Skip to content

သင်ခန္ဓာ ရေဓာတ်ခန်းလာပြီဆိုရင်

ရာသီဥတု ပူလို့ ကိုယ်တွင်းရေဓာတ် ခန်းခြောက်တာဟာ တကယ်တော့ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေပါ။ ဒီကနေ့လို ပူပြင်းတဲ့ကာလမှာဆိုရင် ဒါဟာ ပိုလို့တောင် သတိပြုရမယ့် ခြိမ်းခြောက်မှုပါ။ တကယ်တော့ ကိုယ်တွင်းရေဓာတ်ခန်းတဲ့ လက္ခဏာကို ခန္ဓာကိုယ်က ပြတတ်ပါတယ်။ မိမိကိုယ်၌က သတိမထား မိတတ်ကြတာပါ။ ရေဓာတ်ခန်းလာပြီဆိုရင် လူက အလွန်အမင်း ရေငတ်တာ၊ ဆီးသွားနည်းတာ ဒါမှမဟုတ် ဆီး အရောင်ရင့်လာတာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ မောပန်းတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ နှုတ်ခမ်းတွေ ခြောက်လာတာ၊ အရေပြားတွေ ခြောက်ပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲလာတာတွေက ရေဓာတ် ခန်းလို့ ပြတဲ့ လက္ခဏာတွေပါ။ နောက်တစ်ခုကတော့ နှလုံးခုန်နှုန်းက ပုံမှန်ထက် မြန်လာတတ်ပါတယ်။ ရေဓာတ်ခန်းတာက ပိုပြီးတော့ ပြင်းထန်လာမယ်ဆိုရင် လူက စိတ်ရှုပ်ထွေးပြီး ထိုင်းမှိုင်းလာမယ်၊ နောက်ဆုံး သတိ လစ်တာအထိ ဖြစ်တတ်ပါတယ်။ ကိုယ်အပူချိန် မြင့်တက်လာခြင်း၊ စိတ်ရှုပ်ထွေးထိုင်းမှိုင်းလာခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်လာခဲ့မယ်ဆိုရင် ရိုးရိုးရေဓာတ်ခန်းခြောက်မှုထက် အများကြီးပြင်းထန်တဲ့ အပူဒဏ်ကြောင့်လေဖြတ်ခြင်း (heat stroke) ဖြစ်နိုင်လို့ အရေးပေါ်ကုသမှုတွေတောင် လိုအပ်နိုင်ပါတယ်။နောက်ပြီး တခါတရံ အဖျားနည်းနည်း ဝင်တာကနေ ရုတ်တရက် အဖျားကြီး ပြီး တစ်ကိုယ်လုံး ပူလောင်လာတာအထိ ဖြစ်တတ်ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့အဆင့်ပါ။

တကယ်တော့ ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်တာဟာ ပြင်ပအပူတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်တွင်းအပူကြီးတာကို ဆုံးဖြတ်တဲ့အခါ ပတ်ဝန်းကျင်ကြောင့်ဖြစ်လာတဲ့ မြင့်မားတဲ့ အပူချိန်၊ လေထု စိုထိုင်း၊ လေတိုက်နှုန်းကျဆင်းမှု၊ မြင့်မားတဲ့ အပူဓာတ်ဖြာထွက်ခြင်းတွေကြောင့် ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေမှာ အပူကို ဖယ်ရှားနိုင်စွမ်း မရှိတော့တာ၊ နောက်ပြီး ပြင်ပက အပူရှရိမှုနဲ့ အပူချိန် ကျဆင်းမှုကို အဟန့်အတား ဖြစ်စေ တဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေကိုပါ ထည့်သွင်းတွက်ချက်လေ့ရှိပါတယ်။ ပြင်းထန်တဲ့ အပူဒဏ်ဟာ ကျန်းမာရေးကို ထိခိုက်စေတာဟာ ဇီဝကမ္မဆိုင်ရာအရ ထိခိုက်မှုလည်း ရှိသလို ထိတွေ့မှုလို့ ပြောရမယ့် Exposure Factors တွေလည်း ရှိပါတယ်။ Physiological Factors ဖြစ်တဲ့ ဇီဝကမ္မဖြစ်စဉ် ထိခိုက်မှုဟာ သက်ကြီးရွယ်အိုနဲ့ ကိုယ်လက်မသန်စွမ်းသူတွေ၊ ကျန်းမာရေးပြဿနာကြောင့် ကင်ဆာဆေးလို ပြင်းထန်ဆေးဝါး သောက်သုံးနေရသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေမှာ ဖြစ်စေတတ်ပါတယ်။ Exposure Factors ဆိုတဲ့ ထိတွေ့မှုနဲ့ ဆက်စပ်တဲ့ ထိခိုက်နိုင်သူတွေက ပြင်ပမှာ အလုပ်လုပ်ကြရတဲ့ လက်လုပ်လက်စား အလုပ်သမားတွေ၊ ပူပြင်းမှုကို ကာကွယ်နိုင်မှု မရှိတဲ့ အဆောက်အဦမှာ နေထိုင်ရသူတွေ၊ အိမ်ခြေရာမဲ့နဲ့ နေရပ် စွန့်ခွာနေရသူတွေ၊ အားကစားသမားတွေနဲ့ နေပူစပ်ခါး လူကြားထဲ အလုပ်လုပ်ကြရတဲ့ သတင်းထောက်လို လူတွေပါ။ နောက်တစ်ခုကတော့ အိမ်တစ်အိမ်ရဲ့ ချက်ပြုတ်ရေးတာဝန်ကို အဓိက တာဝန်ယူနေကြရတဲ့ အိမ်ထောင် ရှင်မတွေပါ။ သူတို့ဟာ မိသားစု နေ့စဉ်စားသောက်ရေးအတွက် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ နေရာမှာ မဟုတ်ပေမယ့်လည်း မီးဖို၊ ဂတ်စ်မီးဖိုက ထွက်တဲ့ လောင်စာအပူကလည်း ပြင်ပအပူလိုပဲ ပြင်းထန်တဲ့ ပူပြင်းမှု၊ ကိုယ်တွင်းရေဓာတ်ခန်းခြောက်မှု ပြဿနာတွေကို နိစ္စဓူဝ ရင်ဆိုင်နေရသူတွေပါ။

ဒါကြောင့် အခုလိုကာလ ပြင်ပအပူချိန် အရမ်းကို မြင့်မားနေတဲ့အချိန်မှာ အရင်ဆုံး လုပ်ဆောင်သင့် တာကတော့ ကိုယ်နေတဲ့ နေရာ၊ နေအိမ်ကို အေးနေအောင် လုပ်ဆောင်ဖို့ပါ။ နေအိမ်ပြင်ပ အပူချိန်က အိမ် ဒါမှမဟုတ် တိုက်ခန်းရဲ့ အပူချိန်ထက် နိမ့်နေတဲ့အခါ ညဘက်တွေမှာ အိမ်ပြတင်းပေါက်တွေကို ဖွင့်ထားပေးဖို့ လိုပါ တယ်။ နေ့ခင်းဘက် ပြင်ပအပူအချိန်က အတွင်းဘက် အပူချိန်ထက်မြင့်နေရင်တော့ ပြတင်းပေါက်တွေ ပိတ်ထား ပြီး နေရောင်ခြည် တိုက်ရိုက်မကျအောင် လိုက်ကာလိုဟာတွေနဲ့ ကာရံတာ၊ အိမ်တွင်း လျှပ်စစ်ပစ္စည်းအသုံးချမှုတွေ တတ်နိုင်သလောက် လျှော့ချတာ၊ မီးတွေ ပိတ်ထားတာမျိုး လုပ်ပေးရပါမယ်။ ဒီလို လုပ်တဲ့အခါ တချို့က လျှပ်စစ်ပန်ကာလိုဟာမျိုးကို အအေးဓာတ်ရဖို့ ဖွင့်ကြလေ့ရှိပါတယ်။ တကယ်တော့ ပန်ကာတွေဟာ အပူချိန် ၄၀ ˚C / ၁၀၄ ˚F အောက်မှာပဲ သုံးသင့်တာပါ။ အဲဒီအပူချိန်ထက် အခန်းအပူချိန်က မြင့်နေရင် ပန်ကာက ထွက် လာတဲ့လေပူတွေဟာ ခန္ဓာကိုယ်ကို ပိုပြီးတော့ ပူလောင်စေပါတယ်။ ကိုယ့်အိမ်မှာ လေအေးပေးစက် Air-con ရှိတယ်ဆိုရင်တော့ ၂၇ ˚C / ၈၁ ˚F သတ်မှတ်ပြီး ဖွင့်ပါ။ ဒါဟာ အခန်းရဲ့အပူအချိန်ကို လျှော့ချပြီး ၄ ˚C လောက် ပိုအေးလာစေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လမ်းညွှန်ထားပါတယ်။

ရေဓာတ် ခန်းခြောက်လို့ ဖြစ်လာမယ့် ကျန်းမာရေးအန္တရာယ်တွေကို ကာကွယ်ဖို့ဆိုရင် ကာကွယ်တာနဲ့ ဖြည့်တင်းတာ နှစ်ခုစလုံးကို လုပ်ဆောင်ရပါမယ်။ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဝေနဖို့ဆိုရင် အဓိကအားဖြင့် ရေများများသောက်ဖို့နဲ့ ရေဓာတ်ပါဝင်မှုနှုန်းမြင့်တဲ့ အစားအစာတွေကို စားသုံးပေးရမှာပါ။ “ရေများများ သောက်” ဖို့” ဆိုတဲ့နေရာမှာ ရေငတ်တာကို မစောင့်ဘဲ ပူပြင်းတဲ့နေ့တွေမှာ ရေကို မကြာခဏ ပုံမှန်သောက်ပေးသင့်ပါတယ်ရေငတ်ပြီလို့ ခံစားရတာနဲ့ ရေသောက်ရမှာပါ။ သောက်တဲ့အခါမှာလည်း တစ်နာရီကို ရေတစ်ခွက်နှုန်းနဲ့ တစ်နေ့ကို အနည်းဆုံး ၂ လီတာကနေ ၃ လီတာအထိ သောက်ပေးဖို့ လိုပါတယ်။ သာမန် သောက်ရေ၊ ရေသန့်လိုဟာတွေအပြင် ဓာတ်ဆားရည်၊ အုန်းရည်၊ ဖျော်ရည်လိုဟာမျိုးတွေ သောက်နိုင်ပါတယ်။ မသောက်သင့်တာကတော့ ကဖိန်းဓာတ် ပါတဲ့ ကော်ဖီနဲ့ လက်ဖက်ရည်လို အရာတွေလျှော့သောက်ဖို့၊ အရက်သောက်သုံးတာတွေကို ရှောင်ဖို့ လိုပါတယ်။ ပြီး ဒါတွေဟာ ရေဓာတ် ခန်းခြောက်မှုကို ပိုပြီး အားကောင်းစေနိုင်လို့ပါတယ်။ နောက်ပြီး သခွားသီး၊ ဖရဲသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ဆလပ်ရွက် စတဲ့ ရေဓာတ်များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ လိုပါတယ်။

နောက်တစ်ခုကတော့ အပူဒဏ်ကို ရှောင်ရှားနေထိုင်ဖို့ပါ။ အဓိက ကတော့ နေပူဒဏ်နဲ့ ပြင်ပအပူဒဏ်တွေကို တိုက်ရိုက်မထိစေမယ့် အေးမြတဲ့ နေရာတွေမှာ နေဖို့ဖိုပါ။ တတ်နိုင်မယ်ဆိုရင် အအေးဓာတ်ပေးနိုင်တဲ့ လေ အေးပေးစက်နဲ့ ပန်ကာ လိုမျိုး ရှိတဲ့အခန်းမှာ နေဖို့ လိုပြီး အပြင်ထွက်ရတဲ့အခါမှာလည်း အရိပ်ရတဲ့ နေရာတွေကိုရွေးပြီး သွားဖို့ လိုပါတယ်။ အပြင်ထွက်တဲ့အခါမှာလည်း ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာအပြင် မျက်စိကို ကာကွယ်နိုင်ဖို့ နေကာမျက်မှန်လိုဟာမျိုး တပ်သင့်ပါတယ်။ လိုအပ်လို့ အပြင်ထွက်ရရင်လည်း မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ နေရောင်ခြည်ပြင်းထန်တဲ့အချိန်တွေကိုရှောင်ပြီး ထွက်ကြဖို့ လိုပါတယ်။ နောက်ပြီး ပြင်ပအပူကို မစုပ်ယူနိုင်တဲ့ အရောင်ဖျော့တဲ့ အဝတ်အစားတွေ၊ လေဝင်လေထွက်ကောင်းတဲ့ ချည်သားလို အိင်္ကျီမျိုးတွေ ဝတ်ဆင်သင့်ပါတယ်။

နောက်ပြီး ကျန်းမာရေးအတွက်ဆိုပြီး ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားတာ၊ အားကစားလုပ်တာတွေ ကို တတ်နိုင်သမျှ လျှော့ချဖို့ လိုပါတယ်။ အထူးသဖြင့် ပြင်ပ အပူချိန် အရမ်းမြင့်နေတဲ့အချိန်မျိုးမှာဆို လုံးဝကို မလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့ လိုအပ်ချက်အရ ဒီလိုမျိုး ကိုယ်လက်လှုပ်ရှားရတာ၊ အားကစားလုပ်ရတာမျိုးကို မဖြစ် မနေ လုပ်ပေးရမယ်ဆိုရင်လည်း ရေဓာတ်ခန်းခြောက်နိုင်တဲ့ အန္တရာယ်ကို တွက်ဆပြီး တပြိုင်နက်တည်း လုပ်တာ မျိုးထက် မကြာခဏ အနားယူပြီး လုပ်ပေးတာ၊ ရေဓာတ်ပြန်ပြည့်အောင် ပြန်လည်ဖြည့်တင်းတာမျိုးကို လုပ်သင့် ပါတယ်။

အပူချိန်မြင့်တက်မှုကြောင့် ဖြစ်လာနိုင်တဲ့ ဒဏ်ကို လူကြီးတွေ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ပေမယ့် ကလေးငယ်တွေကတော့ သူတို့ဘာသာ မကာကွယ်နိုင်ကြပါဘူး။ ကလေးငယ်တွေကို အပူဓာတ်က ကာကွယ်ဖို့၊ ကိုယ်တွင်းရေဓာတ်ခန်းခြောက်မှုတွေ ဖဖြစ်စေဖို့ဆိုရင် နေရောင်ခြည်အပြင်းဆုံး အချိန်တွေမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ရှောင်ရှားနိုင်ဖို့ အရိပ်ရှိတဲ့ နေရာ ဒါမှမဟုတ် အိမ်တွင်းမှာပဲ ကလေးတွေ ထားကြဖို့ပါ။ WHO ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ အရိပ်ရတဲ့နေရာဟာ ကိုယ်ခံစားနေရတဲ့ အပူချိန်ကို ၁၀ ဒီဂရီစင်တီဂရိတ် ကျော်အထိ လျှော့ချပေးနိုင်ပါတယ်။

နောက်တစ်ခုကတော့ ကလေးတွေကို တွန်းလှည်းနဲ့ သယ်ဆောင်ရတဲ့အခါအပူသက်သာအောင်ဆိုပြီး ခြောက်သွေ့တဲ့အဝတ်အထည်တွေနဲ့ ဖုံးထားတာမျိုး မလုပ်သင့်ပါဘူး။ ဒါဟာ တွန်းလှည်းအတွင်း အပူချိန်ကို ပိုမြင့်တက်စေတာမို့ အဲဒီအစား စိုစွတ်ပြီး ပါးလွှာတဲ့အဝတ်တွေကို အသုံးပြုတာ၊ အဲဒီအဝတ် ခြောက်သွားရင် ပြန်ပြီး စိုစွတ်အောင် လုပ်ပေးတာမျိုး လုပ်သင့်ပါတယ်။ ကလေးတွေကို အဝတ်အ စားဝတ်ဆင်ပေးတဲ့အခါမှာလည်း ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားမျိုးကိုပဲ ဝတ်ဆင်ပေးဖို့ လိုသလို နေရောင်ခြည်ဒဏ်ခံနိုင်ဖို့ အနားကျယ်ဦးထုပ်တွေ ဆောင်းပေးတာ၊ ကလေးဝတ် နေကာမျက်မှန် တပ်ပေးတာ၊ နေလောင်ကာ ခရင်မ် လိမ်းပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

ကိုးကား – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)

#ပြင်ပအပူချိန်

#ရေဓာတ်ခန်း

#ကဖိန်းဓာတ်

#ကိုယ်ဝန်ဆောင်မိခင်

လူကြိုက်များသောဆောင်းပါးများ