• ရခိုင်ပြည်နယ်မှာ အူရောင်ငန်းဖျားရောဂါ အဖြစ်များနေပြီး ကူးစက်မှုနှုန်းလည်း တိုးလာနေတယ်လို့ ဒေသတွင်း ကျန်းမာရေးအသိုင်းအဝိုင်းကို ကိုးကားပြီး ဒေသအခြေစိုက် မီဒီယာတွေက ဖော်ပြနေပါတယ်။ ဒါဟာ ရာသီဥတု ပူပြင်းမှုနဲ့အတူ မသန့်ရှင်းတဲ့ အစားအစာ၊ ရေတို့ကို စားသောက်၊ သောက်သုံးတာကနေ ဖြစ်ပွားတာလို့ သိရပါတယ်။
• မကွေးတိုင်းထဲက မြို့တွေမှာ အပူချိန်မြင့်တက်လို့ ဧပြီ ၁၉ ရက်က တစ်ရက်အတွင်း သက်ကြီးပိုင်း နှစ်ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး တစ်ဦးကတော့ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။
• ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် နယ်စပ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောနဲ့ ပလက်ဝမြို့နယ်က ပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ လိုအပ်တယ်လို့ ဒေသအခြေစိုက် အာရက္ခ အုပ်ချုပ်ရေးအဖွဲ့ ပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
• မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာ သုံးရွာကို ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာမှာ ယားနာဝေဒနာရှင် ၆၁ ဦးကို ကုသပေးနိုင်ခဲ့တဲ့အပြင် ကိုယ်ဝန်ဆောင် ၇ ဦးကိုလည်း ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
• ကနဦး တုံ့ပြန်ကူညီသူတွေရဲ့ အသက်ကယ်စွမ်းရည် ပိုပြီး အားကောင်းလာစေဖို့ ပဋိပက္ခဒဏ်ခံနေရတဲ့ နေရာတွေမှာ ရှေးဦးပြုစုကုသပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို “လူနာ အခြေအနေ တည်ငြိမ်သည်အထိ အခြေခံပြုစုစောင့်ရှောက်မှုပေးခြင်း” သင်တန်းတစ်ခု ဆောင်ရွက်ပေးခဲ့တယ်လို့ မန္တလေးရှိ အိုင်စီအာရ်စီအဖွဲ့က ထုတ်ပြန်ထားပါတယ်။
• အရေးပေါ်အခြေအနေတွေမှာ ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာလူထုရဲ့ ကျန်းမာရေး၊ လူသားဂုဏ်သိက္ခာနဲ့ အဆင်ပြေပြေရှိမှုတို့ကို ကာကွယ်စောင့်ရှောက်နိုင်အတွက် ယာယီအမိုးအကာ၊ သင့်တော်လုံလောက်တဲ့ မိလ္လာစနစ်၊ အားထောက်လောက်တဲ့ လျှပ်စစ်မီးရရှိရေးဟာ အလွန်အရေးကြီးပြီး ရှမ်းပြည်နယ်၊ ညောင်ရွှေ၊ ပင်လောင်းနဲ့ ရပ်သစောက်က လူပေါင်း ၃,၂၀၀ ကျော် နားခိုနိုင်မယ့် စုပေါင်းနေထိုင်ရာ နေရာတွေ ဆောက်လုပ်ပေးထားတယ်လို့ ICRC က ထုတ်ပြန်ထားပါတယ်။
• အပူချိန်မြင့်တက်တဲ့ကာလထဲမှာ အပူဒဏ်ကာကွယ်နေထိုင်ရေးနည်းလမ်း၊ အပူဒဏ်ကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို WHO (မြန်မာ) က အသိပညာ မျှဝေပေးထားတယ်လို့ UN (မြန်မာ) ထုတ်ပြန်ထားပါတယ်။
• ရာသီဥတု ပြောင်းလဲမှုကြောင့် အပူချိန် မြင့်တက်လာတဲ့အခါ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ရက်အနည်းငယ် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ် နေထိုင်မိရုံနဲ့ မိမိ ကျန်းမာရေးသာမက ရင်သွေးငယ်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတာမို့ အထူးအရေးကြီးတယ်လို့ WHO (မြန်မာ) က သတိပေးထားပါတယ်။
• ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်တွေအတွက် ယူရို ၁၅ သန်း (ဘတ် သန်း ၅၇၀) ကို ထောက်ပံ့ပေးမယ်လို့ ဥရောပသမဂ္ဂ (အီးယူ)က ထုတ်ပြန်လိုက်ပါတယ်။ ဒီအကူအညီကို ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီနဲ့ ရတ်ချ်ဘူရီခရိုင်ထဲက မြန်မာဒုက္ခသည်စခန်း ၉ ခုကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကူအညီဟာ တာ့ခ်ခရိုင်ထဲရှိတဲ့ ဒုက္ခသည်စခန်းပြင်ပမှာ ယာယီခိုလှုံနေရတဲ့ မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေအတွက်ပါ အကျုံးဝင်မှာ ဖြစ်ပြီး ယူရိုနှစ်သန်းကိုတော့ ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းဖို့အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။
• ထိုင်းနိုင်ငံမှာ Melioidosis (မြေဆီလွှာကတဆင့် ကူးစက်ခံရခြင်း) ရောဂါ ကူးစက်ခံရသူ ၇၄၂ ဦးရှိပြီး ၂၃ ဦး သေဆုံးထားတယ်လို့ The Nation Thailand က အစိုးရထုတ်ပြန်ချက်တွေကို ကိုးကားပြီး ဖော်ပြထားပြီး ပြည်သူတွေ အထူးဂရုပြုဖို့ကိုလည်း ထိုင်းအစိုးရကလည်း သတိပေးထားပါတယ်။
• အလွန်သေးတဲ့ PM2.5 အမှုန်တွေဟာ အဆုတ်အတွင်းပိုင်းနဲ့ သွေးကြောထဲအထိ ရောက်နိုင်ပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို ဖြစ်စေကာ ရှိရင်းစွဲ အဆုတ်နဲ့ ဆိုင်တဲ့ရောဂါတွေကို ပိုပြီး ဆိုးဝါးစေတယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၊ ဆေးပညာဌာနက အသက်ရှူလမ်းကြောင်းနှင့် အရေးပေါ်လူနာစောင့်ရှောက်မှုဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ အာတီကွန် လင်းမ်ဆူကွန် က သတိပေးထားပါတယ်။
• စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ ရောဂါတွေလိုမျိုး စိတ်ကျန်းမာရေး အခြေအနေတွေကို ကုသရာမှာ စိတ်ပြောင်းလဲစေသောဆေးဝါး (Psychedelic drugs) တချို့ကို ပိုမိုအသုံးပြုနိုင်ဖို့အတွက် အမှုဆောင်အမိန့်တရပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဆေးဝါးတွေ ပိုရရှိနိုင်ဖို့လည်း ဖက်ဒရယ်ရန်ပုံငွေကနေ ဒေါ်လာ သန်း ၅၀ ချထားပေးသလို မှိုက ရတဲ့ ဆေးဝါး (Psilocybin) နဲ့ အာဖရိက အပင်တွေက ရတဲ့ဆေးဝါး (Ibogaine)တွေကိုလည်း အမြန်ဆုံး စိစစ်အတည်ပြုဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကလည်း ညွှန်ကြားထားပါတယ်။
• အရမ်းအေးတဲ့ အပူချိန်နဲ့ အစိုင်အခဲကို ဖျက်စီးပေးတဲ့ cryoablation နည်းလမ်းသစ်ကို ရင်သားကင်ဆာ ကုသရေးနည်းလမ်းသစ်အဖြစ် သမ်းသပ်နေပြီ ဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ဟာ မကြာခဏဆိုသလို outpatient ပုံစံနဲ့ပဲ လုပ်လို့ရတဲ့အတွက် ကုသမှုလုပ်ငန်းစဉ်ပြီးတာနဲ့ လူနာတွေဟာ အိမ်ပြန်လို့ရတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
