ထိုင်းနိုင်ငံတွင်ဇန်နဝါရီလမှ ဧပြီလလယ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနာ ၇၃၂ ဦးအနက် ၂၃ ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ပြီးနောက်၊ ‘မြေတုတ်ကွေး’ ဟုလည်း လူသိများသည့် မီလီယွိုက်ဒိုးဆစ် (Melioidosis) ရောဂါအန္တရာယ်ကို သတိထားနေထိုင်၊လုပ်ကိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများကို သတိပေးနှိုးဆော်ထားသည်။
ဖြစ်ပွားမှုအများစုမှာ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပြီး တောင်သူလယ်သမားများမှာ ရောဂါကူးစက်နိုင်ခြေရှိသူများထဲတွင် ပါဝင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများ ပြောကြားသည်။
ရောဂါကူးစက်မှု အခြေအနေမှာ စိုးရိမ်ရသည့်အဆင့်တွင် ရှိနေဆဲဖြစ်သဖြင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပီရီဆီဝပ်တာနာ က ဧပြီ၁၈တွင် ပြောကြားသည်။
အဆိုပါရောဂါသည် မြေကြီးနှင့် ရေထဲတွင် အတွေ့ရများသော Burkholderia pseudomallei ဘက်တီးရီးယားကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရောဂါပိုးသည် ဒဏ်ရာများမှတစ်ဆင့်သော်လည်းကောင်း၊ ညစ်ညမ်းသော ဖုန်မှုန့်များကို ရှူရှိုက်မိခြင်း သို့မဟုတ် ညစ်ညမ်းသောရေကို သောက်သုံးမိခြင်းမှတစ်ဆင့်သော်လည်းကောင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။
ခွန်ကန် (Khon Kaen) ဒေသရှိ ရောဂါထိန်းချုပ်ရေးဌာနရုံး၏ အစီရင်ခံချက်အရ ၎င်းတို့ဇုန်အတွင်းရှိ ခွန်ကန်၊ မဟာသူရခမ်၊ ရွိုင်အက် နှင့် ကာလာစင် ပြည်နယ်များတွင် ယခုနှစ်အတွင်း ကူးစက်ခံရသူ ၆၈ ဦးနှင့် သေဆုံးသူ ၂ ဦး ရှိပြီဖြစ်ကာ၊ အသက် ၅၀ နှင့်အထက် လူများတွင် ရောဂါဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ကြောင်း မစ္စလာလီဒါက ပြောကြားခဲ့သည်။
ရောဂါလက္ခဏာများသည် ရုတ်တရက်ဖြစ်ပွားခြင်းမှသည် နာတာရှည်ဖြစ်ခြင်းအထိ ကွဲပြားနိုင်ပြီး ပြင်းထန်စွာဖျားခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် ဒဏ်ရာများ ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်းတို့ ပါဝင်သည်။ အကယ်၍ ဘက်တီးရီးယားပိုးသည် သွေးကြောထဲသို့ ရောက်ရှိသွားပါက ပြင်းထန်သော သွေးဆိပ်တက်ခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။
Photo:ဘန်ကောက်ပို့စ်