ဦးဘတစ်ယောက် ဒီတစ်လော ဘာလုပ်လုပ် မောပန်းနေပါတယ်။ လယ်သမားတစ်ယောက်ဖြစ်တဲ့ ဦးဘက သာမန်လှေကားအတက်အဆင်း လုပ်တာကိုတောင် မောပန်းနေတယ်လို့ ခံစားနေရပါတယ်။ ဘာစားစား ခံတွင်းလဲမမြိန်သလို တွေ့တဲ့လူတိုင်းကလည်း ဖြူဖတ်ဖြူရော်နဲ့လို့ ပြောနေကြပါတယ်။ ဒါပေမယ့်လည်း အလုပ်တွေကို မပစ်ထားနိုင်တာနဲ့ ပေါ့ပေါ့ဆဆနေလိုက်တာ ဆေးရုံတက်လိုက်ရပြီး သွေး ၂ လုံး သွင်းလိုက်ရပါတယ်။ အကြောင်းရင်းကတော့ အစာအိမ်ကနေ သွေးယိုစိမ့်ပြီး ကိုယ်ခန္ဓာမှာ သွေးအားအရမ်းနည်းသွားလို့ပါတဲ့။ ဆေးရုံအရောက်သာ ဒီထက်နောက်ကျခဲ့ရင် ဦးဘတစ်ယောက် အသက်မရှင်နိုင်တော့ဘူးလို့လဲ ပြောပါတယ်။ ဆရာဝန်တွေမေးမှပဲ ဦးဘလဲ ဝမ်းမည်းမည်း သွားနေတာကြာပြီဆိုတာကို သတိရပါတော့တယ်။ ဝမ်းမည်းမည်းသွားနေတာကို စောစောစီးစီး သတိထားခဲ့မိရင် ဦးဘတစ်ယောက် သွေးသွင်းဖို့ လိုချင်မှ လိုခဲ့မှာပါ။
စာဖတ်သူတို့လဲ ဦးဘလို ဝမ်းသွားတဲ့အခါ ပုံမှန်မဟုတ်ဘဲ ကတ္တရာစေးလို အမည်းရောင် စေးကပ်ကပ်ဝမ်းတွေ သွားနေတာမျိုး ကြားဖူးကြမှာပါ။ အဲ့ဒါကို ဆေးပညာအရ Melena stool လို့ ခေါ်ပါတယ်။ ဒါဟာ အစာအိမ် ဒါမှမဟုတ် အူလမ်းကြောင်း အပေါ်ပိုင်းမှာ သွေးယိုစိမ့်မှု တစ်ခုခု ရှိနေပြီလို့ ကိုယ့်ခန္ဓာကိုယ်က သတိပေးချက် ပေးနေတာပါ။
မစင် (ဝမ်း) ဆိုတာ အစာခြေပြီးကျန်တဲ့ အစားအစာအစိတ်အပိုင်းတွေ၊ ပရိုတင်းအချို့၊ ဘက်တီးရီးယားများ၊ ဆားနှင့် အူလမ်းကြောင်းက စွန့်ထုတ်တဲ့ အခြားဓာတ်ပစ္စည်းတွေ ပေါင်းစည်းဖြစ်လာတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ရဲ့ ဝမ်းအခြေအနေကို ကြည့်ပြီး အစာအိမ်နဲ့အူလမ်းကြောင်း လုပ်ဆောင်နိုင်မှု၊ အာဟာရဓာတ် စုပ်ယူနိုင်မှု၊ ရေဓာတ်လုံလောက်မှု၊ ရောဂါပိုးကူးစက်မှုရှိ/မရှိ နဲ့ ကျန်းမာရေးအခြေအနေကို ခန့်မှန်းသဘောပေါက်နိုင်ပါတယ်။ ပုံမှန်ဝမ်းဟာ ဝါညိုရောင်ဖြစ်ပြီး တစ်ဆက်တည်းရှိနေရပါမယ်၊ မမာလွန်းမပျော့လွန်းဘဲ ရှိနေရပါမယ်၊ တစ်နေ့ကို သုံးကြိမ်အထိသွားနိုင်သလို သုံးရက်မှ တစ်ကြိမ်သွားတာမျိုးကလည်း ပုံမှန်ပါပဲ။
သံဓါတ်ပါတဲ့အားဆေး၊ အမည်းရောင်ပါတဲ့ အစားအစာတွေ စားရင်လည်း ဝမ်းအမည်းသွားတတ်ပါတယ်။ ဒါပေမယ့် အစာအိမ် အူလမ်းကြောင်းမှာ သွေးယိုစိမ့်မှုဖြစ်ပြီး ဝမ်းအမည်းသွားတာက အားဆေး (သံဓါတ်) သောက်လို့ သွားတဲ့ အမည်းရောင်နဲ့ မတူပါဘူး။ Melena stool က အရောင်က အမည်းရောင်ရင့်ပြီး ကတ္တရာစေးလို စေးကပ်ကပ် ပျော့ပျော့ ဖြစ်နေတတ်သလို၊ အနံ့ကလည်း ပုံမှန်ထက် ပိုပြင်းပြီး ညှော်နံသလိုမျိုး ဖြစ်နေတတ်ပါတယ်။ ဒါဟာ အစာအိမ်ထဲက အက်စစ်နဲ့ သွေးနဲ့ ဓါတ်ပြုပြီး အရောင်ပြောင်းသွားတာကြောင့်ပါ။ အကယ်၍ ဝမ်းအမည်းသွားတာအပြင် နှပ်ထားတဲ့ ကော်ဖီရဲ့ အောက်မှာကျန်ခဲ့တဲ့ ကော်ဖီအနှစ်လိုအရောင်တွေ အန်တာ၊ မူးဝေတာ၊ ရင်တုန်တာမျိုး ဖြစ်လာရင်တော့ အချိန်မဆွဲဘဲ ဆေးရုံကို ချက်ချင်း သွားဖို့ လိုပါတယ်။
ဒီလို ဘာလို့ ဖြစ်ရတာလဲဆိုရင် အဖြစ်အများဆုံးကတော့ အစာအိမ်အနာ (Peptic Ulcer) ကြောင့်ပါ။ ကိုယ့်သဘောနဲ့ကိုယ် အကိုက်အခဲပျောက်ဆေးတွေ ခဏခဏ သောက်တာ/ရေရှည်စွဲသောက်တာ၊ အရက် အလွန်အကျွံ သောက်တာ ဒါမှမဟုတ် အစာအိမ်ပိုး (H. pylori) ရှိနေတာတွေကြောင့် အစာအိမ်မှာ အနာဖြစ်ပြီး အစာအိမ်ပေါက်တာမျိုး ဖြစ်တတ်သလို၊ အစာအိမ်သွေးကြောပေါက်ပြီး သွေးယိုစိမ့်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အစာစားချိန်မမှန်တာ၊ အပူအစပ်တွေ အလွန်အကျွံစားတာတွေကလည်း အစာအိမ်အနာဖြစ်စေဖို့ အားပေးပါတယ်။ ဒါ့အပြင် အစာရေမျိုပြွန် ရောင်တာ၊ ပြင်းပြင်းထန်ထန်အန်လို့အမြှေးပါးစုတ်ပြဲတာနဲ့ အသည်းရောဂါ နောက်ဆက်တွဲ ပြဿနာတွေကြောင့်လည်း အစာအိမ်နဲ့အူလမ်းကြောင်း သွေးယိုစိမ့်နိုင်ပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်တဲ့သူတွေမှာ အစာမစားတဲ့ပြဿနာ၊ အသည်းပြဿနာနဲ့ပေါင်းပြီး ဒီလိုဝမ်းမည်းမည်းသွားတာကို ပိုတွေ့ရပါတယ်။ တစ်ခါတလေကျရင် ဘာနာကျင်မှုမှ မရှိဘဲနဲ့လည်း သွေးယိုစိမ့်နေနိုင်တာမို့ “မနာရင် မစိုးရိမ်ရဘူး” ဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်တဲ့အခြေအနေပါ။
ဝမ်းမည်းမည်း သွားနေတဲ့သူမှာ ဖြစ်စေတဲ့ အကြောင်းအရင်းကို သေချာသိရအောင် အစာအိမ်မှန်ပြောင်း (Endoscopy) ကြည့်တာမျိုး လုပ်ရတတ်ပါတယ်။ ဆေးပညာတိုးတက်လာတာနဲ့အမျှ မှန်ပြောင်းကြည့်တာကို အိပ်ဆေးလေးပေးပြီး သက်သောင့်သက်သာ လုပ်လို့ရနေပြီဖြစ်တဲ့အပြင် မှန်ပြောင်းကြည့်ရင်း သွေးယိုစိမ့်မှုဖြစ်နေတဲ့နေရာကို တိုက်ရိုက်ကုသတာ (သွေးကြောပိတ်တာ၊ ကလစ်ညှပ်တာစသဖြင့်) တွေပါ တစ်ခါတည်း လုပ်လို့ရပါတယ်။ အရေးကြီးတာက သွေးထွက်တာ ရပ်သွားရင်တောင် ဆရာဝန်ပေးတဲ့ အစာအိမ်ဆေးတွေကို ရက်ပြည့်အောင် သောက်ဖို့နဲ့ မိမိသဘောနဲ့မိမိ အကိုက်အခဲပျောက်ဆေးတွေ ပြန်မသောက်ဖို့ပါပဲ။ အစာကို အချိန်မှန်စားခြင်း၊ အရက်ရှောင်ခြင်း၊ အပူအစပ်ရှောင်ခြင်း စတာတွေကလဲ အစာအိမ်ကနေ သွေးပြန်မယိုစိမ့်စေဖို့ အထောက်အကူပြုမှာပါ။
ခန္ဓာကိုယ်ဟာ အလွန်တိကျတဲ့ ယန္တရားနဲ့ လည်ပတ်နေတာပါ။ ခန္ခာကိုယ်မှာ အမှားအယွင်း တစ်ခုရှိပြီဆိုရင် အကြောင်းအရာ တစ်ခုခုနဲ့ သတိပေးလေ့ရှိပါတယ်။ ကိုယ့်ခန္ဓာကိုယ်က ပေးတဲ့ သတိပေးချက်ကို အလေးထားပြီး စောစောစီးစီး ဆေးကုသမှု ခံယူရင် အမြန်ဆုံး ပြန်ကျန်းမာလာမှာပါ။ ခန္ဓာကိုယ်ကို စောင့်ကြည့်တယ်လို့ ဆိုတဲ့အခါ နေလို့ကောင်းခြင်း၊ မကောင်းခြင်းနဲ့ပဲ မဆုံးဖြတ်ဘဲ အပြင်ပန်းသွင်ပြင်လက္ခဏာ၊ ဆီး၊ ဝမ်း စတာတွေကိုပါ စောင့်ကြည့်ရပါမယ်။ ဒါကြောင့် ဝမ်းအရောင်က ထူးထူးခြားခြား မည်းနေပြီဆိုရင် နေလို့ကောင်းနေရင်တောင် ဆရာဝန်နဲ့ တစ်ခါလောက် တိုင်ပင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။