အိမ်ဦးနတ်ရဲ့ သောက
ကိုစိုင်း -ရေးသည်။
နယ်မြို့လေးတစ်ခုအခြေစိုက် ဒေသတွင်းသတင်းဂျာနယ်မှာအယ်ဒီတာလုပ်တဲ့ ကိုစိုးအောင်အတွက် ကံကြမ္မာအလှည့်အပြောင်းက ၂၀၂၁ စစ်အာဏာသိမ်းပြီး ခြောက်လအကြာမှာ စခဲ့ပါတယ်။
စစ်ကောင်စီတပ်က သတင်းတိုက်ကိုနှစ်ကြိမ်တိုင်ဝင်စီးနင်းရှာဖွေပြီးနောက်မှာ သတင်းတိုက် ဆက်လက်လည်ပါတ်ဖို့မဖြစ်နိုင်တော့ဘဲ ဂျာနယ်ဘုတ်အဖွဲ့ဆုံးဖြတ်ချက်ကြောင့် သတင်းစာရပ်နားခဲ့ရတယ်။
ပထမအကြိမ်ဝင်စီးနင်းကတည်းက ကိုစိုးအောင်ကံကောင်းစွာလွတ်မြောက်ခဲ့ပြီး ကျေးရွာတစ်ခုမှာ မိသားစုလိုက် တိမ်းရှောင်ခဲ့ကြတယ်လို့ ပြောပါတယ်။
သုံးနှစ်အရွယ် သမီးနဲ့ ရှစ်နှစ်အရွယ်သားတို့ရဲ့ဖခင် ကိုစိုးအောင်တို့ မိသားစုဟာ သုံးလကြာ ကျေးလက်မှာ နေထိုင်ရင်း ပုံမှန်ဝင်ငွေမရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် မြို့က အိမ်ကိုပြန်ခြေချခဲ့ကြရပါတယ်။ သူ့ကို အမှုဖွင့်လှစ်ထားတာမရှိဘဲ စောင့်ကြည့်အဆင့်သာရှိတယ်လို့ မိတ်ဆွေအချို့ဆီက သတင်းရလို့ စိုးတထိတ်ထိတ် မရဲတရဲနဲ့ ပြန်လာခဲ့တာလို့ဆိုပါတယ်။
” ထိုင်စားနေလို့မဖြစ်ဖူး၊မိသားစု ဝမ်းရေးအတွက် အလုပ်တခုခု လုပ်ဖို့ မြို့ပေါ်ပြန်တက်လာခဲ့ရတာ “လို့ ကိုစိုးအောင်ကပြောပါတယ်။
မိသားစုက ကိုစိုးအောင်ရဲ့ ဝင်ငွေတခုတည်းကိုပဲ မှီခိုလာခဲ့တာပါ။ အိမ်ထောင်သက်၁၄နှစ်အတွင်း ခြစ်ချုပ်စုထားတဲ့ငွေလေးရင်းနှီးပြီး အာဏာသိမ်းဖြစ်စဉ်မတိုင်မီ တစ်လခန့်က သူ့ဇနီးအတွက် ဖိနပ်ဆိုင်တစ်ဆိုင် ဖွင့်ပေးခဲ့ပါတယ်။ ဇနီးသည်ရဲ့ ပထမဆုံး ကိုယ်ပိုင်လုပ်ငန်းလေးဖြစ်လာဖို့ ဆိုင်ခန်းတစ်နှစ်စာ စာချုပ်ချုပ်ပြီး ရင်းနှီးငွေသိန်း ၁၅၀ လောက်နဲ့ ဖွင့်ခဲ့ကြတာပါ။
“မိန်းမက ကလေးတွေ နည်းနည်းကြီးလာတော့ အိမ်ဗာရီရအလုပ်တွေ မရှုပ်တော့လို့ သူ့ကိုယ်ပိုင်လုပ်ငန်းလေး ဇောက်ချလုပ်တော့မယ်လို့ စိတ်ကူးယဉ်ကောင်းတုန်း ဆိုင်ကပိတ်လိုက်ရတာ၊ ဆိုင်ခန်းရှိတဲ့ လမ်းကို စစ်တပ်ကအထိုင်စခန်းချ ပိတ်ဆို့ လိုက်တော့ ပစ္စည်းတွေလည်း ရသလောက်နဲ့ သယ်ပြီးပြန်ရောင်းလိုက်ရတယ်၊ အမျိုးသမီးက အဲဒီကတည်းက သူ့အိမ်မက်လေး သွားပြီဆိုပြီး စိတ်ဓာတ်ကျပြီး ရွှင်ရွှင်ပြပြ မရှိတော့တာ” လို့ ကိုစိုးအောင်က ရင်ဖွင့်ပါတယ်။
လေးဘက်နာရောဂါသည်ဖြစ်တဲ့ ဇနီးသည်ဟာ ခန္ဓာကိုယ်ပင်ပန်းတဲ့အလုပ်တွေမလုပ်နိုင်ပါဘူး၊ စိတ်ဓာတ်ကျတာပါ ပိုလာတော့ နေ့စဉ်အားပေးနှစ်သိမ့်နေရတယ်လို့ ဆိုပါတယ်။
ရှစ်နှစ်အရွယ်သားကြီးရဲ့ ကျောင်းပညာရေးကလည်း ကိုဗစ်ကပ်ရောဂါကတည်းကစပြီး အာဏာသိမ်းကာလ လှုပ်ရှားမှုတွေကြောင့် တတိယတန်းအဆင့်နဲ့ ရပ်နေခဲ့တာပါ။ အငယ်ဆုံး သမီးကလည်း မူကြို ကျောင်းထားရမယ့်အရွယ်ရောက်ပေမယ့် မထားနိုင်ခဲ့ပါဘူး။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်ရောဂါကူးစက်ပျံ့ပွားနှုန်းတွေများတဲ့ အချိန်မှာတော့ ကိုစိုးအောင်တို့ တမိသားစုလုံးလည်း အများနည်းတူ ကိုဗစ် ကူးစက်ခံရပြီး ဆေးကုသဖို့အတွက် မိတ်ဆွေတွေထံက ငွေချေးယူခဲ့ရတယ်လို့ ကိုစိုးအောင်က ပြောပါတယ်။ “တအိမ်လုံးဖျားတော့ ဆေးစရိတ်နဲ့ ကလေးငယ်တွေ ဓာတ်စာစရိတ်ပါ လိုတော့ တခါမှ ငွေမချေးစဖူး ချေးခဲ့ရတာ “လို့ ရင်ဖွင့်ပါတယ်။
ကျန်းမာရေးပြန်ကောင်းတော့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ မှာယူ ရောင်းချရာကနေ မိတ်ဆွေအပေါင်းအသင်းပေါတဲ့ သူ့အတွက် ငွေဝင်မယ့်လမ်းစ တွေ့လာတယ်လို့ဆိုပါတယ်။
“ဝိုင်းအားပေးကြတော့ အဲဒီကနေစပြီး တခုခုပြီးတခုရောင်းရင်း အွန်လိုင်းစျေးသည် ဖြစ်မှန်းမသိဖြစ်ခဲ့တာပဲ ” လို့ ကိုစိုးအောင်က ရယ်ပြီးပြောပါတယ်။
ထိုင်းနိုင်ငံထုတ် မုန့်ပုံးတွေကိုနယ်စပ်က သယ်ပြီးရောင်းရာမှာလည်း လမ်းက စစ်တပ်ဂိတ်တွေက ဖွင့်ဖေါက်စစ်ဆေးတာတွေကြောင့် မုန့်ပုံးတွေ အပျက်အစီးများတဲ့ အခေါက်ဆို အရင်းငွေ ပြန်ရအောင် လျော့စျေးနဲ့ ရောင်းချရတာတွေလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။
ကိုဗစ်နောက်ဆက်တွဲ အနေနဲ့ သူ့ဇနီးရော ကလေးတွေက ခဏ ခဏဖျားတာကြောင့် သုံးလတကြိမ် ဆေးစစ်၊ လိုအပ်တဲ့ဆေးတွေ ဝယ်သောက်နေရတာကလည်း အိမ်စရိတ်နဲ့အတူ ကုန်နေတာလို့ ဖွင့်ဟပါတယ်။
နှစ်တိုင်း ကလေးတွေကို ထိုးပေးနေကြ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကလည်း စစ်အာဏာသိမ်းပြီး ငွေကြေးဖောင်းပွမှုဂယက်တွေကြောင့် စျေးတွေတက်လို့ မထိုးပေးနိုင်တော့ဘူးလို့ ကိုစိုးအောင်က ညည်းတွားပါတယ်။
“မိုးတွင်းဆို သွေးလွန်တုပ်ကွေးရော၊ ရာသီတုပ်ကွေးရော လန့်နေရတာ၊ ဆေးရုံမှာက ဆရာဝန်ကြီးတွေလည်းမရှိဘူး ကြားထားတော့ ပိုဆိုးတယ်၊ညမထွက်ရ အမိန့်ရှိတော့ ညပိုင်းအရေးပေါ် တခုခု ထဖြစ်ရင် လူနာတင်ကားခေါ်ဖို့ကိုမလွယ်တာလေ ” လို့ ပြောပါတယ်။
သားအကြီး ပညာရေးအတွက် စစ်ကောင်စီလက်အောက်ကျောင်းတွေမှာ ထားဖို့ အဆင်မပြေတာကြောင့် အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ကဖွင့်လှစ်တဲ့ အွန်လိုင်းကျောင်းတွေမှာထားဖို့ သူတို့ ဇနီးမောင်နှံ စီစဉ်ခဲ့ကြပါတယ်။
အဲဒီကျောင်းကို ဦးစီးသူတွေဟာ စစ်ကောင်စီရဲ့ ရှာဖွေဖမ်းဆီးခြင်းခံရပြီး ကျောင်းသား မိဘတွေ ကိုယ်ရေးအချက်တွေ ပေါက်ကြားတာကြောင့် ဖုန်းမတ်ဆေ့ ပေးပို့ပြီး ငွေညှစ်တာလည်း ခံရတယ်လို့ဆိုပါတယ်။
“ကျောင်းလေးတက်ခွင့်ရလို့ ကလေးတွေအတွက် စိတ်အေးမယ်မှတ်တာ၊ ကိုယ့်အချက်အလက်တွေ စကစ ဆီ မပို့စေချင် ငွေသုံးသိန်းလွှဲပါဆိုပြီး ခြိမ်းခြောက်ခံရတယ်၊ နဂိုတည်းက သတင်းသမားဟောင်းမို့ ရာဇဝင် လူဆိုးလို ကျီးလန့်စာစားနေရပါတယ်ဆို။ ညညဆို အိမ်ရှေ့ လူဖြတ်ရင်ကိုကြောက်နေရတာ၊ ထပ်ရှောင်ဖို့လည်း ငွေကြေးအင်အားက မရှိဘူးလေ “လို့ ဖွင့်ဟပါတယ်။
ကလေးတွေရဲ့ ပညာရေးကို သူတို့ကပဲ အိမ်မှာ အဓိကသင်ပေးပြီး ရပ်ကွက်ထဲမှာ ခိုးဖွင့်နေရတဲ့ CDM ဆရာမ ဆီမှာပါ ကျူရှင်ပုံစံ တက်ခိုင်းထားတယ်လို့ပြောပါတယ်။
“ပုံမှန်ဆိုသားကြီးက ခုနှစ်တန်းရောက်ရမှာပေါ့၊ ခုတော့ သုံးတန်းနဲ့ ရပ်နေတာ၊ ကြားထဲတော့ အတန်းစာနဲ့ အင်္ဂလိပ်စာကို အပြင်ကနေပဲ သင်နေရတာ “လို့ ဆိုပါတယ်။
ဒီကြားထဲ ဇနီးသည်ရဲ့ ကျေးရွာက မိဘများနေအိမ်ကို စစ်တပ်ကို နှစ်ကြိမ်တိုင် မီးရှို့ခဲ့တာကြောင့် စိတ်ဓာတ်ပြိုလဲနေတဲ့ မိန်းမကို အားပေးရင်း အိမ်မှုကိစ္စတွေပါ ကူညီလုပ်ကိုင်ပေးရင်း နေ့စဉ်ဘ၀ကို ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။
“သူက ဖေ့စ်ဘွခ်ပေါ် မှာ သူ့ခံစားချက်တွေ ပေါက်ကွဲပြီး ဟိုကောင်(စစ်ကောင်စီ)တွေကို ဆဲတဲ့ပို့စ်တွေ ကြုံရင်ကြုံသလို တင်နေတော့ သူ့ကိုလည်းအပြစ်မတင်ပါဘူး။ တခါတလေ အင်တာနက်လိုင်းတောင် မရပါစေနဲ့ဆုတောင်းတော့တာ၊ သူက သတင်းပေ့ချ်တွေကနေ ရှယ်လိုက်၊ ဆဲလိုက်နဲ့မို့၊ သူ့ဖေ့စ်ဘွခ်ကနေ တဆင့် ကိုယ့်ကို ရဲတွေကခြေရာခံပြီး အကြောင်းမရှိအကြောင်းရှာ ဖမ်းမှာစိုးလို့ သူ့ကို Friendကို မလုပ်ပဲ ထားရတယ်”လို့ ရယ်သံတဝက်တပြတ်နဲ့ ကိုစိုးအောင်က ပြောပါတယ်။
လတ်တလောမှာတော့ သူ့ဇနီး စိတ်ကျန်းမာရေးနဲ့ လူမှုကွန်ရက်အသုံးပြုမှုလျော့ချစေချင်တာကြောင့် အမျိုးသမီးသီးသန့် Gymတခုမှာ တစ်နှစ်စာ mကြေးသွင်းပြီး ခေတ်ဆိုးကြီးကို မျက်စိမှိတ်ကျော်ဖြတ်ထားစေတယ်လို့ ဆိုပါတယ်။
ကလေးတွေကိုလည်း မိုလ်ဘိုင်းဖုန်းတလှည့်၊ကာတွန်းစာအုပ်တလှည့်ပေးဖတ်ပြီး ညအချိန်တွေမှာ မိသားစုလိုက် ပျော်စရာကစားနည်းတွေဖန်တီးပြီး အချိန်တွေကိုဖြုန်းနေရတာ လို့ ရင်ဖွင့်ပါတယ်။
အာဏာသိမ်းကာလ သုံးနှစ်ကျော်အထိ တော်လှန်မှုအင်အားကောင်းတဲ့ နယ်မြို့လေးမှာ ရေပြတ်လိုက်၊မီးပျက်လိုက်၊ ကုန်စျေးနှုန်းတက်လိုက်၊ စိတ်မလုံခြုံမှု၊ စိတ်ဓာတ်ကျမှုတွေ ကို အများသူငှာ အတူတူတကွ ခါးစည်းခံရင်းလို့ လာမယ့်အနာဂတ်ကာလကို ယခုလိုပဲ ကိုစိုးအောင်က အားတင်းပြောပါတယ်။
” တကယ်လို့ စစ်ပြေးရရင်တောင် ကလေးတွေနဲ့ ကလေးတို့အမေ ကို ရင်ဆိုင်ရဲအောင် စိတ်ခွန် အားပေးထားတယ် “