှာ ခရမ်းလွန် ရောင်ခြည် ထိတွေ့မှု ပိုမိုပြင်းထန်လာရတဲ့ အကြောင်းရင်းတွေ ရှိလာပါတယ်။ ပထမတစ်ခုကတော့ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့အပူချိန်မြင့်တက်မှုနှင့် လေထုအခြေအနေ ပြောင်းလဲမှုဖြစ်ပါတယ်။ မြန်မာနိုင်ငံလို အီကွေတာအနီးမှာရှိတဲ့‌ ဒေသတွေမှာတော့ သဘာဝအလျောက် တိမ်ကင်းစင်တဲ့အချိန်တွေမှာ ခရမ်းလွန် ရောင်ခြည်ထိတွေ့မှု ပိုမိုပြင်းထန်တတ်ပြီး လေထုအပြောင်းအလဲကလည်း ခရမ်းလွန်ရောင်ခြည်ရဲ့ တိုက်ရိုက်ထိတွေ့မှုနဲ့ ပြင်းထန်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ ဒုတိယတစ်ခုကတော့ လူနေမှုပုံစံနဲ့ အလုပ်အကိုင်ကလည်း နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုအပေါ်သက်ရောက်မှုရှိပါတယ်။ မြို့ပြမှာဆိုရင်တော့ ပြင်ပမှာရုန်းကန် လှုပ်ရှားနေရတတ်တဲ့ အလုပ်မျိုးတွေ (ဥပမာ ပစ္စည်းသယ်ယူပို့ဆောင်တဲ့အလုပ်မျိုး)မှာ ပိုပြီးနေရောင်ခြည်နဲ့ ထိတွေ့ရဖို့ရှိပြီး ကျေးလက်ဒေသတွေမှာတော့ စိုက်ပျိုးရေးသမားတွေနဲ့ တောင်သူလယ်သမားတွေဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတာ အချိန်အကြာကြီးထိတွေ့ရတာ တခြားသော အလုပ်အကိုင်လုပ်ရသူတွေထက်များပါတယ်။

ကျန်းမာရေး ရှုထောင့်အရကြည့်ရင်တော့ ကျွန်တော်တို့နိုင်ငံမှာ “အလွန်မြင့်မား”လာတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေ လိုအပ်ချက် ရှိနေဆဲဖြစ်ပါတယ်။ လူတစ်ဦးချင်းတစ်ယောက်ချင်းစီအနေနဲ့ကတော့ နေအပူအရှိန်ပြင်းထန်တဲ့အချိန်မှာ အပြင်ကိုထွက် တဲ့အခါ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ရန်အတွက် SPF 30 နဲ့အထက်ရှိတဲ့ နေလောင်ဒဏ်ကာကွယ်နိုင်တဲ့ခရင်မ်ကို ပုံမှန်အသုံးပြုဖို့လိုပါတယ်။ ဒါ့အပြင် မျက်စိနဲ့ အရေပြားနေလောင်တာမျိုးကနေ ကာကွယ်ဖို့အတွက် နေကာမျက်မှန်၊ ဦးထုပ်နဲ့ သက်တောင့်သက်သာဖြစ်စေတဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အဝတ်အစားတွေ ဝတ်ဆင်ဖို့လည်းလိုပါတယ်။ နေရောင်အပြင်းဆုံးအချိန် တွေဖြစ်တဲ့ (နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း) အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဌာနကထုတ်ပြန်တဲ့ သတင်းတွေကို စောင့်ကြည့်လိုက်နာဖို့ကလည်း အရေးကြီးပါတယ်။

အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်ရေးမှာ မူဝါဒတစ်ရပ်အနေနဲ့ကတော့ မြို့ပြဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းတွေမှာ အရိပ်ရသစ်ပင်တွေထည့်သွင်းစိုက်ပျိုးတာ၊ လူအများ နားနားနေနေ နေနိုင်မယ့် အရိပ်ခိုနိုင်မယ့် အဆောက်အဦလေးတွေ ထည့်သွင်းတည်ဆောက်တာမျိုးနဲ့ စက်ရုံအလုပ်ရုံတွေနဲ့ လုပ်ငန်းခွင်တွေမှာလည်း လုပ်ငန်းခွင်ဘေးကင်းရေးဆိုင်ရာဥပဒေတွေနဲ့ အတူ အပူဒဏ်ကာကွယ်ရေး စီမံချက်တွေပါ ထည့်သွင်းရေးဆွဲစေတာမျိုးအပြင် ကျန်းမာရေးမြှင့်တင်မှု အစီအစဉ်တွေမှာ သတိပြုရတော့မယ့် ခရမ်းလွန်ရောင်ခြည် အန္တရာယ်နဲ့ပတ်သက်ပြီး ပညာပေးတာမျိုး ထည့်သွင်းခြင်း တို့ကို လုပ်ဆောင်ဖို့လိုအပ်လှပါတယ်။

နေရောင်ခြည်ဟာ သက်ရှိနဲ့ သစ်တောသစ်ပင်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်မှာ ရှင်သန်နိုင်ရေးအတွက် မရှိမဖြစ်အရေးကြီးလှပါတယ်။ ဒါပေမယ့်လည်း လိုအပ်တာထက်ပိုပြီး ထိတွေ့ရင် ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့တွေဟာ အပူဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို သိရှိကြပေမယ့် ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ မသိမသာ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကိုတော့ သတိမမူမိခဲ့ကြပါဘူး။ ဒီဆောင်းပါးမှာတော့ နောင်ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် တဖြည်းဖြည်းနဲ့ ပြင်းထန်လာနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် အန္တရာယ်နဲ့ ပတ်သက်ပြီး သတိပြုလာနိုင်စေဖို့ အသိပေး နှိုးဆော်လိုက်ရပါတော့တယ်။

#ခရမ်းလွန်ရောင်ခြည်

#UV

#Ozone

References

World Health Organization. Ultraviolet (UV) radiation and the sun.

https://www.who.int/…/item/radiation-ultraviolet-(uv)

World Health Organization. Global Solar UV Index: A Practical Guide.

Centers for Disease Control and Prevention. Sun Exposure and Skin Cancer.

https://www.cdc.gov/cancer/skin/basic_info/sun-safety.htm

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement