• ပုံမှန်အတိုင်း သားသမီး မရနိုင်တဲ့ ဇနီးမောင်နှံ ၁၂ ခုအတွက် ၂၀၂၆ ခုနှစ် ဧပြီနဲ့ မေလအတွင်းမှာ ဖန်ပြွန်သန္ဓေသားနည်းသုံးပြီး ကလေးရနိုင်ဖို့ ဆောင်ရွက်ထားပေးတယ်လို့ ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံးကနေ သိရပါတယ်။
• ပဋိပက္ခဒဏ်ခံနေရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတချို့မှာ ဆေးရုံနဲ့ ဆေးခန်း အလှမ်းဝေးတဲ့ ဒေသခံပြည်သူတွေဟာ အရေးပေါ်ကျန်းမာရေးအခြေအနေ အခက်အခဲတွေကို ရင်ဆိုင်နေရတာကြောင့် ကူညီနိုင်ဖို့အတွက် လူထုအခြေပြု ကနဦးတုံ့ပြန်အကူအညီပေးနေသူတွေကို “လူနာအခြေအနေ တည်ငြိမ်စေရေးနှင့် စောင့်ရှောက်မှု အဆင့်မြင့်သင်တန်း” ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ ICRC (မြန်မာ) က ထုတ်ပြန်ထားပါတယ်။
• ကမ္ဘာတစ်ဝှမ်း ၂၀၀၈ ခုနှစ်အတွင်း ထွက်ရှိတဲ့ ဆေးလိပ်သောက်ခန်းပါတဲ့ ရုပ်ရှင်တွေရဲ့ ထက်ဝက်လောက်ဟာ လူငယ်တွေကို ပစ်မှတ်ထားထားတာဖြစ်ပြီး ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ နီကိုတင်းကုမ္ပဏီတွေက သူတို့ထုတ်ကုန်တွေကို လူငယ်တွေ သုံးလာအောင် ဆွဲဆောင်ဖို့အတွက် ရုပ်ရှင်နဲ့ ဖျော်ဖြေရေး တီဗီအစီအစဉ်တွေကို အခကြေးငွေပေးပြီး လုပ်ဆောင်စေခဲ့တာဖြစ်တယ်လို့ WHO Myanmar က ထုတ်ပြန်ထားပါတယ်။ ဒါဟာ ဆေးလိပ်သောက်တာကို ပုံမှန်အရာအဖြစ် ဖော်ပြပေးတာဖြစ်လို့ လူငယ်တွေအပေါ် ဆိုးကျိုးဖြစ်စေတယ်လို့လည်း ထောက်ပြထားပါတယ်။
• ၂၀၂၆ ခုနှစ် မေလအတွင်းမှာ ပြည်သူတွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသ ဌာန (ICU) သုံး စက်ပစ္စည်းမျာအတွက် ကျပ် သိန်း ၁,၀၀၀ နဲ့ နှလုံးခွဲစိတ်ဌာနအတွက် ကျပ်သိန်း ၄၀၀ လှူဒါန်းမှုအပေါ် အထူးကျေးဇူးတင်ကြောင်းနှင့် နေ့စဉ် လူနာများအတွက် ထမင်းဗူး ၇၀၀ မှ ၁,၅၀၀ ကြား လှူဒါန်းပေးနေသာ အလှူရှင်များကိုလည်း ကျေးဇူးတင်ကြောင်း ဆေးရုံက ထုတ်ပြန်ထားသည်။
• ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်းရှိ “ဖြူစင်စိတ်ထား ပရဟိတနှလုံးသာ (ရန်ကုန်) ဆေးခန်း” က ဆေးဝါးစျေးနှုန်းနှင့် ကုသစရိတ်မြင့်တက်မှုဒဏ် ခံနေရသူများအတွက် နံနက်ပိုင်းမှာ အထွေထွေရောဂါနှင့် အရိုးအကြောရောဂါ၊ ညနေပိုင်းမှာ အထွေထွေရောဂါ (သီးသန့်) ကို ဆေးဖိုးနှင့် ကုသစရိတ် အခမဲ့အဖြစ် လူမျိုးဘာသာမရွေး ကုသပေးလျက်ရှိပြီး သွားနှင့် ခံတွင်းဝေဒနာရှင်များအတွက် သီးသန့် သွားဆေးခန်းဖွင့်ပြီး ကုသပေးနေပါတယ်။
• ရန်ကုန်တိုင်းတွင်း မြို့နယ်အားလုံးမှာ မိုးရွာသီတွင်း ဖြစ်တတ်တဲ့ ရောဂါတွေ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်တဲ့ လှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
• ပုဂ္ဂလိက ဆေးခန်းတွေမှာ ထိုးပေးနေတဲ့ တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ဟာ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်ခဲမှုကို ဖြစ်စေတဲ့ ရာသီတုပ်ကွေးဖြစ်မှုကို လျှော့ချပေးပေမယ့် ကလေးတွေအတွက် အန္တရာယ်များပြီး ခြင်ကိုက်ရာကနေ ဖြစ်တဲ့ သွေးလွန်တုပ်ကွေးကို လုံးဝမကာကွယ်နိုင်တာကြောင့် သတိထားသင့်တယ်လို့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံးကြီးက ထုတ်ပြန်ထားပါတယ်။
• အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ပြင်းထန်နေတဲ့ ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံက လာသူတွေ၊ အဲဒီနိုင်ငံတွေကို ဖြတ်သန်းလာသူတွေအနေနဲ့ နိုင်ငံထဲ ဝင်လာရင် ၁၂ ရက်ကြာ အသွားအလာ ကန့်သတ်မှု (Quarantine) လုပ်ခံရမယ်လို့ ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။ အီဘိုလာ ကူးစက်မှုအတွင်း သံသယဖြစ်ဖွယ်သေဆုံးသူ ၂၂၀ ဦးအထိ ရှိပြီး ကူးစက်မှုမြန်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်က ပြောဆိုထားပါတယ်။
• ငှက်ဖျားရောဂါကာကွယ်ဆေး tafenoquine (pTQ) ကို ကလေးတွေမှာ အသုံးပြုနိုင်တယ်လို့ ထိုင်းနိုင်ငံက အတည်ပြုလိုက်ပြီး ဒီဆေးဟာ တစ်ကြိမ်တည်းသာ သောက်ရတဲ့ ပျော်ဝင်ဆေး အမျိုးအစားပုံစံဖြစ်ကာ အသက် (၂) နှစ်နှင့်အထက် ကလေးတွေမှာ Plasmodium vivax (P. vivax) ငှက်ဖျားပြန်ဖြစ်တာကို ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ အခုလို အတည်ပြုတာကြောင့် ထိုင်းနိုင်ငံဟာ ဘရားဇီးနိုင်ငံနောက်ပိုင်း ဆေးကို နိုင်ငံတော်လမ်း ညွှန်ချက်ထဲ ထည့်သွင်းတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။
• ရာသီဥတု ပြောင်းလဲမှုဒဏ်နဲ့ နိုင်ငံတကာ အကူအညီလျှော့ချမှုတွေကြောင့် ဇင်ဘာဘွေနိုင်ငံမှာ ငှက် ဖျားရောဂါဖြစ်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာနေတယ်လို့ အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြထားပါတယ်။
• တရုတ်နိုင်ငံ Bai လူမျိုးစုတွေရဲ့ ရိုးရာဆေးဖက်ဝင်ဖြစ်တဲ့ မုန်လာဥနီ မျိုးရင်းဝင် Vicatia thibetica de Boiss (V. thibetica) အပင်ဟာ ခန္ဓာကိုယ် အားဖြည့်ပေးတာ၊ သွေးအားကောင်း စေတာ၊ စိုစွတ်မှုဒဏ် လျော့ချပေးတာ၊ ယားယံမှုကို သက်သာစေတာအပြင် အိုမင်းရင့်ရော်မှုကိုပါ လျော့ချနိုင်တဲ့ အာနိသင်ရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ Acta Materia Medica ဂျာနယ်ရဲ့ သုတေသနစာတမ်းအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။