• ထိုင်းနိုင်ငံမှာ ကီလိုမီတာ ၂,၀၀၀ ကျော်အကွာကနေ real-time ချိတ်ဆက်ပြီး robotic နည်းပညာနဲ့ နယ်စပ်ဖြတ်ကျော် ခွဲစိတ်မှုကို ပထမဆုံးအကြိမ် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ခဲ့တယ်လို့ ဧပြီ ၂၁ ရက်မှာ ထိုင်းအာဏာပိုင်တွေက တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ ဒီခွဲစိတ်မှုဟာ tele-robotic assisted surgery လို့ခေါ်တဲ့ နည်းပညာအသစ်တစ်မျိုးဖြစ်ပြီး ထိုင်းနိုင်ငံ Nopparat Rajathanee Hospital နဲ့ တရုတ်နိုင်ငံ Chengdu မြို့က West China Hospital တို့ကို ချိတ်ဆက်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ advanced medical technology တွေကို ကျန်းမာရေးစနစ်ထဲ ထည့်သွင်းအသုံးချဖို့ ကြိုးစားနေတယ်ဆို တာကို ပြသတာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီး Pattana Promphat က ပြောဆိုထားပြီး လူနာတွေရဲ့ ကုသမှုခံယူရဖို့ စောင့်ရတဲ့အချိန်ကို လျှော့ချနိုင်ပြီး အထူးကု ဆရာဝန်တွေကို လွယ်လွယ်ကူကူ လက်လှမ်းမီ ချိတ်ဆက်နိုင်ဖို့ ကူညီပေးမယ်လို့လည်း ပြောပါတယ်။
• ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးဖွားသူတွေကို ဆေးလိပ်ဝယ်ယူခွင့် တစ်သက်စာပိတ်ပင်တဲ့ ဥပဒေကြမ်းကို ဧပြီ ၂၂ ရက်မှာ ဗြိတိန်လွှတ်တော်က အတည်ပြုလိုက်ပြီး ဒါဟာ သမိုင်းဝင်တဲ့ ကျန်းမာရေးပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်ပြီး နိုင်ငံတွင်းမှာ ဝယ်ယူခွင့် ပိတ်ပင်တာ ဖြစ်ပါတယ်။
• အိပ်တဲ့အချိန် အသက်ရှူလမ်းကြောင်း ပိတ်တတ်တဲ့ ရောဂါကို ချူလာလောင်ကွမ်းတက္ကသိုလ်က ဆရာဝန်တွေက HGNS နည်းပညာအသစ်နဲ့ ခွဲစိတ်ကုသ အောင်မြင်ခဲ့ပြီး ဒီအောင်မြင်မှုဟာ အာရှမှာ လေးကြိမ်မြောက် အောင်မြင်မှုလည်း ဖြစ်ပါတယ်။
• နှာခေါင်းအတွင်းက Memory Cells တွေဟာ တုပ်ကွေးဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲ ဝင်လာချိန်မှာ နှေးကွေးစေတာမို့ ဗိုင်းရပ်စ်ပမာဏာကို လျှော့ချပေးနိုငသလို ရောဂါမပြင်းထန်အောင်လည်း ကာကွယ်ပေးနိုင်တယ်လို့ University of Gothenburg က လေ့လာမှုပြုလုပ်ပြီး ထုတ်ပြန်ထားပါတယ်။ ဒါဟာ အနာဂတ်မှာ ပိုပြီးထိရောက်တဲ့ တုပ်ကွေးကာကွယ်ဆေး ဖန်တီးပေးဖို့အတွက် လမ်းညွှန်ပေးနိုင်တယ်လို့ မျှော်လင့်ထားပြီး လက်ရှိအသုံးပြုနေတဲ့ တုပ်ကွေးကာကွယ်ဆေးတွေဟာ လက်မောင်းမှာ ထိုးရတဲ့ injection ပုံစံပဲ ရှိပါတယ်။ ဒီထိုးဆေးဟာ သွေးအတွင်းက ကိုယ်ခံအားစနစ်ကိုသာ အဓိက လှုံ့ဆော်ပေးတာဖြစ်ပြီး နှာခေါင်းကနေ ထည့်နိုင်တဲ့
ကာကွယ်ဆေးမျိုးဖန်တီးဖို့သုတေသနလုပ်သူတွေက ကြိုးစားနေပါတယ်။